Headlines News :
Home » » ဦးဝင်းတင် နှင့် စကားစမြည်( ပဋိပက္ခများ ဖြေရှင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ သာတူညီမျှ နေထိုင်ရေး အပြောလွယ်သလောက် အလုပ်ခက်သလား)

ဦးဝင်းတင် နှင့် စကားစမြည်( ပဋိပက္ခများ ဖြေရှင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ သာတူညီမျှ နေထိုင်ရေး အပြောလွယ်သလောက် အလုပ်ခက်သလား)

Written By လွင့်မောင်မောင် on Monday, June 24, 2013 | 8:35 PM

ဦးဝင်းတင်နဲ့ မေးခွန်းများ
ပဋိပက္ခများ ဖြေရှင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ သာတူညီမျှ နေထိုင်ရေး
အပြောလွယ်သလောက် အလုပ်ခက်သလား
 
လွန်ခဲ့တဲ့ ရက်သတ္တပတ်က မှော်ဘီသံဃာညီလာခံက ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့တယ်။ အဲသည်နဲ့ တပြိုင်တည်းမှာပဲ မျိုးစောင့်ဥပဒေကြမ်းဆိုတာ သံဃာတော်တွေက တင်သွင်းမယ်ဆိုတဲ့ သတင်းများ၊ ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ပါတယ်။ အဲသည်နောက်မှာ မြန်မာပြည်သူတွေကြားထဲမှာ ဘာသာရေး၊ လူမှုရေး နဲ့ အယူအဆရေးရာ အငြင်းပွားမှုများ၊ အပြန်အလှန် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။
ထိုအချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အမေရိကန်ပြည်ထုတ် တိုင်းမ်စ်မဂ္ဂဇင်းက ၉၆၉ နဲ့ မျိုးစောင့်ဥပဒေကြမ်း လှုပ်ရှားမှုတို့နဲ့ ပတ်သက်ပြီး အာရုံစိုက်ခံနေရသူ ထင်ရှားတဲ့သံဃာ အရှင်ဝီရသူကို မျက်နှာဖုံးတင်ထုတ်လိုက်ရာမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အကြမ်းဖက်မျက်နှာလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ဗုဒ္ဓဘာသာ သံဃာတော်နဲ့ နောက်လိုက်တွေဟာ အကြမ်းဖက်တယ်၊ ဘာသာခြားတွေကို နှိပ်ကွပ်နေတယ် စသည်ဖြင့် ကောက်ချက်ဆွဲ သတင်းဆောင်းပါး ရေးသားလိုက်ပါတယ်။
အဲသည်နောက်ပိုင်းမှာ မြန်မာပြည်တွင်းသာမက နိုင်ငံတကာမှာပါ မြန်မာပြည်တွင်းက ဘာသာခြားများ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ ဒီမိုကရေစီအပြောင်းအလဲများ ဖော်ဆောင်ရေး၊ ပဋိပက္ခများကို အကြမ်းမဖက်ဘဲ ဖြေရှင်းနိုင်ရေးတို့အပေါ် မေးခွန်းများ၊ တင်းမာမှုများ၊ အငြင်းပွားမှုများ၊ အစွန်းရောက်တဲ့ ဝေဖန်ပြစ်တင်မှုများ ဖြစ်ပွားလာပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးကို ဦးတည်တဲ့ အပြောင်းအလဲကာလမှာ ငြိမ်းချမ်းစွာနဲ့ ပဋိပက္ခ ဖြေရှင်းနိုင်ဖို့၊ အမျိုးသား (လူထု လူတန်းစား အားလုံး) ပြန်လည် သင့်မြတ်နိုင်ဖို့၊ မတူကွဲပြားသူများ သာတူညီမျှ နေထိုင်ကြဖို့ဆိုတာ မြန်မာပြည်အတွက် အပြောသက်သက်ပဲ ရှိနေသလား၊ တကယ်တန်း အကောင်အထည်ဖော်နိုင်ဖို့  အလုပ်မဖြစ်နိုင်သေးဘူးလား ဆိုပြီးတော့ ဦးဝင်းတင်ကို မေးမြန်းခဲ့ပါတယ်။
ဦးဝင်းတင်က ဖြေကြားရာမှာ …
“အခုဖြစ်နေတာတွေဟာ “ပဋိပက္ခတွေဖြစ်နေတယ်” ဆိုတာကို အရင်ဆုံး သိရမယ်။ လူမျိုးရေးအခြေခံနဲ့ ပဋိပက္ခတွေဖြစ်တာဟာ သဘာဝပဲ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ တရုတ်နဲ့လည်း ဖြစ်တယ်၊ ကုလားနဲ့လည်း ဖြစ်တယ်၊ ဂေါ်ရင်ဂျီနဲ့လည်း ဖြစ်တယ်။ အင်ဒိုတွေနဲ့လည်း ဖြစ်တယ်။ ဒီလိုဖြစ်တာကို ပဋိပက္ခဖြစ်တယ်လို့ လက်ခံရမယ်။ ရန်ဖြစ်မယ်၊ ရန်ဖက် ဒေါသတွေဖြစ်မယ်။ ဖျက်စီးတာတွေ ဖြစ်မယ်။ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်မယ်။ ဒါကို ဖြေရှင်းဖို့ကတော့ တရားဥပဒေအရပဲ ဖြေရှင်းရမယ်။ အဲသလို မဖြေရှင်းနိုင်ရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်မယ်။ အချင်းချင်း ပြန်လည်သင့်မြတ်ရေးတွေကို ထိခိုက်မယ်။
အခုဟာက ဘယ်လိုဖြစ်နေသလဲဆိုတော့ ပဋိပက္ခကို နောက်ကွယ်ကနေပြီးတော့ လူမျိုးရေးတွေ ဆွဲသွင်းလာတယ်။ ဘာသာရေးတွေ ဆွဲသွင်းလာတယ်။ ဘာသာရေးအစွန်းရောက်တွေ သဘောထားတွေ ဆွဲသွင်းလာကြမယ်။ မိတ္ထိလာမှာဆိုရင် လူတွေအချင်းချင်း ပဋိပက္ခတွေဖြစ်ကြရာကနေ ဘာသာရေးအသွင်ဖြစ်လာတယ်။ လူမှုရေးတွေ ဆွဲသွင်းလာတယ်။ သည်တော့ မူဆလင်တွေပဲတို့၊ မြန်မာတို့၊ ရခိုင်တို့ စတာတွေပါ ဖြစ်လာတယ်။ လူတွေကြားထဲမှာ ဒါကို သဘောပေါက်အောင် နားလည်အောင် လုပ်ဖို့လိုတယ်။ အစိုးရကိုယ်တိုင်ကလည်း ဒါကို နားလည်ဖို့ လိုတယ်။ သဘောထားရမယ်။ ဒီလိုမျိုး ပဋိပက္ခကို လူတွေအချင်းချင်းကြားထဲမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ဖြစ်တယ်လို့ဆိုရင် တရားဥပဒေနဲ့ ဖြေရှင်းအရေးယူရမယ်။ တရားဥပဒေစိုးမိုးရေး မျက်နှာစာနဲ့ ကိုင်တွယ်ရင် ပြေလည်သွားမယ်လို့ ပြောရမယ်။
ဒါပေမယ့် အခုဟာက ပြည်တွင်းကပဋိပက္ခဆိုတာကို ဘာသာရေး အသွင်၊ လူမှုရေးအသွင်တင် မကတော့ဘူး၊ နိုင်ငံတကာမှာပါ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေ ဖြစ်တာတို့၊ ဗမာတွေနဲ့ ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေ ဖြစ်နေတာတို့ ဆိုတာမျိုးပါ ဆွဲသွင်းလာတယ်။ နောက်ဒီထက်ပိုလာတာက နိုင်ငံရေးအသွင်ကိုပါ ဆွဲလာကြတာ။ ဒီမိုကရေစီအပြောင်းအလဲကို မလိုချင်တဲ့ အောင်သောင်းတို့ ဘာတို့က လုပ်နေတာတို့ဆိုပြီး ပြောဆိုလာကြပြန်တယ်။ နိုင်ငံရေးလမ်းကြောင်းကို နောက်ကြောင်းပြန်ချင်တဲ့သူတွေရဲ့ လက်ချက်လား ဘာညာဆိုပြီး ဖြစ်လာကြပြန်တယ်။ အခြေအနေက ပိုပိုပြီး ခက်ခဲလာအောင် လုပ်နေကြသလို ဖြစ်နေတယ်။
ဒါကြောင့် ကျနော့်အနေနဲ့ ပြောရရင်တော့ ပဋိပက္ခကို ဖြေရှင်းကြတယ်ဆိုတဲ့ နေရာမှာ အကောင်းဆုံးကတော့ အစိုးရတွေ သက်ဆိုင်ရာတွေကလည်း ဘာသာရေးတွေ ဘာတွေဆိုပြီး မီးမောင်းထိုးပြီး ဖြေရှင်းတာထက်၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပဋိပက္ခတွေ ဖြစ်နေတာကို ဖြောင်းဖြောင်းဖြဖြနဲ့ ဖြေရှင်းတာမျိုး လုပ်ရမယ်။ နောက်တခါ အစွန်းရောက်တွေ ဘာတွေဆိုတာမျိုး၊ နိုင်ငံရေးလုပ်ကြံတာတွေ ဘာတွေ ဆိုတာမျိုးတွေ မပါဘဲနဲ့ အခြေခံကျတဲ့ တရားဥပဒေစိုးမိုးရေးနည်းလမ်းနဲ့ပဲ ထိထိရောက်ရောက် ဖြေရှင်းတာ အမြန်ဆုံး အကောင်းဆုံးပဲလို့ ပြောချင်တယ်။
အဲသလိုမဟုတ်ပဲ ဟိုဟာ ဒီဟာတွေ ဆွဲသွင်းလာကြရင်တော့ ပြီးတော့မှာ မဟုတ်ဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ ဆိုတာတွေက အများကြီး ဝေးသွားမှာပဲလို့ ပြောချင်တယ်။
နောက်တခုကတော့ …အခုလိုမျိုးအခြေခံကျတဲ့ ပြသနာတွေကို အေးအေးဆေးဆေး မဖြေရှင်းနိုင်ခဲ့ကြရင် ပြည်တွင်းငြိမ်းချမ်းရေးကိုပါ ထိခိုက်လာနိုင်တယ်ဆိုတာကို သိထားကြစေချင်တယ်။ အရင်တုန်းကလည်း ဗမာတို့ ဘာတို့ ငြင်းကြတာတွေ၊ ဘာသာရေးကိစ္စတွေ ဖြစ်ကြတာတွေ၊ နိုင်ငံရေးမှာလည်း နယ်ချဲ့တို့ လက်ကိုင်တုတ်တို့ ဘာညာတွေ ဖြစ်ပျက်ကုန်ကြတာမှာ အခြေခံကျကျ ပဋိပက္ခကို မဖြေရှုင်းခဲ့ကြလို့ ကိုယ့်လူမျိုးစွဲ၊ ဒေသစွဲတို့တွေပါလာတယ်။ အာဏာကိစ္စတွေ ပါလာတယ်။ ပြည်တွင်းမှာ ငြိမ်းချမ်းရေးတွေ ထိခိုက်ပျက်စီးကုန်ခဲ့ရတယ်။
အဲသည်မှာ အမျိုးစောင့်ဥပဒေတင်သွင်းရေးဆိုတာတွေကိုလည်း စဉ်းစားကြည့်ကြစေချင်တယ်။ အမျိုးစောင့်တယ်ဆိုတာ အစွန်းရောက်ဖို့ ပိုနီးတယ်ပေါ့ကွာ။ အမျိုးစောင့်တယ်ဆိုတာ လူတိုင်းက သိနေကြတာပါပဲ။ ဘာသာရေးတွေမှာလည်း ဟောကြ ပြောကြတာပဲ။ အစိုးရတို့ လူမှုအသိုင်းအ၀ိုင်းတို့၊ ဘာတို့မှာလည်း ကိုယ့်အမျိုးတို့ ဘာတို့ကို စောင့်ရှောက်ရတယ်တို့၊ ထိန်းသိမ်းရတယ်တို့ ဆိုတာ ရှိနေတာချည်းပဲ။ လူတိုင်းဆီမှာ ယေဘူယျ ရှိကြတာချည်းပါပဲ။ ဒါပေမယ့် ဒါကို ဥပဒေတခုလိုမျိုး လုပ်မယ်ပြုမယ် ဆိုလာခဲ့ရင်တော့ ဘာသာအယူအဆတခုခုဖက်ကို အစွန်းရောက်သွားမယ်၊ ယဉ်ကျေးမှု တခုခုစီကို အစွန်းရောက်သွားမယ်။ ကျနော်ကတော့ အဲလိုမျိုး တင်သွင်းလာမယ်ဆိုတာမျိုးကို သဘောမကျဘူးပေါ့ကွာ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုလည်း စောင့်ရှောက်ရတယ်။ ကိုယ့်အမျိုး ကိုယ့်လူမျိုးကိုလည်း စောင့်ရှောက်ရတယ်။ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရတယ်။ ကိုယ့်မိသားစုကို စောင့်ရှောက်ရတယ်။ ဒါက ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စပဲ။ ဒါကို ဥပဒေလိုမျိုး လုပ်လာရင် အခုက ဒီဘာသာနဲ့ ဟိုဘာသာကို ကန့်သတ်တာလုပ်လာတယ်။ အခုဒီလူနဲ့ ဟိုလူနဲ့ မယူရဘူး လုပ်လာတယ်။ နောင်ကျရင် ကိုယ့်လူမျိုးတွေအချင်းချင်းမှာပါ ကန့်သတ်တာတွေ ချုပ်ခြယ်တာတွေ လုပ်လာကြရင် ဘယ်နှယ့်လုပ်မလဲ။ အစွန်းရောက်တရားတွေ အယူအဆတွေကို လမ်းဖွင့်ပေးသလို ဖြစ်သွားမယ်လေ။
            နောက် တခု ကြုံတုန်းပြောချင်တာက နိုင်ငံရေးကိစ္စပေါ့ကွာ။ လက်ရှိမှာ မင်းတို့ကပြောတယ် ဟုတ်လား၊ အင်န်အယ်ဒီနဲ့ ၈၈မျိုးဆက်တွေက အားကောင်းတဲ့ နိုင်ငံရေးအင်အားစုတွေ ဖြစ်တယ် ဘာညာလို့ ပြောကြတယ်။ တကယ်တမ်းကတော့ အခုလက်ရှိမှာက အင်အားကြီးတဲ့ပါတီက ကြံ့ဖွံ့ပေါ့ကွာ။ အင်န်အယ်ဒီက သူ့နောက်က ဒုတိယပေါ့။ စီးပွားရေးတို့ဘာတို့မှာ လုပ်တတ်တာ ဘာရှိသလဲဆိုတော့ သူက အကြီးဆုံးစီးပွားရေးကုမ္မဏီကြီးပေါ့ကွာ။ ပြိုင်ဖက်တွေက ဒုတိယတို့၊ တတိယတို့ ရှိတာပေါ့။ အဲသည်မှာ အကြီးဆုံးကုမ္မဏီက ကွဲပြလိုက်တယ်။ နောက်တခု ခွဲပြလိုက်တယ်။ အဲသည်ကျတော့ အဲသည်မှာ လူတွေက စိတ်ဝင်စားမှုက အဲသည်ကို ရောက်သွားပြီ။ သူတို့ ကုမ္မဏီကြီးက ၂ ခု ဖြစ်သွားတော့ နံပါတ် ၁ နဲ့ ၂ နဲ့ အကြီးဆုံးနေရာ ယူလိုက်တော့ ခုနင်က ဒုတိယအကြီးဆုံးဆိုတဲ့ ပြိုင်ဖက်က အလိုလိုနေရင်း တတိယဖြစ်သွားရော။ ဟုတ်လား။
            နိုင်ငံရေးမှာလည်း သည်လိုပဲ။ အိန္ဒိယမှာ အင်ဒရာဂန္ဒီတို့ အကြီးဆုံးကွန်ဂရက်ပါတီကြီးက အချင်းချင်းကွဲကြတာ။ ပါတီ ၂ ခု တွေ ဘာတွေ ဖြစ်သွားတယ်။ ကျန်တဲ့သူတွေက သူတို့ကွဲကုန်ပြီ ဆိုပြီး ၀မ်းသာကြတာ၊ တကယ်ကျတော့ သူတို့တွေကပဲ အင်အားအကြီးဆုံး ပါတီကြီး ၂ ပါတီ ပြန်ဖြစ်သွားတော့ ကျန်တဲ့ပါတီတွေက အလိုလိုနေရင်း နောက်ဆုတ်ပေးလိုက်ရသလို ဖြစ်သွားတာပေါ့ကွာ။
            မြန်မာပြည်မှာလည်း ဟိုတုန်းက ဖဆပလ ၂ခြမ်းကွဲတယ်။ အဲသည်မတိုင်ခင်က ဖဆပလပြီးရင် ပမညတက ဒုတိယအကြီးဆုံး ပါတီကြီးပေါ့ကွာ။ ဖဆပလက သန့်ရှင်းနဲ့ တည်မြဲဆိုပြီး ကွဲလိုက်တော့ သန့်ရှင်းနဲ့ တည်မြဲက မဲတွေ ရှေ့ဆင့်နောက်ဆင့်တွေ ရကုန်ကြတော့ နောက်က ပမညတက တတိယအလိုလို ဖြစ်သွားပြီး မဲတောင် မရတော့တဲ့အဆင့်ကို ရောက်သွားဖူးတယ်။
            အခုလည်း ဒီလိုပဲ။ ကြံ့ဖွံ့ပါတီကလည်း ညီလာခံတွေ လုပ်နေတယ်။ သိန်းစိန်နဲ့ ရွှေမန်းက တမျိုးစီ ပြောနေကြတယ်။ သိန်းစိန်ကလည်း သမ္မတလုပ်မယ်။ ရွှေမန်းကလည်း သမ္မတပဲ။ သူက အင်န်အယ်ဒီနဲ့တောင် ညွန့်ပေါင်းဖွဲ့ဦးမယ်တောင်ပြောတယ်။ ပါတီထဲမှာက ရွှေမန်းက ဥက္ကဌဖြစ်လာတယ်။ သည်တော့ ကြံ့ဖွံ့ပါတီက သူတို့အချင်းချင်း ကွဲတာပဲဖြစ်ဖြစ်၊ ကွဲချင်ယောင်ဆောင်တာပဲ ဖြစ်ဖြစ်၊ ကွဲတာတွေ၊ ခွဲတာတွေနဲ့ ပါတီ ၂ ခု ဖြစ်သွားမယ်ဆိုရင် အင်န်အယ်ဒီက အလိုလိုနေရင်းကနေ တတိယတန်းပါတီနေရာတောင် ရောက်သွားမလားလို့ တွေးနေမိတယ်ကွ။
            သူတို့ပါတီကိုယ်၌မှာ မကွဲရင်တောင်မှ ရွေးကောက်ပွဲမှာ ရွှေမန်းအုပ်စုတို့၊ သိန်းစိန်အုပ်စုတို့ ဆိုပြီး ထွက်လာရင်လည်း အင်န်အယ်ဒီပါတီကိုယ်တိုင်က အလိုလိုနေရင်းကို နောက်ဆုတ်သွားရတာမျိုး ဖြစ်သွားမလားလို့ စဉ်းစားမိတာကို ပြောလိုက်ချင်တယ်။ အေး မင်းတို့ဖက်ကလည်း ကြည့်ပြီးတော့ ပြောကြ ရေးကြဦးလေကွာ။ ကောင်းပြီ၊ ဒီလောက်ပဲကွာ။ ဒီမှာ ဧည့်သည်တွေ ရောက်လာပြန်ပြီ။ နောက်တွေ့ကြသေးတာပေါ့။
(ဟုတ်ကဲ့ပါဆရာ …)
မိုးမခhttp://moemaka.blogspot.com/2013/06/interview-with-u-win-tin-conflict.html
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template