မိတ္ထီလာမြို့တွင် ယနေ့မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အခြေအနေ

မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်
မိတ္ထီလာမြို့ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အား အရေးပေါ်အခြေအနေ
ကြေညာပြီးနောက်ပိုင်း မီးရှို့ခြင်း၊ ဆူပူအကြမ်းဖက်မှုများ မရှိတော့ပဲ
ဒေသအခြေအနေ တည်ငြိမ်မှု ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်၍ မတ်လ ၂၃
ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်တွင် Eleven Media Group မှ မိတ္ထီလာ
ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဆေးရုံတာဝန်ရှိသူ တစ်ဦးက
“မနေ့ညနေ လေးနာရီ စာရင်းပိတ်ပြီး ကတည်းက သေဆုံး၊ ဒဏ်ရာရတဲ့သူတွေ ဆေးရုံကို
ရောက်ရှိလာခြင်း မရှိတော့ပါဘူး။ ဒဏ်ရာရတဲ့သူ စုစုပေါင်း ၅၀ ကျော်လောက်
ရှိပေမယ့် တချို့က ဒဏ်ရာသက်သာတဲ့အတွက် ဆေးရုံက ပြန်ဆင်းသွားကြပါတယ်။
လက်ရှိအချိန်မှာ ဆေးရုံမှာ ကျန်ရှိနေတဲ့ ဒဏ်ရာရရှိ သူစုစုပေါင်း ၂၇ ဦး
ရှိပါတယ်။ ဆေးရုံကို ရောက်ရှိလာတဲ့ သေဆုံးသူစာရင်းက ၁၀ ဦးပါ” ဟု ပြန်လည်
ဖြေကြားခဲ့ပါသည်။
“အားလုံး အေးအေးချမ်းချမ်း ဖြစ်နေပါပြီ။
မီးလောင်တာ ဆူပူအကြမ်းဖက်တာ ဘာမှမရှိတော့ပါဘူး” ဟု မိတ္ထီလာ အမှတ် ၂
ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒီနေ့နံနက် ၇ နာရီ ၄၀
လောက်မှာ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က မော်တော်ယာဉ် အစီး
တစ်ရာဝန်းကျင်လောက် မထ္တီလာမြို့ထဲကို ၀င်လာတာ တွေ့ရပါတယ်။
အင်အားဘယ်လောက်ရှိတယ် ဆိုတာကတော့ ခန့်မှန်းလို့ မရပါဘူး။ မီးလောင်တာ
လူစုလူဝေးနဲ့ ဆူပူတာတွေ မတွေ့ရတော့ပါဘူး။ မိထ္တီလာမြို့မှာ ပုံမှန်သွားလာ
လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေတာ တွေ့ရတယ်။ ဈေးဆိုင် အချို့လည်း
ပြန်ဖွင့်နေပါပြီ။ ညကလည်း ဘာမှမဖြစ်ဘူး အေးအေးဆေးဆေး ပါပဲ။ တည်ငြိမ်မှု
ပြန်လည်ရရှိနေတာကို တွေ့နေရပါပြီ” ဟု မိတ္ထီလာမြို့သို့ ရောက်ရှိနေသည့်
Eleven Media Group သတင်းထောက်က ပြောသည်။