ရေးသူ - Mg Byine O |
မိတ္ထီလာမြို့သာ နှစ်ပတ်လောက်ပဲ လုပ်ငန်းကိုင်ငန်း လုပ်လို့မရကြည့်။ မိတ္ထီလာကို မှီခိုနေကြတဲ့ ရွာတွေ တော်တော်များများ ဒုက္ခများပါတယ်။ ကျန်တာကို သိပ်လဲမသိလို့ မပြောတော့ပါဘူး။ ရောင်းဝယ်ဖောက်ကားရေးကို အခြေပြုပြီး နည်းနည်း ပြောပြချင်တယ်။ မိတ္ထီလာနယ်ဖက်မှာ တစ်ပတ်ကို ဈေးရက်ငါးရက် ရှိပါတယ်။ မိတ္ထီလာဈေး၊ သပြေဝဈေး၊ သဲတောဈေး၊ လျှော်ပင်ဈေး နဲ့ ဖရေကုန်းဈေး ဆိုပြီးတော့ပါ။ အဲဒီဈေးကို မှီခိုပြီး အလုပ်လုပ်နေတဲ့ လူတွေကို ရာနှုန်းတော်တော်ကို များပါတယ်။ နောက်ပြီး အဲဒီဈေးနေ့တွေမှာ နယ်သူနယ်သားတွေက ဆိုင်ရာဆိုင်ရာ ဈေးကို သွားပြီး စားဝတ်နေရေးအတွက် ဝယ်ရ ခြမ်းရပါတယ်။ ရောင်းဝယ်ဖောက်ကား လုပ်ကြပါတယ်။ ဒါပေမယ့် လျှော်ပင်ဈေးကလွဲပြီး အခြားဈေးတွေအားလုံးက မိတ္ထီလာဈေးကို မှီခိုပြီး တဆင့်ရောင်းချကြရတာပါ။ မိတ္ထီလာဈေးက ဈေးနေ့မှာ ပိုစည်တတ်ပေမယ့် နေ့တိုင်းဖွင့်တာကိုး။ ထီလာဈေးကို မမှီခိုတဲ့ လျှော်ပင်ဈေးဆိုတာလဲ နွားအဝယ်အရောင်းလောက်နဲ့သာ နာမည်ကျော်ပြီး အိမ်ရှင်မတွေ လိုက်တဲ့ ဈေးတော့ မဟုတ်ဘူးရယ်။ အဲဒီ့တော့ မိတ္ထီလာဈေးသာ နှစ်ပတ်လောက် ရပ်ကြည့်။ ရောင်းဝယ်ဖောက်ကား အလုပ်တွေ တော်တော်ကို တုန့်ကုန်တော့မှာဗျ။ အနည်းဆုံးတော့ ရောင်းဝယ်ဖောက်ကားခြင်းကို အားကိုး စီးပွားရှာနေသူတွေ အားလုံး အလုပ်လက်မဲ့ ဖြစ်ပြီ။ ထပ်ပြောရရင် သီးနှံရောင်းချချိန် ရောက်နေပြီဖြစ်တဲ့ ဒီလိုအချိန်မှာ ကျွန်တော်တို့ ရွာတွေဖက်က တောင်သူဦးကြီးတွေ အိမ်မှာ ကောက်ပဲ သီးနှံတွေ (အခုလိုအချိန် မိတ္ထီလာဖက်မှာ အဓိကကြက်သွန်) ကို ရှိတဲ့နေရာမှာ နေမီးမိုး ဘေးက ကင်းအောင် ထိန်းသိမ်းရတော့မယ်။ တော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ အဲ့တာကြောင့် ဒီလိုဖြစ်နေတာကို ကြည့်ပြီး စိတ်တော်တော်မကောင်း ဖြစ်ရပါတယ်။
"စောစောက အမေကြီးနဲ့ ဖုန်းဆက်တယ်။ တူးထားတဲ့ ကြက်သွန်တွေ ဘယ်လိုရောင်းရမလဲ ငါ့မြေးရယ်။ အမေကြီးတော့ စိတ်ညစ်ပါတယ်။" တဲ့။
တကယ်ကို စိတ်ညစ် စိတ်ပျက်စရာပါ။ သီးနှံတွေ ရွာတွေဖက် ဆင်းဝယ်တဲ့ ပွဲစားတွေ အခြေစိုက်တာက မိတ္ထီလာဈေးထဲမှာလေ။ အခု ဖြစ်နေတဲ့နေရာပေါ့။ ဒီအခြေအနေနဲ့ သူတို့ ဘယ်လိုလုပ် အလုပ်လုပ်လို့ ဖြစ်မလဲ။ တောင်သူတွေဖက်က ကြည့်တော့ ကြက်သွန်က မလှောင်ဘူးလို့ ဆုံးဖြတ်ထားပြီဆိုရင် ချက်ချင်းလက်ငင်း ရောင်းရပါတယ်။ ဈေးလဲ မငြိမ်သလို၊ အလေးချိန်လဲ တရက်နဲ့ တရက် ပိုပို လျော့လာတတ်တာကိုး။ ဈေးတက်နေရင် ကာမိပေမယ့် အခုလို ဥတူးနေတဲ့ကာလမှာ ဈေးက ပိုပိုပြီးသာ ကျကျ လာတတ်တာ တောင်သူတွေတိုင်း သိတယ်လေ။ တစ်ရက်နောက်ကျတာဟာ တစ်သိန်းရှုံးဆိုလဲ ဟုတ်၊ ၁၀ သိန်းရှုံးဆိုလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ပတ်လောက် သာဆိုရင် စဉ်းစားသာ ကြည့်ပါတော့။ နောက်ပြီး တောင်သူအိမ်တိုင်းဟာ လှောင်မယ့် ပမာဏထက် နှစ်ဆလောက် ကြက်သွန်ကို စိုက်တတ်ကြပါတယ်။ အဲဒီတော့ မိုးလုံလေလုံတဲ့ လှောင်စရာနေရာ မလောက်င ပါဘူး။ ရောင်းမရသေးလို့၊ အိမ်ဝိုင်းတလင်းထဲ ပုံထားတုန်း မိုးသာရွာလိုက်မယ် ဆိုရင် အိမ်ထောင်ဦးစီးတွေ အကုန်လုံး သွေးတက်သေလောက်တယ်။ (ထူးခြားချက်အနေနဲ့ ရွာကို ဆင်းဝယ်တဲ့ ပွဲစားတွေထဲမှာ မွတ်စလင်ဘာသာဝင်တွေနဲ့ တရုတ်တွေ များများစားစားကို ရှိနေတယ်။)
မိတ္ထီလာမှာ ဘာအလုပ် လုပ်လုပ်၊ ဓလေ့လို့ဆိုရမလား မသိဘူး။ "မိတ်" ဆိုတဲ့ စကား တော်တော်ကို ခေတ်စားပါတယ်။ သူ့မိတ်မှ သူဆိုပြီး ရောင်းကြ ဝယ်ကြတယ်။ ဈေးနည်းနေရင်တောင် အခြား ဈေးများတာဖက် ပြောင်းမသွားဘူး။ ကိုယ့်မိတ်နဲ့ ကိုယ် ကြိုရောင်း၊ ကြိုဝယ်တွေလဲ အများကြီးပဲ။ အခြားမြို့တွေထက်ကို ပိုပြီးကို ခေတ်စားတယ်။ အဲ့တာကြောင့် ကိုယ့်မိတ် အလုပ်ပြန်လုပ်လို့ မရမခြင်း အခြားတဖက်မှာ ဒုက္ခကြီးကြီးမားမား ရလာစရာက သေချာပေါက် နီးပါးပဲ။
မိတ္ထီလာမှာ ဘာသာဝင်လည်း တော်တော်ကို စုံပါတယ်။ ဟိန္ဓူတွေရော၊ မွတ်စလင်တွေရော၊ ခရစ်ယာန်တွေရော၊ ရိုးရာယုံကြည်မှုတွေပါ ရှိကြတယ်။ အားလုံး စီးပွားရေးကို အတူတူ လုပ်နေကြတာပဲ။ ရောရောထွေးထွေးပဲ။ ဘာပြဿနာမှလည်း မရှိဖူးဘူး။ အတူတူ နေကြတာဆိုတော့ ဘာသာခြား အချင်းချင်းလဲ ခဏခဏ ရန်ဖြစ်ဖူးတာပဲ။ ဒါပေမယ့် ရိုးရိုး ရန်ဖြစ်သလိုပါပဲ။ ဘာမှ ထူးပြီး ဖြစ်မသွားခဲ့ဖူးဘူး။ ရန်ဖြစ်ရင် အမှတ်(၃)၊ အမှတ် (၂)၊ အမှတ် (၁) ဆိုပြီး ရဲစခန်းတွေ စီနေတာပဲလေ။ ရန်ဖြစ်တဲ့လူ အချုပ်ထဲ ရောက်တာပဲ။
ကျွန်တော့် တစ်သက်တင် မဟုတ်ဘူး။ မြန်မာခုနှစ် (၁၃၀၀)ပြည့်နှစ်မှာ ဖွားတဲ့ ကျွန်တော့်အဖွားတစ်သက်မှာတောင် မိတ္ထီလာဆို ကြီးကြီးမားမား မီးလောင်ဖူးတာကလွဲလို့ အခြား ဆူဆူပူပူ မရှိသလောက်ပဲလို့ သိရတယ်။ ကျွန်တော်လည်း အံ့ဩမိတယ်။ စစ်တပ်တွေ စုနေတဲ့ မြို့ဖြစ်နေလို့လား မသိဘူး ဘာသာရေး တိုက်ပွဲ၊ နိုင်ငံရေး တိုက်ပွဲ တကယ်ကို အေးချမ်းပါတယ်။
မိတ္ထီလာကို ရောက်ဖူးတဲ့လူတိုင်း သိကြတယ်။ လူတွေ ရောရောထွေးထွေးနေနေကြတာပဲ။ အဲ့တာလေးက အေးချမ်းပါတယ်။ ကျွန်တော်ကတော့ ဘယ်သူက ဘယ်သူ့ကို ရိုက်ရိုက်၊ ဘယ်သူ့ကို သတ်သတ် ရှုတ်ချပါတယ်။ အခုက ဘာသာရေး စစ်ပွဲ ဖြစ်နေတာ မဟုတ်ဘူး။ ဖြစ်အောင် လုပ်နေကြတာလို့ပဲ မြင်တယ်။ မိတ္ထီလာ မြို့ခံတွေနဲ့ မြို့နီးချုပ်စပ်က ရွာတွေမှာ နေကြတဲ့ လူတွေကို လိုက်မေးကြည့်လိုက်။ (၉၀) ရာနှုန်းလောက်က ဒီလို ခုတ်ထစ်ရိုက်နှက်နေတာကို ဆန့်ကျင်ကြပါလိမ့်မယ်။ အဲ့တာကို သေသေချာချာကို သိတယ်။ အဲ့တာကြောင့်လဲ လူစုခွဲမရအောင် ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေကို မျက်လုံးအပြူးသားနဲ့ ကြောင် ကြည့်နေမိတာ။
"တည်ငြိမ်အေးချမ်းမှုကို လိုလားသည်။ ဆူပူမှုကို မလိုလား။" ဆိုတဲ့ ဗွီဒီယိုဇာတ်ကားအစတွေမှာ လာတတ်တဲ့ စာသားလေးကိုပဲ အမှတ်ရနေတော့တယ်။ တပ်မတော်က လက်တစ်လုံးကြားကနေ မြန်မာနိုင်ငံကို ကယ်တင်လိုက်ပါတယ် ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ ကြေငြာသံကိုလည်း မကြားချင်ဘူး။ ဟူးးးးးး
အခုတော့ ရွာကိုပဲ ပြန်ရောက်ချင်နေတယ်။ အမေကြီး၊ အမေ၊ အကို၊ အမ၊ အန်တီ။ ဦးလေး၊ တူ၊ တူမတွေနဲ့ ဆွေမျိုးတွေကို စိတ်ပူတယ်။ ဒုက္ခသည်တွေရဲ့ လွတ်မြောက်ရာ ပြေးလမ်းက ရွာဖက်ကို ဦးတည်နေလေ ပိုပြီး စိတ်ပူလေပဲ။