Home »
ဆောင်းပါး
» ဝေဒနာရှင်များ တရားသံများနာကြားနိုင်ပြီ(ကျော်သူ)
ဝေဒနာရှင်များ တရားသံများနာကြားနိုင်ပြီ(ကျော်သူ)
လူသတ္တဝါ မှန်သမျှတို့သည်
မအိုချင်ဘဲ အိုကြရပေလိမ့်မည်။ မနာချင်ဘဲ နာကြရပေလိမ့်မည်။ တစ်နေ့နေ့၌
မသေချင်ဘဲလည်း မုချသေကြရပေလိမ့်မည်။ တစ်နေ့နေ့၌ ရှောင်လွဲ၍မရ
ရင်ဆိုင်ကြုံတွေ့ ရမည့် (သေဆုံးခြင်း)ကိစ္စတစ်ခုအတွက်
တရားသဘောအား နှလုံးသွင်းကာ ကြိုကြိုတင်တင် ပြင်ဆင် ဆောင်ရွက်
လေ့ကျင့်ပေးထားခြင်းဖြင့် မကွယ်လွန်မီ လူ့ဘဝ၌ ကောင်းမှုကုသိုလ်များ
များစွာပြုလုပ်ခဲ့ပြီး တရားကျင့်ကြံပွားများအားထုတ်မှုများ
ပြုလုပ်ပါလျှင် ပြိတ္တာဘုံသို့ မည်သို့မျှ မရောက်ရှိနိုင်ပေ။ ကောင်းမွန်
သော ဘုံဘဝသို့သာ ရောက်ရှိရမည်ဟူ၍ သင် တထစ်ချ ယုံကြည်နေသည်ဆိုပါအံ့။
ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ ပုထုဇဉ်သတ္တဝါတို့သည် ကွယ်လွန်သွားကြချိန်တွင် -
၁။
နတ်ဘုံသို့ လားရောက်ရခြင်း (ဒေဝဂတိ)
၂။ လူ့ဘုံသို့ လားရောက်ရခြင်း
(မနုဿဂတိ)
၃။ တိရစ္ဆာန်ဘုံသို့ လားရောက်ရခြင်း (တိရစ္ဆနဂတိ)
၎။ ငရဲဘုံသို့
လားရောက်ရခြင်း (နိရယဂတိ)
၅။ ပြိတ္တာဘုံသို့ လားရောက်ရခြင်း (ပေတဂတိ) ဟူသော
လားရာဂတိ ငါးမျိုးဟောကြားခဲ့ပါသည်။
၁၈.၆.၂ဝ၁၃ ရက်နေ့ထုတ်
ပေါ်ပြူလာဂျာနယ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏
အင်တာဗျူးအား “ဝင်း” ဆံသဆိုင်မှ ဦးသန်းဝင်းသည် ဖတ်ရှုခဲ့ချိန်၌
အိပ်ရာထက်တွင် လှဲလှောင်းနေရရှာသည့် သူ၏မိခင်ကြီး ဒေါ်သန်းကြည် အသက် (၉၂)
နှစ်အား ၂၄. ၆. ၂ဝ၁၃ ရက်နေ့တွင် တာမွေမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်သို့၎င်း၊
၂၅.၆.၂ဝ၁၃ ရက်နေ့တွင် ယင်းကဲ့သို့ပင် ပေါ်ပြူလာ ဂျာနယ်အား ဖတ်ရှုမိခဲ့သူ
ကိုအောင်သူရသည်လည်း သူ၏ဖခင်ကြီး ဦးထွန်းကြည် အသက် (၇၈) နှစ်သည်
လေငန်းရောဂါ ဝေဒနာ ပြင်းထန်စွာခံစားနေရသည့်အတွက်
သာကေတမြို့နယ်၊ အနော်မာရပ်ကွက်သို့ ၄င်း၊
၂၆.၆.၂ဝ၁၃ ရက်နေ့တွင် ထပ်မံ၍
ဆက်သွယ်လာခဲ့သည့် ကိုရဲဝင်းသည် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာအား
ဖတ်ရှုခဲ့ရပြီး ချက်ချင်းဆိုသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့
ဆက်သွယ်ခဲ့ရာ ညီတော်စပ်သူ ကိုသူရကျော် အသက် (၃၁) နှစ်သည် အသည်းရောဂါ
ဝေဒနာအား ပြင်းထန်စွာခံစား နေရပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ တက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေသူအတွက်၎င်း ...
အစ ရှိသည့်
ရောဂါဝေဒနာများအား ခံစားနေရသော ကာယကံရှင်တို့၏ ဆန္ဒ (သို့) မိသားစုဝင်
ညီအစ်ကို၊ မောင်နှမ၊ သားသမီးတို့သည် ဝတ္တရားကျေပွန်စွာဖြင့်
ကောင်းမှုကုသိုလ်ပြုလိုသည့် ဆန္ဒအရ သံဃာတော် အရှင်သူမြတ်တို့၏ မေတ္တာပို့သမှု၊
တရားဒေသနာတော်များနာကြားလိုမှု၊ ပရိတ်/ပဋ္ဌာန်း
ဒေသနာတော်များ ရွတ်ဖတ်ခြင်းအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့
အကူအညီတောင်းခံရာ ဝဋ်ကြွေးတော်ပြေ စေတီတော်၊ ရန်အောင်မြေကျောင်းတိုက်ရှိ သံဃာတော်များတို့အား ပင့်လျှောက်၍ ကာယကံရှင်ရှိရာ နေအိမ် (သို့) ဆေးရုံများသို့သွားရောက်၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဝေဒနာရှင်များတို့မှ ကိုယ်တိုင်ကိုယ်ကျ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်
လှူဒါန်းမှုအစုစုတို့အတွက် ဝေဒနာရှင်များနှင့် မိသားစုဝင်များတို့မှ
ရေစက်သွန်းချ၍ ကုသိုလ်ကောင်းမှု အစုစုတို့အား အမျှပေးဝေခဲ့ကြပေသည်။
လူသားတိုင်းအနေဖြင့် နေ့စဉ်နေ့တိုင်း တစ်နေ့ (၃) ကြိမ်ခန့်
သရဏဂုဏ်တင်ဆောင်သင့်ပေသည်။ လူသားတိုင်းသည် အချိန်မရွေး သေဆုံးနိုင်သည်။
ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်သည့်အတွက် ကိုယ်တိုင် သရဏဂုဏ်တင်ဖို့ လိုအပ်သည်။
မိသားစုဝင် (သို့) သံဃာတော်များတို့မှ လုပ်ဆောင်ပေးခြင်းသည် ထိုသူ အတွက်
ရရှိကောင်းမှ ရရှိမည်ဖြစ်သည်။ နောက်ဆုံးချိန်တွင်
သားသမီးကောင်းရှိဖို့နှင့် မိတ်ဆွေကောင်း ရှိဖို့ရန် အထူးအရေးကြီးပြီး
ဝေဒနာရှင်၏ ဘေး(အနီး)တွင် လာရောက်၍ မျက်ရည်ကျ ငိုယိုနေခြင်းသည်
၎င်းဝေဒနာရှင်အား အပယ်ငရဲဘုံသို့ တွန်းပို့နေခြင်းဖြစ်သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
ဝေဒနာရှင်များအတွက် ဇူလိုင် (၁၉) အာဇာနည်နေ့ရက်မှစတင်၍
အကောင်အထည်ဖော်မည်ဟု ဥက္ကဋ္ဌ ဦးကျော်သူမှ အင်တာဗျူးများတွင်
ပြောကြားခဲ့သော်လည်း ကောင်းမှုကုသိုလ်ပြုလုပ်ရန်အတွက် နေ့ရက် သတ်မှတ်၍ လုပ်ဆောင်ရန် မလိုအပ်သည့်အတွက် ယခုကဲ့သို့ ဂျာနယ်၊ သတင်းစာများ၌ ဖတ်ရှုမိသူတို့၏ ဆက်သွယ်အကြောင်းကြားလာခြင်းတို့ကြောင့် ချက်ချင်းအကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ “ကုသိုလ်လုပ်သည့်နေ့သည်ကား - ရက်ရာဇာ” “အကုသိုလ်လုပ်သည့်နေ့သည်ကား - ပြဿ ဒါး” ပင်ဖြစ်တော့သည်။
ကျော်သူ
 |
ဓာတ်ပုံ-ကျော်သူ(Facebook) |