Headlines News :
Home » » “လက်ပံတောင်း မှာ မြွေရှိတယ်”

“လက်ပံတောင်း မှာ မြွေရှိတယ်”

Written By လွင့်မောင်မောင် on Sunday, March 17, 2013 | 7:12 PM

ကိုညို (အော်စလို) -တင်ပြသည်


ဗမာပြည် မတ်လ သမိုင်းဟာ ထကြွတယ်၊ ပုန်ကန်တယ် နိုးကြားတယ်ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ပါ။

ဖက်ဆစ်တွေကို တော်လှန်ခဲ့တာလည်း မတ်လပဲ။ အာဏာရှင်တွေကို ပုန်ကန်ခဲ့တာလည်း အဲဒီမတ်လပဲ။ အာဏာရှင် လက်ရုံးတပ်တွေကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ တဲ့ မတ်လ ၁၃ရက်နေ့ကို မြန်မာပြည်ရဲ့ လူ့အခွင့်အရေးနေ့လို့ (၁၉၈၉ခုနှစ်ဖုန်းမော်နှစ်ပတ်လည်မှာ)
 ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြေငြာပေးခဲ့တာပါ။

တိုက်တိုက်ဆိုင်ဆိုင် လူ့အခွင့်အရေးနေ့ ငွေရတု ပြည့် မတ်လ ၁၃ရက်နဲ့ ၁၄ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပံတောင်းက လူ့အခွင့်အရေး တောင်းဆိုသံတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်သွားခဲ့တယ်၊ ကြားသွားခဲ့တယ်။ ကျနော်ကတော့ အဲဒီအသံတွေဟာ လက်ပံတောင်းက မြွေတွန်သံတွေ လို့မှတ်ယူလိုက်တယ်။ လက်ပံတောင်းမြွေတွေဟာ ပါးပြင်းတွေထောင်ကြတယ်၊ မာန်တွေနဲ့ တရှုးရှုး မှုတ်တယ်။

ဖေ့စ်ဘွတ်ထဲက Video ရိုက်ကွက် အတိုအစတွေမှာ “ ဦးပိုင်၊ ၀မ်ပေါင် ဖျက်သိမ်းရေး” “ လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းရေး” ကြွေးကြော်သံတွေ နဲ့ ကြေးနီစီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ပြောကြားချက်တွေ၊ ကော်မရှင် အကြံပြုချက်နဲ့ ဆုံးဖြတ်မှုအပေါ် ပေါက်ကွဲ ဒေါသနဲ့ မျက်ရည်ကျနေတာတွေ၊ ဆန္ဒပြသူတွေ ကို ဂရုဏာမျက်လုံးနဲ့ ကြည့်ပြီး စိတ်မကောင်းဖြစ်နေတာတွေ၊ မိမိ တိုင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ တာဝန်ယူမှုတွေအပေါ် ဂရုဏာဒေါသယှက်ပြီး ရှင်းပြနေတဲ့ မြင်ကွင်းတွေဟာ ကျနော်တို့ စိတ်ထဲ မချမ်းမမြေ့ခံစားရပါတယ်။

 ပြည်သူတွေအပေါ်ချစ်တဲ့စိတ် ဒေါ်စုအပေါ် စာနာနားလည်တဲ့ စိတ်တွေနဲ့ ကျနော်တို့ အပြင်ကလူတွေ မျက်ရည်လည်ရပါတယ်။ ငိုကြွေးဆန္ဒပြနေတဲ့ ကျေးလက်ပြည်သူတွေ မြင်ကွင်းကလည်း စိတ်ထိခိုက်စရာပါ။ အောင်ဆန်းစုကြည်ကိုအားကိုးမိတာမှားသလိုလို၊
 ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဘက်မရပ်တည်တာလိုလို အထင်လွဲမှား နေတာလည်းမြင်ရတယ်။

ပြီးတော့ နှစ်ပေါင်းမြားစွာ တိုင်းပြည်မှာ နေစရာမရှိအောင် ဒုက္ခပေးပြီး အခုအချိန်ထိလည်း တာဝန်မဲ့၊ သူရဲဘောကြောင်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ ကြံ့ဖွတ် အစိုးရအပေါ်လည်း ပြည်သူတွေက အခဲမကြေဖြစ်ရတယ်။

မုံရွာနယ်တ၀ိုက်က လက်ပံတောင်းတောင် ကြေးစဉ်တောင် တွေအကြောင်း ကျနော်တို့ ငယ်ငယ်က ပထ၀ီဘာသာသင်ရင်း ရင်းနှီးခဲ့တယ်။ ကနေဒါက အိုင်ဗင်ဟိုးကုမ္မဏီ နဲ့ ဦးပိုင်တို့ ပေါင်းပြီး တူးဆွဖြိုဖျက်လိုက် ကတည်းက ဓာတုအဆိပ်သင့်တဲ့ဒါဏ်၊ လယ်ယာမြေပျက်ဆီးဆုံးရှုံးတဲ့ဒါဏ် အလုပ်လက်မဲ့ ဒါဏ်တွေကို နှစ်အတန်ကြာကတည်းကကျနော် ကြားဖူးတယ်။

လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကအဲဒီနယ်က လယ်သမားတချို့နဲ့ ကျနော် အိန္ဒိယ နယ်စပ် မီဇိုရမ်နယ်မှာ တွေ့ခဲ့တယ်။သူတို့က အလုပ်လက်မဲ့ဖြစ်ပြီး တဖက်နိုင်ငံနယ်စပ် ထွက်လာပြီး ယက္ကန်းလာခတ်ကြတာ၊ တချို့လည်း တောထဲမှာ သစ်ခုတ် လွှဆွဲအလုပ်ကြမ်းတွေလာလုပ်တာ။

ကျနော်သူတို့နဲ့ အင်တာဗျူးလုပ်ပြီး ရေဒီယိုက သတင်းလွှင့်ဖူးတယ်။ စက်ရုံက စွန့်ထုတ်လိုက်တဲ့ ဓာတုဆေးရည် တွေ မြောင်းထဲကတဆင့်လယ်ထဲစီးပြီးလယ်မြေတွေပျက်ဆီးရပုံ၊
 သောက်သုံးရေတွေမသန့်လို့ အမည်မသိ ရောဂါတွေ ဖြစ်ရပုံ၊ ရွာက ခလေးတချို့ ဘိုက်ပူနံကားဝေဒနာနဲ့ သေဆုံးခဲ့ရပုံတွေကို သိခဲ့ရတယ်။ အဲဒီဒေသက လူတွေ လယ်လုပ်လို့မရတော့ စက်ရုံမြောင်းထဲကနေ မိမိတို့လယ်ထဲ စီးလာတဲ့ ဒုတ္တာရေတွေကို
(သူတို့ဒုတ္တာ ပြောလို့ ဒုတ္တာလိုက်ရတာပါ ၊ဘာဓာတုအရည်မှန်း အသေအချာတော့မသိ) ဘိနပ်မပါ လက်အိပ်မပါ ပုံးနဲ့ ခတ်ပြီး ဒုတ္တာချက်တဲ့ အလုပ်ကို လုပ်တဲ့အကြောင်း၊ ကြာတော့ ခြေဖျားကနေ ခြေတလုံးတလျောက်၊လက်မှာရော ၀ဲစို ၀ဲခြောက်တွေအနှံ့ပဲ။ ဓာတုဆေး အဆိပ်ကြောင့် အရည်ပြားတွေလောင်ကြွမ်းပြီး ယားနာလိုလိုတွေနဲ့ သေရာပါ ပဲ။ သူတို့ရွတ်ပြတဲ့ စာချိုးလေးတွေထဲက တကြောင်းတောင် အခုထိမှတ်မိနေတယ်။ ဘာတဲ့” ဒုတ္တာချက်တော့..ရုပ်ပါပျက်တယ်” ဆိုတာလေး..။

ပြောချင်တာက ကျနော်တို့ဆီက လယ်သမားတွေ အကာအကွယ်မဲ့နေတယ် ဆိုတာပဲ။ ပဒေသရာဇ်ကျေးကျွန်တွေလို နှစ်ပေါင်းမြားစွာအုပ်ချုပ်သူတွေရဲ့ ဗိုလ်ကျ အနိုင်ကျင့်ခံရတယ်။ မထီမဲ့မြင်ခံရတယ်။ လိုရင် လိုသလို အသုံးချခံရတယ်။ သီးနှံတွေအလုခံရတယ်၊ မြေယာတွေ သိမ်းဆည်းခံရတယ်။ ဒီလယ်သမားတွေဘ၀ ကမ်းကုန်သွားပြီ။ ဟိုဘက်ကမ်းတောင် မရှိတော့ဖူး။ ဒီအချိုးမျိုး ဆက်ချိုးရင် အသေခံတိုက်ဖို့ပဲရှိတော့တယ်။ 

အခုကိစ္စက လက်ပန်တောင်းပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာမဟုတ်ဖူး၊ မတရားမှုကို တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ချစ်ပြီးသား၊ လေးစားပြီးသား၊ အားကိုးပြီးသား။ တာဝန်ရှိသူတွေက တာဝန်မသိလို့ ပြီးတော့ သူရဲဘောကြောင်လို့ ဒီကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ပီပီ သတ္တိရှိရှိ တာဝန်ယူရတာဖြစ်တယ်။ 

လက်ပံတောင်းမှာ မြွေရှိမှန်းနိုင်ငံရေးသမားတိုင်းသိသလို ဒေါ်အောင်ဆန်းစုကြည်လည်း
 ကောင်းကောင်းသိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျင့်ဝတ်ကို အလေးထားတယ်။ တာဝန်ပေးရင် ခေါင်းမရှောင်ဖူး၊ ရဲရဲဝန့်ဝန့်ယူတတ်တယ်။ ဒါကို ကျနော်တို့ အကဲခတ်မိတယ်။

 ဒေါ်စုအနေနဲ့ “ကော်မရှင်ကို စဖွဲ့တုံးက ဘယ်သူမှ သိတ်ပြီး ဒီကော်မရှင် အလုပ်ကို မလုပ်ချင်ကြလို့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဥက္ကဌအနေနဲ့ ကျမဦးဆောင်ခဲ့တာ” လို့ အဲဒီခရီးစဉ်မှာရှင်းရှင်းပဲ ပြောခဲ့တယ်။

“နိုင်ငံရေးလုပ်တယ်ဆိုတာ လူကြိုက်များအောင် လုပ်တာမျိုးမဟုတ်၊ နိုင်ငံအတွက် ကောင်းစေချင်တဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်တာ” လို့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ပြောသွားသေးတယ်။ တကယ်တော့ တာဝန်ရှိ အစိုးရက ကြောက်လို့ လက်ပံတောင်းမှာ ဒေါ်စုလက်နဲ့ မြွေနှိုက်ခိုင်းတာဖြစ်တယ်။ အစောပိုင်းက လက်ပံတောင်းကို မြွေဖမ်းဖို့သွားတဲ့ ၈၈တွေထဲက ကိုဂျင်မီ မြွေတွန်လို့ ပြန်ခေါက်လာခဲ့သေးတယ်။ ၈၈အုပ်စုတွေလည်း လက်ပံတောင်းကိစ္စ မ၀င်ရဲဖူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝါကို အသိအမှတ်ပြုထားတယ်လို့ မှတ်ထင်ရမှာပဲ။

ဝန်ကြီး ဦးအောင်မင်း လည်း ကျေးဇူးရှင်နာမည်တပ်တာ မှားသွားလို့(လယ်သမားကကျေးဇူးရှင်လား၊တရုတ်က ကျေးဇူးရှင်လား မခွဲခြားတတ်လို့) ခေါင်းမဖော်ရဲအောင်ဖြစ်သွားခဲ့တယ်။

တခုပြောစရာရှိတာက ဒေါ်စုဟာလွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းမှာ ရွေးချယ်စရာအများကြီးရှိပေမဲ့ လက်ပံတောင်း ကော်မရှင် ကို ဦးဆောင်ခဲ့တာ ဒေါ်စုရဲ့ မိမိကိုယ်မိမိယုံကြည်မှု လွန်ကဲလွန်းတယ်လို့ သုံးသပ်လို့ရပါတယ်။ ပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်နိုင်မှု အရည်အသွေးကို ယုံကြည်ကြပါတယ်။ ဒီလို ယုံတာက ပြည်သူနဲ့ ဒေါ်စု တသားထဲ ရှိတယ်လို့ ခံယူထားလို့ပါ။ ဒါပေမဲ့ တချက်တချက်မှာ ဒေါ်စုကိုယ်တိုင် အများဆန္ဒနဲ့ လွတ်ပြီး တကိုယ်တော် ဆုံးဖြတ်ချက်တွေနဲ့ သူရဲကောင်းဆန်ဆန် လုပ်ဆောင်မှုတွေဟာ နိုင်ငံရေးခြေကျွံမှုလို့ မြင်ပါတယ်။

ဒီကနေ့ ပုဆိန်နဲ့ ထွင်းနေရတဲ့ လက်ပံတောင်းပြဿနာဟာ အစောပိုင်း ဦးပိုင်ကုမ္မဏီရဲ့ မပွင့်မလင်းမရိုးသားမှုနဲ့ ပြည်သူအပေါ် စေတနာ မရှိပဲ လှည့်ဖျားမှုတွေကြောင့်ဖြစ်ပါတယ်။ 

အတိတ်က ဆိုးမွေ ကြောင့်ဒီအကျိုးဆက်တွေဖြစ်နေတာ အားလုံးကသိပေမဲ့ အတိတ်ကို ချန်လှပ်ပြီး အနာဂတ်နဲ့ ပစ္စုပ္ပန်ကိုပဲ ရှေ့ရှုမယ်လို့ ဒေါ်စုရဲ့ ဆုံးဖြတ်ချက် ဟာ အနာဂတ်တလျောက်လုံး အဖြေမထွက်ပဲ ဖြေရှင်း နေရမဲ့ ပြသနာလို့မြင်တယ်။ ဦးသိန်းစိန် အစိုးရကလည်း လက်တွေ့မကျတဲ့ အဲဒီအတွေးအခေါ်နဲ့ပဲ လျှောက်နေပါတယ်။ နောက်ထပ် အနှစ် ၅၀အလားတူပြဿနာတွေ မီးခိုးကြွက်လျှောက် လိုက်နေအုံးမှာပါ။ နောက်တခုက ဒေါ်စုအနေနဲ့ ပွဲပြီးမီးသေ “ ကျမတာဝန်ယူတယ်၊ မဖြစ်စေရဖူး.”လို့ အလွယ်တကူ ပေးတဲ့ ဂတိနဲ့ လယ်သမားတွေရဲ့ နာတာရှည် ဒါဏ်ရာတွေကို မပျောက်ကင်းစေဖူး။ ဒေါ်စုရဲ့ ဂတိက၀တ်တွေဟာ ရိုးသားမှု ရှိချင်ရှိမယ် ဒါပေမဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဌတယောက်ရဲ့ လုပ်ပိုင်ခွင့် ဘောင်ထက် ကျော်လွန်နေတာတွေ့ရတယ်။ စုံစမ်းရေးကော်မရှင်ဟာ ပြဿနာကို အပြီးအပြတ် ဖြေရှင်းပေးဖို့ အခွင့်အရေးပါရထားသလား မေးခွန်းထုတ်စရာပါ။

တကယ်လို့ ပြဿနာပါတပါတည်း ရှင်းပေးရတဲ့ ကော်မရှင်ဆိုရင် သိတ်ကောင်းပါတယ်။ နောင်အနာဂတ်ထိ ပြေလည်မဲ့ ချောမောမဲ့ အဖြေမျိုးကို လိုချင်လို့ပါ။ ဆေးမြီးတိုကုထုံးတွေ ခေတ်အဆက်ဆက်ကလုပ်ခဲ့ပြီးပါပြီ။ အကျိုးမရှိပါ၊ နောက်ပြဿနာအသစ်တခုဖြစ်လာဖို့ မွေးပေးတာနဲ့ အတူတူပဲ။ ကျနော်တို့ကတော့ အစီရင်ခံစာဟာ နောက်ကွယ်မှာ နိုင်ငံရေးပါနေသလို မြင်ရပါတယ်။ နိုင်ငံရေးကစားကွက် တခုခုများ ရှိနေသလားလို့ပါ။ ဒါကလည်း စုံစမ်းရေး ကော်မရှင်ဥက္ကဌအတွက် ဗမာပြည်မှာ လူရိုသေ ရှင်ရိုသေဆိုလို့ ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲ ကိုပဲ မြင်ရလို့လည်း ဖြစ်ကောင်းဖြစ်မှာပါ။ တကယ်တမ်းဆို စုံစမ်းရေးကော်မရှင် ဟာ နိုင်ငံရေး ဘက်ကင်းတဲ့ အများပြည်သူကြည်ညိုလေးစားတဲ့ ပညာရှင် အုပ်စုနဲ့ ဖွဲ့စည်းတာမျိုးဖြစ်သင့်တာပါ။ ဒေါ်စုအပေါ်ယုံကြည်ပေမဲ့ ရှင်ကြီးဝမ်းထဲရော ရှင်ငယ်ဝမ်းထဲရော နေခဲ့ဖူးတဲ့ အဖိနှိပ်ခံ ပြည်သူတွေက ဒေါ်စုယုံတဲ့ ကြံ့ဖွတ်အစိုးရကို မယုံသေးပါဖူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “သမတကြီးကို ကျမယုံပါတယ်”လို့ အင်တာဗျူးတိုင်း မှာဖြေပြီး ကြံ့ဖွတ်အစိုးရနဲ့ရော တပ်မတော်နဲ့ပါ ယုံကြည်မှုတည်ဆောက်နေတာကို အားပေး နားလည်ပေးလို့ရပေမဲ့ ကာယကံရှင် အာဏာရ အစိုးရကတော့ ပြည်သူတွေအပေါ် ယုံကြည်မှုမပေးသေးပါဖူး။ သူရဲ့ အာဏာတည်တံ့ရေးလမ်းကြောင်းကို မျက်ခြေပြတ်မခံသေးတာပဲတွေ့နေရတယ်။ ဒါကြောင့်ပြည်သူတွေက သံသယကြီးတဲ့ အစိုးရကို နောက်ခံထားပြီး လက်ဆုတ်လက်ကိုင် နတ္တိနဲ့ ဂတိလွန်တာဟာ တိုင်းပြည်အနာဂတ်မှာ အန္တရာယ်ရှိပါတယ်။
 ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နောက်ထပ် ဒေါ်အောင်ဆန်းစုကြည် လို တယောက်ကို မြန်မာပြည်သူတွေ ရှာတွေ့ဖို့ မလွယ်ကူပါဖူး။ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေဟာ မတရားမှုတွေကို ရိုးရိုးသားသားပဲ အံတုခဲ့တာပါ။ အာဏာသိမ်း စစ်အစိုးရက ရာစုနှစ်တ၀က်လောက် အချိန်ဆွဲပြီး အခွင့်အရေးတွေ ဗလပွယူပြီး မရိုးမသားတွေနဲ့ အာဏာရှင်မျိုးဆက်ကို အုတ်မြစ်ခိုင်အောင်တည်ဆောက်ခဲ့ကြတယ်။

ဗမာပြည်မှာ အမှန်တရားက အနာဂတ်ကို မပိုင်ပါဖူး။ မတရားမှုတွေကသာ ပြည်သူတွေရဲ့ အနာဂတ်ကို သိမ်းပိုက်ထားတာဖြစ်တယ်။

တကယ်တော့ ပြည်သူ့သဘောထားအမှန်က လက်ပံတောင်းတောင် စီမံကိန်းကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့ ဖြစ်တယ်။ ဦးပိုင်ကုမ္မဏီ ကို မယုံကြည်တော့သာဖြစ်တယ်။ ၀မ်ပေါင် ကို တပ်ခေါက်ပြန်ခိုင်းတာဖြစ်တယ်။ လက်ပံတောင်းတောင်ဟာ အဲဒီဒေသခံတွေရဲ့ ပဒေသာပင်ဖြစ်တယ်။ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်တယ်။ သဘာဝတရားကြီးရဲ့ အထောက်အပံ့ဖြစ်တယ်။ မြန်မာသမိုင်းရဲ့ ကျက်သရေအလှဖြစ်တယ်။ အခုတော့ အဲဒီဒေသဟာ အဆိပ်သင့်နေတယ်။ မြေစိုင်မြေခဲ၊ကျစ်စာတုံးတွေနဲ့ အရုပ်ဆိုးနေတယ်။ အရှင်လတ်လတ် သယံဇာတကျိန်စာသင့်နေတယ်။

ဒီလက်ပံတောင်းဒေသ တောင်၃၃လုံး ကိုတူးဆွပြီးရင် ဘယ်သူတွေက အကျိုးခံစားမှာလဲ။ ဦးပိုင်က ဘယ်လောက်ထိ ရှင်းရှင်းရှင်းလင်းလင်းရှိလို့လဲ။ ဘယ်တုံးကရော ပြည်သူသိအောင် ရှင်းပြဖူးလို့လဲ။ ဒါဆို ပြည်သူက ဘာကြောင့်ယုံရမှာလဲ။

ဦးပိုင် နဲ့ ၀မ်ပေါင်ဟာ ကျနော်တို့မိတ်ဆွေမဟုတ်ဖူး။ သူတို့ဟာ ဘယ်တုံးကမှလည်း လူထုနဲ့ မိတ်ဆွေမဖွဲ့ခဲ့ဖူး။ လူထု အကျိုးစီးပွားသာ လုယူ ဖျက်ဆီးခဲ့၊ လူထုကိုပဲ ဒုက္ခပေးခဲ့တာဖြစ်တယ်။ အခု သဘာဝပတ်ဝန်းကျင်ရော၊ ယဉ်ကျေးမှုရော၊ သမိုင်း အမွေရော ဖျက်ဆီးပစ်လိုက်တယ်။ အခုလို လက်လွန်ခြေလွန်ဖြစ်နေပြီဆိုပေမဲ့ လုထုက နေပါစေတော့ ဆိုပြီး ဆက်လွှတ်ထားမဲ့ ဆန္ဒ မရှိတော့ဖူး။ စီမံကိန်းဖျက်သိမ်းရေး ကို ဆက်တိုက်ကြမှာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် ဒီကနေ့ကာလဟာ နိုင်ငံရေးပွင့်လင်းရာသီထဲရောက်နေပါတယ်။ ပြည်သူတွေမှာလည်း ဆက်တိုးဖို့ကလွဲလို့နောက်ထပ်ရွေးချယ် စရာမရှိပါဖူး။

ပြည်သူတွေ က လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အမြင်တွေ ခံစားချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်တည် ပြောဆိုခဲ့တာ မရိုင်းပါဖူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကြတာ မှုတ်ဖူး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မရှင်ဆုံးဖြတ်ချက်ကို အားမရတာဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ပြည်သူနဲ့ ခေါင်းဆောင်တွေ အကျိုးစီးပွားနဲ့ အမြင်ခြင်းကွာခြားရင် နိုင်ငံတကာမှာ ဒီလိုပဲ ပူညံညံဖြစ်တတ်တာပါပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒါမဆန်းဖူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မထိ မတို့သင့်တဲ့ ဘုန်းရှင် ကံရှင်လို့လည်း မမြင်သင့်ဖူး၊ ဒေါ်စုကိုထိရင် ကံကြီးထိုက်မယ်ဆိုတဲ့ အမြင်တွေ လည်းဖယ်ရှားသင့်ပါတယ်။

 ခေါင်းဆောင် ကို အလွန်အကျွံ ကိုးကွယ်ပြီး မပြောရဲ မဆိုရဲနဲ့ မြှောက်ပင့် နေတာဟာ ဒီမိုကရက်တစ် အလေ့အထမဟုတ်သလို ဒီမိုကရေစီ ယဉ်ကျေးမှုလည်း မဟုတ်ဖူး။ ခေါင်းဆောင်ကိုးကွယ်တဲ့ ၀ါဒဟာ အာဏာရှင် ၀ါဒဖြစ်တယ်။ ကြားရတဲ့ သတင်းတချို့အရ ဒေါ်အောင်ဆန်းစုကြည် မိမိဆုံးဖြတ်ချက်နဲ့ မိမိ ငါ့လှေငါထိုးနေတာ တကိုယ်တော်စွန့်စားခန်းတွေလုပ်နေတာဟာ ဒေါ်အောင်ဆန်းစုကြည် ကိုချည်းကပ်ပြီး ကပ်ဖားယပ်ဖားဝန်းရံနေသူတွေ၊ မြှောက်ပင့်နေသူတွေ ၊ သတင်းအမှား ပေးနေသူတွေကြောင့်ဖြစ်တယ်။ ခေါင်းဆောင်ကို ဖျက်ဆီးတဲ့ မိတ်ဆွေတု မိတ်ဆွေယောင်တွေ ကြောင့်ဖြစ်တယ်။ ကျနော်တို့ခေါင်းဆောင်ကို ချစ်ရင် ပြည်သူ့ လိုအင်တွေ ပကတိဆန္ဒတွေ ခေါင်းဆောင် အားနည်းချက်တွေနဲ့ အမှားတွေကို ရိုးရိုးသားသား ထောက်ပြပေးရမယ်။ မကြောက်မရွံ့ တင်ပြရဲရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တချိန်က ဒီလိုပဲမှာကြားခဲ့တာဖြစ်တယ်။

ဒီ ကြားထဲ တောကြောင်တွေ၊ ဖျက်လိုဖျက်ဆီး အမြင်သမားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ လက်ပံတောင်းတောင်သူတွေကိုရော၊ မသွဲ့သွဲ့ဝင်းတို့ ကိုဟန်ဝင်းအောင်တို့ကိုပါ အခြေအမြစ်မရှိ အစွန်းရောက် အမြင်တွေနဲ့ ဝေဖန် အပြစ်တင်တွေတွေ့ရတယ်။
ကျနော်တို့ ဒီမိုကရက်တစ်တွေနဲ့ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်တွဲထားရမှာဖြစ်တယ်။ ကျနော်တို့ အားလုံးဟာ နှစ်ပေါင်းမြားစွာ ဖိနှိပ်ခံထားရတဲ့ ဘ၀တူတွေဖြစ်တယ်။ ဒီလူတွေကပဲ “ဒီမိုကရေစီလိုချင်တယ်” လို့ တကမ္ဘာလုံးကြားအောင် ကျယ်ကျယ်လောင်လောင် အော်ခဲ့သူတွေဖြစ်တယ်။ အသက်နဲ့ ဘ၀တွေ ပေးခဲ့သူတွေ ဖြစ်တယ်။ ပြည်သူတွေကလည်း သီးခံခြင်းတရား နဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီကနေ့ ကြံ့ဖွတ် အစိုးရဟာ ကျနော်တို့နောက်ကနေ ဒီမိုကရေစီပါလို့ မ၀န့်မရဲ တိုးတိုးတိတ်တိတ် နဲ့ စိတ်မသက်မသာ အော်လာရတဲ့ ပြည်သူ့နောက်လိုက်တွေဖြစ်တယ်။

အဆုံးသပ် ပြောချင်တာက လက်ပံတောင်းမှာမြွေရှိတယ်။ အဲဒီမြွေဟာ သူ့ဖာသာ ခွေနေတာကြာပြီ။ သိတ်ကို ထိပါးစော်ကားလာလို့ ပါးပျဉ်း ထောင်လာတာဖြစ်တယ်။ ဒေါသူပုန်ထလာတာဖြစ်တယ်။ ဒီမြွေကို မီးလောင်ဗုံးနဲ့ တိုက်ခဲ့တယ်။ အရေခွံတွေကွာကျအောင်လုပ်ခဲ့တယ်။ မောင်းထုတ်ခဲ့တယ်။ ဒါပေမဲ့ လက်ပံတောင်းမြွေရဲ့ အစွယ်ကိုတော့ သူတို့ မချိုးနိုင်ခဲ့ဖူး။ လက်ပံတောင်းမြွေဟာ အဆိပ်ပြင်းတယ်။ ဒီပုံစံနဲ့တော့ သူ့ဒေသကနေ ထွက်သွားမှာမှုတ်ဖူး။

လက်ပံတောင်းပြည်သူတွေ ဆန္ဒမှန်ကို သေချာချည်းကပ်မေးမြန်းပြီး ညှိနှိုင်း သဘောတူမှ ဒီနယ်မြေ တည်ငြိမ်မှာဖြစ်တယ်။ ကျနော်တို့ အနေနဲ့ လက်ပံတောင်းမှာ မီးလောင်ဗုံးတွေနဲ့ အရေပြားလောင်ကြွမ်းမှုတွေ နောက်ထပ် မဖြစ်ပါစေနဲ့လိုပဲ အခါခါ ဆုတောင်းနေရတယ်။

ကိုညို(အော်စလို)Facebook စာမျက်နှာမှ
====================================================
အချို့စာပိုဒ်များကို ကျနော်ကိုယ်တိုင်မနှစ်သက်သော်လည်း..ကိုညို ၏တင်ပြချက်သည်
ယေဘူယျ ကျသဖြင့် တင်လိုက်သည်။
                                                          လွင့်မောင်မောင်(Admin)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template