လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး ရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဒုတိယ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အဖွဲ့ဝင်များ သည် ယမန်နေ့က မုံရွာမြို့သို့ ရောက်ရှိကြပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် လက် တွေ့ အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် ညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို Win Unity Resort Hotel အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကိစ္စရပ်နှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာ အပေါ် မိမိတို့ အစိုးရ အဖွဲ့ အနေဖြင့် ဆောင်ရွက် ပေးရန် ရှိသည်များကို လာရောက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ မကြာမီ ကာလကပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်က အပြီးသတ် အစီရင်ခံစာ တင်သွင်း၍ ဒေသခံများနှင့် တွေ့ဆုံ ရှင်းလင်းရန် လာရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် အစီရင် ခံစာ၏ တွေ့ရှိ သုံးသပ်ချက်များ အပေါ် ဒေသခံ ပြည်သူလူထု အတွက် အပြည့်အဝ ဆောင်ရွက် ပေးနိုင်ရန် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်း ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကော်မတီ အနေဖြင့် လုပ်ငန်းများကို မြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင်ရန် သိမ်းဆည်း မြေယာများ စိစစ်ရေး အဖွဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုစီးပွား ဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်ရေး အဖွဲ့၊ သာသနိက အဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်း အဖွဲ့တို့ကို ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ မြေယာလျော်ကြေး ကိစ္စရပ်များ၊ စိုက်ပျိုးမြေ ပြန်လည် ဖော်ထုတ် ပေးရေး ကိစ္စရပ်များ၊ စာချုပ်များ ပြန်လည် ပြင်ဆင် ရေး ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းခွင် ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အပြည်ပြည် ဆိုင်ရာ လက်မှတ်များ ရရှိရေး ဆောင်ရွက်ရန် ကိစ္စရပ် များနှင့် ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိရန်၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ဖော်ဆောင် ပေးရန်နှင့် ဒေသခံ ပြည်သူ လူထု၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ပေးသွားရန် လိုအပ်ကြောင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင်လည်း အဖွဲ့အစည်း အသီးသီး အနေဖြင့် တာဝန်ယူကာ အောက်ခြေ အဆင့်ထိ တာဝန်ယူ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
သတင်း - မြ၀တီ