ကိုတင်မောင်ထူး |
ကနေဒါ မြန်မာမိတ်ဆွေများအသင်း (Canadian Friends of Burma - CFOB) က ကနေဒါမှာရှိတဲ့ NGO အစုအဖွဲ့ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခံလိုက်ရပါတယ်။
CNC လို့ ခေါ်တဲ့ Canadian NGOs Committee က ရပ်ဆိုင်းလိုက်တာပါ။
ဘာကြောင့် ရပ်ဆိုင်းသလဲ၊ ဘယ်လိုသက်ရောက်မှုများ ရှိလာမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး CFOB ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုတင်မောင်ထူး နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
CFOB နဲ့ CNC ဆက်ဆံရေး ဘယ်လိုရှိပါသလဲ။
CNC က အောက်တိုဘာ ၁၅ ရက်စွဲနဲ့ ကျနော်တို့ဆီကို စာတစောင်ပို့တယ်၊ စာမှာ CFOB ကို CNC ကနေ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်တယ်။
ပထမအချက်က CFOB ရဲ့ အမှုဆောင် ဒါရိုက်တာက ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကို ဘယ်လောက်အထိ သက်ဝင်ယုံကြည်တဲ့အပေါ် သူတို့ မဝေခွဲနိုင်တဲ့အတွက်ကြောင့်လို့ ပြောတယ်။
ဒုတိယအချက်က ပြီးခဲ့တဲ့ တလကျော်နှစ်လလောက်မှာ Burma Campaign (UK) က လုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးရမယ်၊ ၁၉၈၂ နိုင်ငံသားဥပဒေဟာ inclusive မဖြစ်ဘူး (အားလုံးပါဝင်နိုင်ခြင်းမရှိဘူး) ဆိုတဲ့ လှုပ်ရှားမှု လုပ်တဲ့အခါမှာ ကျနော်တို့ CFOB အဖွဲ့က လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တယ်၊ တချိန်တည်းမှာပဲ - ဒါက ရိုဟင်ဂျာဘက်ကို တဘက်စောင်းနင်း ၀ါဒဖြန့်ပေးနေသလို ဖြစ်နေတယ်လို့ အဲဒီအဖွဲ့တွေကို ကျနော်တို့က ပြောခဲ့တယ် ပေါ့ဗျာ၊ အဲဒါက ဒုတိယအချက်ပေါ့။ တတိယအချက်က ...
CNC ရဲ့ စာထဲမှာ အဲဒီလို အချက် ၃ ချက် ရေးထားသလား။
ရေးထားတယ်ဗျ။ တတိယအချက်က CFOB ရဲ့ အုပ်ချုပ်ရေးပုံစံ - ဒါရိုက်တာအဖွဲ့ နဲ့ စီမံခန့်ခွဲမှုအပိုင်းကို သူတို့ မရှင်းဘူးပေါ့ဗျာ၊ ဒီတတိယအချက်ကတော့ နည်းနည်း ပျော့တယ်။
တခြားအဖွဲ့တွေရော ဒီလို ရပ်စဲခံရတာ ရှိသလား။
မရှိဘူးဗျ။ CFOB ဆိုတာက CNC ကို ဖွဲ့စည်းတည်ထောင်တဲ့ထဲမှာ ပါတယ်ဗျာ။ မြန်မာပြည်အရေးကို လုပ်နေကြတဲ့ ကနေဒါ NGO တွေ ပေါင်းပြီး ဖွဲ့ထားတာ။
အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်တော့ CFOB အပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ။
ချက်ချင်းသက်ရောက်မှုက ဘာလဲ ဆိုတော့ - CNC ဆိုတာက ကျနော်တို့ရဲ့ လုပ်ငန်းတွေကို အထောက်အကူဖြစ်ဖို့ ဖွဲ့ထားတာ။
ကနေဒါအစိုးရက ထိုင်းမြန်မာနယ်စပ်ကို ကူညီတာတွေ ရှိတယ်ဗျာ၊ အဲဒီထဲက အစိတ်အပိုင်းလေးတခုကို Public Education အတွက် ဆိုပြီး ရည်ရွယ်ထားတာ ရှိတယ်၊ ၁၉၉၈/၉၉ လောက် ကတည်းက CFOB အတွက် ရည်ရွယ်ထားတာ။
အဲဒီ Fund (ရန်ပုံငွေ) ကို Inter Pares ဆိုတဲ့အဖွဲ့က ထိန်းချုပ် စီမံခန့်ခွဲတယ်။ အခုလို ရပ်လိုက်တော့ မြန်မာပြည်နဲ့ပတ်သက်တဲ့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ တော်တော်ထိခိုက်သွားတာတော့ အမှန်ပဲ။
CFOB က တခြားအဖွဲ့တွေနဲ့ ဟိုတုန်းကလောက် ပူးပေါင်းဆောင်ရွက်တာတွေ မရှိတာ ဘာကြောင့်လဲ။
တချိန်က ကျနော်တို့ အတူ လုပ်ခဲ့တဲ့ အဖွဲ့တချို့က ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ရိုဟင်ဂျာအဖွဲ့တွေ ဥပမာ UK တို့ ဘာတို့မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက ပို့တဲ့ သတင်းတွေကို ကျနော်တို့ရဲ့ နိုင်ငံတကာသတင်းကွန်ရက်ကြီးတွေမှာ ဖြန့်တယ်၊ ဖြန့်တဲ့အချိန်မှာ ကျနော်တို့က သူတို့ကို သတိပေးခဲ့တယ် - ဖြန့်တဲ့သတင်းအချက်အလက်တွေက တဘက်သတ် ဖြစ်နေတယ်၊ သတင်းရင်းမြစ်တွေက ရိုဟင်ဂျာအဖွဲ့တွေဆီက လာတာကြောင့် ဆက်လုပ်နေမယ် ဆိုရင် နားလည်မှုတွေ ပိုလွဲမှားလာနိုင်တယ်ဆိုပြီး အကြံပေးခဲ့တယ်၊
ဒါပေမယ့် လက်မခံဘူး။
ပြီးခဲ့တဲ့ တလကျော်လောက်ကတော့ နိုင်ငံသားဥပဒေပြောင်းပစ်ရမယ် ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီမှာ ကျနော်တို့ ပြောတာက ဒီကိစ္စဟာ လူ့အခွင့်အရေးကိစ္စဖြစ်တယ်၊ သို့သော်လည်း နိုင်ငံတိုင်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ ရှိကြတယ်၊ အနောက်နိုင်ငံတွေမှာတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ပတ်သက်လာရင် လူ့အခွင့်အရေးက ဆက်နွယ်ပတ်သက်ဖို့ ဆိုတာ အခက်အခဲတွေရှိတာ တွေ့ရတယ်၊ ကနေဒါမှာပဲဖြစ်ဖြစ် နေ့စဉ်နဲ့အမျှ ပြန်ပို့တာ ရှိတယ်၊ ခိုးဝင်လာတဲ့သူတွေကိုပေါ့။
အမေရိကန်မှာလည်း မက္ကဆီကိုကလူတွေကို ပြန်ပို့တာ ရှိတယ်။
မြန်မာပြည်က အပြောင်းအလဲကို သွားနေတဲ့ကာလဖြစ်တယ်၊ ဒီပြဿနာတွေ ချက်ချင်းဖြေရှင်းဖို့ ဆိုတာ အရမ်းအန္တရာယ်ရှိတယ်လို့ ကျနော်တို့က အကြံပေးခဲ့တာ။ ဒါပေမယ့် သူတို့က ရိုဟင်ဂျာလည်း မြန်မာနိုင်ငံသားဖြစ်ရမယ်၊ ပိုဆိုးတာက ရိုဟင်ဂျာကို တိုင်းရင်းသားအထိ စဉ်းစားတာ ရှိခဲ့တယ်။
မြန်မာပြည်မှာ OIC ရုံး ဖွင့်ခွင့်မပြုဖို့ ဆိုပြီး မနေ့က နေရာအတော်များများမှာ ဆန္ဒပြခဲ့ကြတယ်၊ CFOB ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။ OIC ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုပေးအပ်မယ့် အစီအစဉ်ကိုရော ဘယ်လို ယူဆပါသလဲ။
မြန်မာပြည်သူတွေဖြစ်စေချင်တာကိုပဲ ကျနော်တို့အဖွဲ့က လုပ်ပေးဖို့ လိုလိမ့်မယ်၊ ကျနော်တို့က မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကျော်လွှားပြီးတော့ ကျနော်တို့ဖြစ်စေချင်တဲ့ ပုံစံတခုကို ရိုက်သွင်းဖို့ ဆိုတာ အခက်အခဲတွေ အများကြီး ရှိတယ်၊ ခွင့်ပြုရေးမပြုရေးက ပြည်သူနဲ့အစိုးရက ဆုံးဖြတ်ရမယ်။
ကူညီထောက်ပံ့မှု ဆိုတာ ရုံးရှိမှ ကူညီထောက်ပံ့နိုင်တာ မဟုတ်ပါဘူး။