တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီ၊ ကြယ်ဂေါင်ဒေသများတွင်
တရုတ်နှစ်သစ်ကူးကာလအတွင်း ၀င်ထွက်ခွင့်လက်မှတ် မပါရှိသူများကို တရုတ်ရဲမှ
နေ့စဉ် စစ်ဆေးဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
ယင်းကဲ့သို့ ဖမ်းဆီးမှုမျိုးကို ယခင်လများအတွင်းက တစ်လလျှင် တစ်ကြိမ်၊
နှစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ
နီးလာချိန်တွင် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရှိရသည်။
““ဖမ်းတာက နေ့တိုင်းဖမ်းနေတာ၊ နံနက် ၆ နာရီကနေ ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၂
နာရီ နောက်ပိုင်းကနေ မိုးချုပ်ထိ မထင်ရင်မထင်သလို ဖမ်းနေတာ၊ ဖမ်းမိရင်
တရုတ်ယွမ်ငွေ ၅၀၀ နဲ့ ပြန်ရွေးရတယ်။ မရွေးနိုင်ရင်
တရုတ်ထောင်သုံးလကျခံရတယ်””ဟု ကြယ်ဂေါင်ဒေသတွင် ကျောက်စိမ်းလုပ်ငန်း
လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
ဖမ်းဆီးသည့်နေရာမှာ ကြယ်ဂေါင်ရွှေလီတံတားအလွန် နေရာနှင့် တရုတ်-မြန်မာနယ်စပ်
စည်းရိုးခတ်ထားသော ဆင်ဖြူပေါက်သံဆန်ခါခိုးဝင်ပေါက်နေရာများ၊
စက်လှေဆိပ်များတွင် အဓိက ဖမ်းဆီးမှုပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
““မှတ်ပုံတင်မရှိတဲ့သူတွေက ခိုးပေါက်ကနေ၀င်ကြတယ်။ ခိုးပေါက်က
သံဆန်ခါကာထားတဲ့နေရာမှာ လူဝင်ပေါက်လုပ်ထားတာ။ မိရင်မလွယ်ဘူး။
မရွေးနိုင်တဲ့လူတွေကို အလုပ်စခန်းတွေကို အပို့ခံရတယ်။ ဒီရက်ပိုင်း
မိတဲ့သူတွေများတယ်””ဟု ရွှေလီမြို့အတွင်းရှိ အလှပြင်ဆိုင်တစ်ခုမှ မအေးနန်းက
ပြောသည်။
တရုတ်-မြန်မာနယ်စပ်ဖြတ်သန်းခွင့်အတွက် ၆ ညအိပ် ၇ ရက် လက်မှတ်ကို
ငွေတစ်ထောင်ကျပ်ဖြင့် ပြုလုပ်ပေးနေသော်လည်း မှတ်ပုံတင်မရှိသူများနှင့်
အကြောင်းအမျိုးမျိုးကြောင့် နယ်ဒေသများမှ လာရောက်အလုပ်လုပ်သူများမှာ
တစ်ခါတစ်ရံတွင် ၀င်ထွက်ခွင့်လက်မှတ်မပြုလုပ်ဘဲ ခိုးပေါက်များမှ
ဝင်ထွက်လေ့ရှိရာ တရုတ်ရဲများက မကြာခဏ ဖမ်းဆီးလေ့ရှိသည်။ ယခု
တရုတ်နှစ်သစ်ကူးကာလဖြစ်နေ၍ ဆက်တိုက်ဖမ်းဆီးမှုများ
ပြုလုပ်နေခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံအချို့က သုံးသပ်ပြောကြားသည်။
Author: ကံသာ
7day Daily