Headlines News :
Home » » ရခိုင်နဲ့ အာသံအရေးဆန္ဒပြပွဲမှာ အကြမ်းဖက်မှု ဖြစ်ပြီး သတင်းသမားတွေ ရိုက်ခံရ

ရခိုင်နဲ့ အာသံအရေးဆန္ဒပြပွဲမှာ အကြမ်းဖက်မှု ဖြစ်ပြီး သတင်းသမားတွေ ရိုက်ခံရ

Written By လွင့်မောင်မောင် on Sunday, August 12, 2012 | 6:32 PM



ဧရာဝတီ blog

မွန်ဘိုင်းမြို့က Azad Maidan အရပ်မှာ စနေနေ့နေ့လည်က ဆန္ဒပြကြရင်းက အကြမ်းဖက်မှုတွေဖြစ်သွားတာကြောင့် သတင်းသမားတွေအပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ၊ ဘေးကရပ်ကြည့်သူတွေ သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ပါတယ်။
Azad Maidan ဆိုတဲ့နေရာက မွန်ဘိုင်းမြို့ (ဘုံဘေမြို့) မှာ ဆန္ဒပြဖို့ သတ်မှတ်ထားတဲ့ နေရာပါ။ အဲ့ဒီနေရာမှာ မြန်မာပြည်က ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပဋိပက္ခ၊ အာသံပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေမှာ လူနည်းစု အစ္စလာမ် ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ လုပ်နေတာကို ဆန့်ကျင်တယ် ဆိုပြီး အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်ဘာသာအသင်းအဖွဲ့တွေက စုဝေး ဆန္ဒပြနေခဲ့ကြတာပါ။
မီးရှို့ခံရတဲ့ ရဲကားတွေ




ရိုက်ခံရတဲ့ သတင်းသမားတယောက်

အစပိုင်းမှာတော့ ဆန္ဒပြသူ ရာဂဏန်းပဲ ရှိခဲ့ပြီး နေ့လည် ၃ နာရီလောက်မှာတော့ ဆန္ဒပြသူတွေ တဖြည်းဖြည်းများလာပြီး နှစ်သောင်းနီးပါးလောက်ဖြစ်လာတယ်လို့ မွန်ဘိုင်းရဲတွေက ပြောပါတယ်။ အဲ့ဒီထဲမှာ တချို့တွေက အာသံပြည်နယ်ပဋိပက္ခက ပုံတွေကို ဖြန့်ဝေနေကြရင်းက ဒေါသကြီးသူတွေကနေ ပြဿနာမီးစမွှေးလိုက်ပုံရတယ်လို့ မွန်ဘိုင်းရဲတွေက ဆိုပါတယ်။


ဒဏ်ရာရသွားတဲ့ ရဲတဦး

ဆန္ဒပြနေချိန်မှာ ဒီပဋိပက္ခတွေနဲ့ မီဒီယာတွေက သတင်းပေးပို့မှုတွေနဲ့ဆိုင်တဲ့ ဟောပြောမှုလုပ်နေတုန်းမှာ လူအုပ်ကြီးဟာ သတင်းယူနေတဲ့ မီဒီယာသမားတွေဆီ ပြေးလာပြီး လူတွေကိုရိုက်၊ ကင်မရာတွေ ရိုက်ခွဲ၊ တိုက်ရိုက်လွှင့်နေတဲ့ အသံလွှင့်ကားကြီးတွေကို မီးရှို့တာတွေ စလုပ်တယ်လို့ သတင်းသမားတွေက ပြောပြပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ရေးယာဉ်တစီး

ဖျက်ခံရတဲ့ သူ့ကင်မရာကို ပြနေတဲ့ သတင်းသမား
“ကျနော်တို့ ဓာတ်ပုံတွေရိုက်နေတုန်း လူအုပ်ကြီး ပြိုဆင်းလာပြီး ကျနော်တို့ကို ၀ိုင်းရိုက်တယ်။ ကင်မရာတွေကို ဆွဲယူဖျက်ဆီးပစ်ကြတယ်။ ကျနော့်ကင်မရာလည်း ပျက်စီးသွားတယ်။ ကျနော့် ဆွဲကြိုးကိုလည်း လုယူသွားတယ်။ ကျနော့်သူငယ်ချင်းတယောက်ကိုဆိုရင် လူအုပ်ကြီးက အပေါ်ကို မြှောက်ပြီးပစ်တာ ပြုတ်ကျလို့ ခြေထောက်နဲ့ ခါးမှာ ဒဏ်ရာရသွားတယ်။ ကျနော်တို့ တိုက်ရိုက်လွှင့်နေတဲ့ ကားကိုလည်း သူတို့ မီးရှို့လိုက်ကြတယ်” လို့ မွန်ဘိုင်းက သတင်းသမားတယောက်က ပြောပြပါတယ်။

ရဲတွေဆီက လက်နက်တွေကိုလည်း လုပြေးတာကြောင့် ရဲတွေဆီက သေနတ် ၃ လက် ပါသွားတယ်လို့လည်း ဆိုပါတယ်။ ရဲတွေလည်း ဒဏ်ရာရသူရဖြစ်ကုန်သလို ရဲမေတွေလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတယ်လို့ ဆိုပါတယ်။ ရဲကားတွေကိုလည်း မီးရှို့ပြီး ခဲတွေနဲ့ပစ်ပေါက်ကြပါတယ်။

လူအုပ်ထဲက သေနတ်ပစ်ဖောက်သံတွေလည်း ကြားရတယ်လို့ အဲ့ဒီနေရာမှာ တာဝန်ကျတဲ့ ရဲတွေက ပြောပါတယ်။

အဓိကရုဏ်းကို ထိန်းသိမ်းဖို့ အထူးရဲတပ်ဖွဲ့တွေ ထပ်ရောက်လာပြီး မိုးပေါ်သေနတ်ပစ်ဖောက်၊ မျက်ရည်ယိုဗုံးတွေပစ်ခွဲပြီး လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်မှာ လူနှစ်ယောက် သေဆုံးပါတယ်။ ၄၆ ဒဏ်ရာရပါတယ်။ အဲ့ဒီထဲက ၃၈ ယောက်က ရဲတွေဖြစ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရကြလို့ ဆေးရုံမှာ ဆေးကုသမှု ခံနေကြရပါတယ်။

တိုက်ရိုက်တင်ဆက်တဲ့ မီဒီယာကားနှစ်စီး၊ ရဲကား ၃ စီးနဲ့ ဆိုင်ကယ် နှစ်စီး မီးရှို့ဖျက်ဆီးခံရပါတယ်။ အများပြည်သူသုံး ဘတ်စ်ကား ၄၀ စီး၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၅ စီးကတော့ ခဲတွေနဲ့ပစ်ပေါက်တာကြောင့် မှန်တွေပျက်၊ အင်ဂျင်တွေပျက်သွားတယ်လို့ မွန်ဘိုင်းရဲက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီနေရာအနီးအနားက ဆိုင်တချို့နဲ့ မြေအောက်ရထားဘူတာရုံလည်း ပျက်စီးမှုတချို့ရှိခဲ့ပါသတဲ့။


ဆန္ဒပြပွဲ စီစဉ်သူတွေကတော့ သူတို့ စီစဉ်ထားတာဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ပဲ ဖြစ်တယ်။ အခုလို အကြမ်းဖက်မှုဖြစ်တာဟာ သူတို့အဖွဲ့ဝင်တွေနဲ့ မဆိုင်တဲ့ ဒိပြင် အပြင်လူတွေက စလိုက်တာ ဖြစ်ဖို့များတယ်။ ဘယ်သူကပဲ စတာဖြစ်ဖြစ် ဒီလို အကြမ်းဖက်လုပ်တာကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်လို့ ပြောပါတယ်။

မွန်ဘိုင်းရဲတပ်ဖွဲ့ကတော့ ဒါဘယ်ကစလို ဘယ်လိုဖြစ်တယ်ဆိုတာတွေကို စုံစမ်းနေပြီး ဒီနေ့မနက်ပိုင်းမှာတော့ အကြမ်းဖက်ခဲ့တဲ့သူ ၂၄ ယောက်ကို ဖမ်းဆီးမိထားတယ်၊ သူတို့ကို အကြမ်းဖက်မှု၊ ရဲတွေကို စော်ကားတဲ့အမှု၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်စီးတဲ့အမှုတွေနဲ့ တရားစွဲမယ်၊ ကျန်တဲ့သူတွေကိုလည်း ထပ်စုံစမ်းဖော်ထုတ်မယ်လို့ ပြောပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template