Home »
ပြည်တွင်းသတင်း
» လယ်သိမ်းခံ တောင်သူများ၏ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် လျှောက်ထားမှု ဒုတိယအကြိမ် ငြင်းပယ်ခံရ
လယ်သိမ်းခံ တောင်သူများ၏ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် လျှောက်ထားမှု ဒုတိယအကြိမ် ငြင်းပယ်ခံရ
မုံရွာ၊သြဂုတ် ၁၁
သတ္တုတွင်း ၀န်ကြီးဌာန နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့၏
အကျိုးစီးပွားများ ပါဝင်နေသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အနီးမှ
လယ်သိမ်းခံ တောင်သူများ၏မုံရွာမြို့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်
လျှောက်ထားခြင်းအား ဒုတိယအကြိမ်တွင်လည်း ငြင်းပယ်ခြင်း ခံခဲ့ရကြောင်း လယ်ဧက
များစွာ သိမ်းဆည်း ခံခဲ့ရသည့် ၀က်မှေးရွာခံ တစ်ဦးက ပြောကြားသည်။
ဒုတိယအကြိမ်နေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်အား မုံရွာမြို့ အမှတ်(၁)
ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ် ရဲစခန်းများသို့ သြဂုတ်လ ၇ ရက်နေ့မှ
စတင်၍ ၁၀ရက်နေ့ အထိ ၅ ရက် ဆက်တိုက် စာတင်ခဲ့ပြီး ငြင်းပယ်သည့်စာမှာ ယနေ့
သြဂုတ်လ ၁၁ ရက်နေ့တွင် ပြန်လည် ရောက်ရှိလာကြောင်း ငြိမ်းချမ်းစွာ စုဝေး
လှည့်လည်ခွင့် လျှောက်ထားမှုတွင် ဦးဆောင်သူ တစ်ဦးကပြောကြားသည်။
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြန်ကြားသောစာတွင် လျှောက်ထားသူများ၏
အခင်းဖြစ်ရာနေရာသည် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်း ကြေးနီ
စီမံကိန်း ဖြစ်ပြီး ၄င်းနေရာတွင်သာ မိမိတို့၏ လိုလားချက်နှင့် ဆန္ဒကို
ဖော်ထုတ် တောင်းဆို၍ စီမံကိန်း တာဝန်ရှိသူများနှင့် ညှိနှိုင်း
ဖြေရှင်းသင့်ပါသည်။ မုံရွာမြို့သို့ လာရောက် ဆန္ဒပြလိုခြင်းသည် ဥပဒေပုဒ်မ
(၃)ခ ပါ ရည်ရွယ်ချက် နှင့်အညီ သဘောရိုးသားမှု မရှိသဖြင့်၊ ဆီလျော်
သက်ဆိုင်မှု မရှိခြင်း မုံရွာမြို့နေ ပြည်သူလူထု၏ အကျိုးစီးပွားနှင့်
လူထုအတွက် စိတ် အနှောက်အယှက် ဖြစ်ပေါ်လာနိုင်ခြင်း ပြဿနာနှင့် မသက်ဆိုင်
သောမုံရွာမြို့၏ တည်ငြိမ် အေးချမ်းမှု တရားဥပဒေ စိုးမိုးမှုနှင့် ပြည်သူတို့၏
အကျိုးစီးပွား အလို့ငှာ နည်းဥပဒေ ပုဒ်မ (၁၆)အရ ငြင်းပယ်သည်ဟု
ဖော်ပြထားကြောင်း ၀က်မှေး ရွာခံတစ်ဦးက ပြောပြသည်