Headlines News :
Home » , » ငြိမ်းချမ်းရေးခရီးစဉ် နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်သူရိန်နှင့် ဆက်သွယ်မေးမြန်း

ငြိမ်းချမ်းရေးခရီးစဉ် နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်သူရိန်နှင့် ဆက်သွယ်မေးမြန်း

Written By လွင့်မောင်မောင် on Monday, August 6, 2012 | 11:30 PM




(PNLO)အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၇) ဦးနဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့ ဂျူလိုင်လ (၂၇) မှာ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးဆွေး နွေးဖို့ နှစ်ဦးနှစ်ဖက်ဆုံးဖြတ်ခဲ့တယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ခွန်ဥက္ကာကပြောပါတယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ နိုင်ငံရေးဆွေး နွေးရာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံချိန်က ပမာဏသဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အချက် (၆) ချက်ကို အဓိကထား ဆွေးနွေးသွားပြီး သဘောတူလက်မှတ်ရေးထိုးမှုတစုံတရာတော့မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီး ခွန်သူရိန်ကပြောပါတယ်။ ခရီးစဉ်နဲ့ပတ်သက်ပြီး PNLO ရဲ့ အတွင်းရေးမှူးလဲဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လဲဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်သူရိန်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
pa-o-govt-peacetalkအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းနှင့် ထိုင်းနိုင်ငံ၌တွေ့ဆုံစဉ်

မေး။ ။ ဂျူလိုင်လ နောက်ဆုံးပတ်က PNLO နဲ့အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ပြည်တွင်းမှာတွေ့ဆုံကြတယ်လို့ ပြောတယ်ခင်ဗျ။ ဘာအကြောင်းတွေဆွေးနွေးလဲခင်ဗျ။
ဖြေ။ ။ ဂျွန်လတုန်းက နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းနဲ့ ကျနော် တို့ကိုယ်စားလှယ်တွေ ဘန်ကောက်မှာတွေ့ကြတယ်။ အဲဒီမှာတွေ့တုံးက ကျနော်တို့ ဆွေးနွေးချက် ၆ ချက် အလွတ်သဘော ဆွေးနွေးသဘောတူထားပါတယ်။ ဦးအောင်မင်းက ကျနော်တို့ကိုပြောတယ်။ အပစ်အခတ်ရပ်စဲရေး မလုပ်ခင် အစိုးရရဲ့ဖြစ် ပေါ်ပြောင်းလဲမှုကို လေ့လာပါလို့ ဖိတ်ခေါ်လို့ ကျနော်တို့ သွားရောက်ခဲ့ပါတယ်။ တခြားအပစ်ရပ်တွေလို အပစ်ရပ် သဘော တူညီတာတွေ ပဏာမအဆင့်ဆွေးနွေးတာတွေမရှိပါဘူး အဓိကအားဖြင့် ကျနော်တို့ သွားရောက်လေ့လာတာဘဲဖြစ်ပါတယ်။

မေး။ ။ လေ့လာရေးခရီးစဉ်က ဘယ်တွေရောက်သေးလဲခင်ဗျား။
ဖြေ။ ။ တောင်ကြီး၊ ဟိုပုန်း၊ ရန်ကုန်၊ သထုံ၊ ဘီးလင်း တွေရောက်ပါတယ်။ အားရမှုတွေလဲရှိခဲ့ပါတယ်။ လူထုနဲ့တွေဆုံ ခဲ့တယ်။ အဓိကအားဖြင့် လေ့လာမှုပါဘဲ။ ကျနော်တို့ ပြောပြစရာရှိတာတွေ ရှင်းလင်းစရာရှိတာတွေနဲ့ စည်းရုံးရေး သဘောမျိုးပါ။

မေး။ ။ လူထုအပေါ်နဲ့ အပစ်ရပ်အပေါ် ဘယ်လိုရပ်တည်ချက်တွေရှိလဲ။
ဖြေ။ ။ အဓိကအားဖြင့် လူထုအပေါ်ရပ်တည်ချက်က - လူထုအနေနဲ့ တကယ်ဘဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် ခေတ်အလိုက်ဖြစ်ပေါ်နေတဲ့အခြေအနေအရ အပစ်အခတ်ရပ်စဲရေးကနေစရမယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေး မပေါ်ပေါက် တဲ့ကာလပတ်လုံး ကျနော်တို့လူထု ဆင်းရဲဒုက္ခရောက်နေဦးမယ်။ လူထုအပေါ်ရပ်တည်မှုကတော့ လူထုလွတ်မြောက်ရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ပေါက်ရေးဆိုတာ မပြောင်းလဲပါဘူး။ ကျနော်တို့က အပစ်ရပ်စဲထားပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်း ရေးမရသေးဘူး။ ဘာဘဲဖြစ်ဖြစ် အဖွဲ့အစည်းအားလုံး နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွား မယ်ဆိုတဲ့ ရပ်တည်ချက် ရှိပါတယ်။

မေး။ ။ အရင်တခေါက်အပစ်ရပ်တာနဲ့ ဒီတခေါက်ထပ်အပစ်ရပ်ဖို့ အခြေအနေဘယ်လိုကွာခြားလဲ။
ဖြေ။ ။ ဒီတခေါက်အပစ်ရပ်တာဟာ ပထမတကြိမ်အပစ်ရပ်တာနဲ့ ကွာခြားတာရှိပါတယ်။ ၁၉၈၉- ၁၉၉၀ ဝန်းကျင် လုပ်ခဲ့ တဲ့ အပစ်ရပ်ကာလမှာ အစိုးရက အပစ်ရပ်အဖွဲ့တွေကို စီးပွါးရေးမက်လုံးတွေပေးပြီး အခွင့်အရေးပေးတာရှိတယ်။ အခုတခေါက်အပစ်ရပ်တာတော့ အထူးဒေသတွေဘာတွေ မရှိပါဘူး။ နောက်တခု စစ်အုပ်ချုပ်မှုနဲ့ အစိုးရပုံသဏ္ဍာန် ခြားနားမှုလေးပေါ့နော်။ အရင်တခေါက်အပစ်ရပ်တုန်းက နိုင်ငံတကာရဲ့စိတ်ပါဝင်စားမှုသိပ်မရှိဘူး။ အခုတခေါက်က နိုင်ငံတကာရဲ့စိတ်ဝင်စားမှုများတယ်။ ကွာခြားချက်လေးတွေပေါ့နော်။ ဒါပေမယ့်နိုင်ငံရေးကိစ္စမှာတော့ အရင်တခေါက်က ဗိုလ်ချုပ်ခင်ညွန့်က “ အပစ်ရပ်ဖို့အတွက်တော့လာပါ။ နိုင်ငံရေးကိုတော့ လာမယ့်အစိုးရသစ်မှာဆွေးနွေးကြတာပေါ့ ” လို့ပြောတယ်။ ဒီတခေါက်အပစ်ရပ်တာလဲ “အခု အပစ်ရပ်ရေးဆွေးနွေးမယ်။ နိုင်ငံရေးကိုလွှတ်တော်မှာဆွေးနွေးမယ်” ဆိုတာ ပြောပြန်တယ်။ ဒီကိစ္စတော့ အရင်တခေါက်နဲ့ခပ်ဆင်ဆင်တွေ့ရတယ်။ ဒါကြောင့်တခုတခေါက်လဲ နိုင်ငံရေးကို လာမယ့်အစိုးရမှာ ဆွေးနွေးပါလို့ မကြားချင်တော့ပါဘူး။ လွှတ်တော်ထဲမှာဆွေးနွေးဖို့ မျှော်လင့်ချက်နဲ့ အစိုးရဖက်က အချို့ကို ဖွင့်ပေးတာဟာ အကောင်းဆုံးဘဲလို့ မြင်မိပါတယ်။

မေး။ ။ သျှမ်းပြည်တပ်မတော် SSPP/SSA ဆိုရင် ဒုတိယအကြိမ် အပစ်ရပ်ပြီဆိုတာတောင်မှ ယနေ့ထိ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ခံနေရသေးတယ်။ ဒီအနေအထားအပေါ်ကော ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ အစိုးရနဲ့ စစ်တပ်ကြားမှာ အာဏာပါဝါ အသုံးချမှုအပေါ် မတူတာရှိတယ်။ တချို့မှာ အစိုးရက တကယ်ဘဲ အပစ်ရပ်စဲရေး လုပ်ချင်တဲ့ဆန္ဒရှိပေမယ့် စစ်တပ်ထဲမှာတော့ နည်းပါးတဲ့ဆန္ဒရှိတယ်။ သူတို့ကြားမှာ အပေးအယူ လုပ်ဖို့လိုအပ်နေသေးတယ်လို့မြင်ပါတယ်။

မေး။ ။ သမ္မတကြီး ဦးသိန်းစိန်ကနေ ငြိမ်းချမ်းရေးလုပ်လာတာ တနှစ်ပြည့်တော့မယ်။ တိုးတက်မှုရှိတယ်လို့မြင် ပါသလား။
ဖြေ။ ။ ငြိမ်းချမ်းရေးဆိုတာ သမ္မတကြီးကပြောခဲ့တာဘဲ။ မြေပြန့်မှာနေတဲ့ဗမာအမျိုးသားတွေနဲ့ တောင်ပေါ်မှာနေတဲ့ တိုင်းရင်းသားတွေကြားမှာ ဖွံ့ဖြိုးမှုအဆင့်မညီမျှသေးဘူးဖြစ်နေတယ်။ သမ္မတဟာ တိုင်းရင်းသားတွေဒေသကိုမြေ်ပြန့် မှာလို လမ်းတံတားတိုးတက်မှုတွေလုပ်ပေးဖို့ဆန္ဒရှိမယ်ဆိုရင် တိုင်းရင်းသားနဲ့ ဗမာကြားမှာ အမြင်တိမ်းစောင်းမှု မရှိတော့ ဘူးလို့ သမ္မတကပြောတယ်။ သမ္မတရဲ့ယူဆချက်ဟာ မမှန်ဘူးလို့မပြောပါဘူး။ တချို့အားဖြင့်သာမှန်ပါတယ်။ အများစုလို အပ် ပါသေးတယ်။ ဘာလဲဆိုတော့ တိုင်းရင်းသားဆိုတာသူ့အမျိုးသားရဲ့ အမျိုးသားရေးဆိုင်ရာ ရပိုင်ခွင့်ကို ရချင်တာကိုး။ လမ်းပန်းဆက်သွယ်ရေး ဘာရေးညာရေး ဖွံ့ဖြိုးရေးကိစ္စလိုချင်တာမှန်ပေမယ့် အဲဒီထက်အရေးကြီးတဲ့ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးက ပထမတန်းပိုကျနေတဲ့အတွက်ကြောင့် အဲဒီဟာကိုနိုင်ငံတော်သမ္မတဖြစ်တဲ့ သိန်းစိန်တို့ကနေပြီး စဉ်းစား ဝေဖန်ပိုင်းခြားပေးရင် နိုင်ငံတော်သမ္မတပြောနေတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ပြော လိုပါတယ်။ အဲလိုမစဉ်းစားဘဲခုနပြောတဲ့ဟာလေးနဲ့အပေါ်ယံတည်ဆောက်မှုလောက်ဘဲလုပ်မယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးကိစ္စရပ်ဟာတော်တော်ကြီးကိုစဉ်းစားလို့မရလောက်အောင် ရှိတဲ့အနေအထားမှာရှိပါတယ်။

မေး။ ။ မေလ သမ္မတထုတ်ပြန်ချက် ၈ ချက်မှာ ၁ ကနေ ၄ အထိ အများအားဖြင့် လက်ခံနိုင်တယ်ပြောကြတယ်။ ၅ ကနေ ၈ အထိတော့ လက်နက်ချဖို့ဘာဖို့ ပါလာတော့ လက်မခံနိုင်ကြဘူး။ ဗိုလ်မှူးတို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ထာဝရငြိမ်းချမ်းရေးရဖို့ ဒို့တာဝန်အရေးသုံးပါးထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတဲ့အချက် အရေးကြီး ဆုံးဘဲ။ စည်းရုံးရေးဆိုတာ ငါတို့ကိုလာပေါင်းပါ ငါတို့လုပ်သလိုလုပ်လိုက်ပါ ငါတို့ပြောသလိုလုပ်လိုက်ပါဆိုတာ စည်းလုံးညီ ညွတ်ရေးလက္ခဏာမဟုတ်ပါဘူး။ အနိုင်ကျင့်တဲ့လက္ခဏာဖြစ်ပါတယ်။ စည်းလုံးဖို့အတွက် တိုင်းရင်းသားအားလုံး ရသင့်ရ ထိုက်တဲ့အခွင့်အရေးရကြရင် မစည်းလုံးစရာအကြောင်းမရှိဘူးလို့မြင်တယ်။ တကယ်လို့စည်းလုံးညီညွတ်ပြီဆိုရင် တိုင်းရင်း သားတွေဟာ အမြင်မကွဲတော့ဘူး။ ဥပမာ ဒီကနေ့ကွဲပြားချက်တွေဟာ အားလုံးအသိ ဆုံးပါဘဲ။ ဒီကွဲပြားချက် တွေကိုဦးသိန်း စိန်က အလေးအနက်ထားပြီးတော့မှ စဉ်းစား ပြီးတော့မှ အကောင်အထည်ဖော်မယ်ဆိုရင်တော့ တိုင်းရင်း သားစည်းလုံး ညီညွတ်ရေးအားကောင်းလာမယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ကိစ္စ တိုင်းရင်း သားပြိုကွဲနေလို့ ပြည်တွင်းစစ်ဖြစ် နေ တယ်။ တကယ်လို့ ခုနအခွင့်အရေးကိုပေးလိုက်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခိုင်မြဲမှာဖြစ်ပြီး ပြည်ထောင်စုပြို ကွဲမှာ ကြောက်စရာမလိုဘူး။ ဒါကြောင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာအဓိကဖြစ်နေတယ်။

ပါတီထောင်ဖို့ ထာဝရငြိမ်းချမ်းရေးအတွက် လက်နက်ပေးအပ်ဖို့ဆိုတာ ကျနော်တို့တိုင်းရင်းသားတွေမှာ ပါတီထောင်ပြီး ဝင်ဆန့်နိုင်တဲ့ ဖွဲ့စည်းကပုံအခြေခံဥပဒေလိုအပ်နေတယ်။ ဒီကနေ ပြင်ဆင်ရမယ့်အချက်တွေအများကြီးရှိတယ်။ ဒီကနေ့ ယေဘူယျအားဖြင့် ပြောမယ်ဆိုရင် လက်နက်အပ်မယ်။ တချို့ဆိုရင် ပြည်သူ့စစ်လုပ်လိုက်မယ်။ ဒါပေမယ့်ကျနော်တို့ဝင်ဆန့် နိုင်တဲ့ ဥပဒေမျိုးကို အစိုးရက ပြုပြင်ပေးမယ်ဆိုရင် အခက်အခဲက တော်တော်လေး နဲသွားမယ်။ အဲလိုမျိုးမဟုတ်ဘူးဆိုရင် တော့ ဒီတခေါက်အပစ်ရပ်တဲ့အခြေအနေက မီးခဲပြာဖုံးတဲ့အခြေအနေမျိုးနဲ့စိုးရိမ်စရာဖြစ်နေပါတယ်။

ဒီကနေ့ဆိုရင် အပစ်ခတ်ရပ်စဲရေးကိစ္စနဲ့ပတ်သက်တဲ့အခါမှာ သမ္မတအဖြစ်တာဝန်ယူနေတဲ့ဦးသိန်းစိန်အစိုးရကနေ သဘောထားကြီးကြီးထားပြီးဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ပြည်ထောင်စုသားအားလုံးမျှော်လင့်တဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေး ဧကန်မုချဖြစ်မှာဘဲလို့ပြောချင်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟာ ဇူလိုင်လ (၂၃)နေ့ မှ (၂၆) ရက်နေ့အထိ တောင်ကြီးမြို့၊ မွန်ပြည်နယ် သထုံမြို့၊ ရန်ကုန်မြို့တို့ရှိ ပအိုဝ်း လူမှုအဖွဲ့ အစည်း တွေနဲ့တွေ့ဆုံပြီး ရှင်းလင်းပွဲလုပ်၊ စစ်တမ်းသဘောထား ကောက်ယူခဲ့ပါတယ်။၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဦးအောင်မင်းနဲ့ PNLO တို့ ပထမအကြိမ်တွေ့ဆုံခဲ့ပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

PNLO ခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တွင် SPNLO ခွဲထွက် ခွန်တိဆောင် ခေါင်းဆောင်သည့် PNLO အဖွဲ့ ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သည့် PPLO အဖွဲ့ နဲ့ အခြားပအိုဝ်းလူမှုအဖွဲ့အစည်းများ စုပေါင်းထားသည့်အဖွဲ့ဖြစ်ပါတယ်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template