
ရှမ်းပြည်နယ်ထဲမှာ ခရီးလှည့်လည်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့ ညနေပိုင်းမှာ တောင်ကြီးမြို့ အဝေယာ မီးပုံပျံကွင်းမှာ လူထုနဲ့ တွေ့ဆုံဟောပြောဖို့ ရှိနေပါတယ်။
ဒါပေမယ့် မနေ့က ညနေပိုင်းအထိတော့ အာဏာပိုင်တွေက ခွင့်ပြုမိန့်မပေးသေးဘူးလို့ ပွဲစီစဉ်ကြီးကြပ်နေတဲ့ အောင်မြေဘုံစံကျောင်း ဆရာတော် ဦးခေမာနန္ဒ က ပြောပါတယ်။
အဆိုပါ မြေနေရာ အဝေယာ မီးပုံပျံ ကွင်းဟာ တပ်မတော်ပိုင် မြေဖြစ်ပါသဖြင့် ခွင့်မပြုကြောင်း အကြောင်းကြားပါသည်လို့ ပြန်စာမှာ ရေးသားထားပြီး အောက်မှာ ဗိုလ်မှူးကြီး အောင်သူ နယ်စပ်ရေးနဲ့ လုံခြုံရေးရာ ဝန်ကြီး ရှမ်းပြည်နယ် အစိုးရလို့ ဖော်ပြထားကြောင်း ဆရာတော် ဦးခေမာ နန္ဒက ဆိုပါတယ်။
ဆရာတော် ဦးခေမာနန္ဒက ခွင့်ပြုချက်မရရင်လည်း မူလအစီအစဉ်အတိုင်း ဆက်လက် ကျင်းပသွားမယ်လို့ ဆိုပြီး ပရိသတ် သောင်းချီတက်ရောက်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)