
ဂျပန်နိုင်ငံ International corporation of Economy INC (ICE Group)က မြန်မာနိုင်ငံတွင် အသက်မွေး ၀မ်းကျောင်းအတတ်ပညာသင်ကျောင်းအဖြစ်မော်တော်ယာဉ်မောင်း သင်တန်းနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်း မွမ်းမံခြင်း ဒီပလိုမာသင်တန်းနှင့် ဘွဲ့သင်တန်းများကို ရန်ကုန်တွင် တက္ကသိုလ်ဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်သည် ဂျပန်နိုင်ငံ အိုဆာကာယူနီဗာစတီအောက်တွင် ရှိမည်ဖြစ်ပြီး တက္ကသိုလ်ပညာသင်နှစ်ကို လေးနှစ် သတ်မှတ်ထားကြောင်း သိရသည်။ တက္ကသိုလ် တက်ရောက်မည့်သူများအနေဖြင့် အခြေခံပညာ အထက်တန်း (တက္ကသိုလ်ဝင်စာမေးပွဲ) အောင်မြင်ရမည်ဖြစ်ပြီး ဒီပလိုမာယူလိုသူများ နှစ်နှစ်သင်တန်းတက်ရမည်ဖြစ်ကာ ဘွဲ့ရယူလိုသော ကျောင်းသားမှသာ လေးနှစ် တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းတက္ကသိုလ်တွင် ဘွဲ့ရရှိသူများအနေဖြင့် တစ်ကမ္ဘာလုံးတွင်ရှိသော ဂျပန်နိုင်ငံမှ ဖွင့်လှစ်ထားသည့် မည်သည့် ၀ပ်ရှော့တွင်မဆို တာဝန်ထမ်းဆောင်နိုင်ကြောင်း၊ ယင်းအပြင် တက္ကသိုလ်တက်နေစဉ် ဂျပန်နိုင်ငံ ကားကုမ္ပဏီများက စိတ်ကြိုက်လာရွေး၍ ဂျပန်ရှိ ကားကုမ္ပဏီများ၌လည်း တိုက်ရိုက် အလုပ်ခန့်ထားမည်ဖြစ်ကြောင်း ICE Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ တက္ကသိုလ် မော်တော်ယာဉ် ပြေးဆွဲခြင်းဆိုင်ရာ စီမံခန့်ခွဲမှု နည်းပညာများ၊ ပြုပြင်ထိန်းသိမ်း မွမ်းမံမှုဆိုင်ရာ နည်းပညာများ၊ မော်တော်ယာဉ် တည်ဆောက် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ၊ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများအပြင် မော်တော်ယာဉ်နှင့် ဆက်စပ်လျက်ရှိသော စွမ်းအင်အသုံးချမှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၁၄ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။