
ကမ္ဘာကျော် ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာဆိုတာ မြန်မာနိုင်ငံသား မန္တလေးဒေသဖွား အိန္ဒိယအမျိုးသား မာရာဝါရီလူမျိုး တစ်ယောက်ပါ။ နာမည် အပြည့်အစုံကတော့ ဆတျနာရာယန်း ဂိုအင်ကာ (Satya Narayan Goenka) ပါတဲ့။ မင်းတုန်းမင်း လက်ထက်ကတည်းက အိန္ဒိယပြည်ကနေ မြန်မာပြည် မန္တလေးကို ပြောင်းရွှေ့အခြေချခဲ့တဲ့ ကုန်သည်မျိုးရိုး မိဘဘိုဘွားတို့ကနေ ပေါက်ပွားလာတဲ့ သူတစ်ယောက်ပါ။
ငယ်ငယ်ကတည်းက ကျောင်းထွက်ပြီးတော့ မိဘတွေရဲ့ ဆန်စက်၊ ဖွဲနုစက်နဲ့ ပလပ်စတစ်စက်တွေကို အောင်မြင်စွာ ဦးစီးလုပ်ကိုင်နိုင်ခဲ့တဲ့ စီးပွားရေးထူးချွန်တဲ့ သူတစ်ယောက်ပါတဲ့။ ငယ်စဉ်ကတည်းက တစ်ပတ်တစ်ခါလောက် ခံစားရတဲ့ ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရတဲ့သူပါ။ ပြည်တွင်းပြည်ပက ဆရာဝန်ကြီးတွေနဲ့ ကုသလို့ မပျောက်တဲ့ ရောဂါကို အသက်အရွယ် ကြီးတဲ့အထိ ခံစားခဲ့ရသူပါ။ မတတ်နိုင်တဲ့အဆုံး မော်ဖင်းထိုးပြီးတော့ ရောဂါသက်သာအောင် လုပ်ရတဲ့အဆင့် ဖြစ်ခဲ့ပါတယ်။
ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရတာမှာ ကောင်းတဲ့တစ်ချက်က ရောဂါပျောက်ချင်ဇောနဲ့ လယ်တီမူ အနာဂါမ်ဆရာသက်ကြီးရဲ့ ဝိပဿနာရှုနည်းနဲ့ တရားပြနေတဲ့ ငွေစာရင်း မင်းကြီးဟောင်း ဦးဘခင်ရဲ့ အပြည်ပြည်ဆိုင်ရာ ဝိပဿနာရီပ်သာ (IMC) ကို ၁၉၅၅ ခုနှစ်မှာ စတင်ရောက်ရှိ တရာထိုင်ခဲ့တာပါပဲ။ ပါရမီထူးလို့ ပြောလို့ရတာက တရားစထိုင်တဲ့ နေ့ကစပြီး ဝဋ်နာကံနာလို ဖြစ်နေတဲ့ ခေါင်းကိုက်ဝေဒနာက ယူပစ်သလို ပျောက်ကင်းသွားတာပါပဲတဲ့။
တရားထိုင်ပြီး ၁၀ ရက်အတွင်းမှာပဲ တရားရဲ့ အနှစ်သာရကို ရရှိသွားပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများကို ပိုမိုနားလည် သဘောပေါက်အောင် ကျင့်ကြံအားထုတ်ရင်း အဲ့ဒိအချိန်ကစလို့ သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင်စစ်စစ်ကြီး ဖြစ်ခဲ့ပါသတဲ့။ ဒီရဲ့အကျိုးကတော့ ၁၉၆၂ခုနှစ်မှာ နိုငငံတော်အစိုးရက လုပ်ငန်းကြီးတွေကို ပြည်သူပိုင်လုပ်ရာက သူ့စီးပွားရေးတွေ ပါဝင်ခဲ့ပေမယ့် လောကဒဏ်ကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ပါသတဲ့။
သူ့ဆရာရင်း ဆရာကြီး ဦဘခင်ဆီမှာ ၁၀နှစ်ကြာအောင် ဟင်ဒီယောဂီတွေအတွက် ဘာသာပြန်လုပ် ကုသိုလ်ယူပြီး ဝိပဿနာကို ပြန့်ပွားအောင် ဆောင်ရွက်ကြိုးပမ်းခဲ့ပါသေးတယ်။ ၁၉၆၂ ခုနှစ်မှာ အိန္ဒိယပြည်ကို ပြန်သွားပြီးတော့ မိခင်၊ ဖခင်အပါအဝင် ဆွေမျိုးတွေကို တရာပြရင်းနဲ့ ဝိပဿနာ သဘောတရားကို မိတ်ဆွေသင်္ဂဟတွေကို ဟောပြောပြသရင်း ကမ္မဋ္ဌာန်းဆရာတစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။
ဆရာကြီးဟာ အိန္ဒိယပြည်မှာ အမြဲတမ်း ကမ္မဋ္ဌာန်းရိပ်သာကြီး သုံးခုဖွင်ပြီးတော့ အိန္ဒိယနိုင်ငံသားတွေတင် မကပဲနဲ့ ကမ္ဘာအရပ်ရပ်က လူမျိုးမရွေး ဘာသာမရွေး အေးချမ်းစွာ တရားအားထုတ် ကျင့်ကြံနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ တရားအနှစ်သာရတွေကို ပြသပေးနိုင်ခဲ့ပါတယ်။ ပြည်ပနိုင်ငံစုံကို သွားရောက်ပြီးတော့ ဝိပဿနာ သင်တန်းတွေကို ပို့ချပေးနိုင်ခဲ့ပါတယ်။ ယောဂီတွေသာမကပဲ တရာဟောဆရာ များစွာကိုလဲ မွေးထုတ်ပေးခဲ့ပါတယ်။
မြန်မာပြည်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာကို အရယူနိုင်ခဲ့ပြီးလို့ ကျွေးကြော်နိုင်ခဲ့တဲ့ ဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီးဟာ အသက် ၉၀ အရွယ်ရှိပြီးတော့ မနေ့က တနင်္ဂနွေနေ့ည ၁၀နာရီ မိနစ်လေးဆယ် အိန္ဒိယ စံတော်ချိန်မှာပဲ အိန္ဒိနိုင်ငံ မွန်ဘိုင်းမြို့မှာ ဘဝပြောင်းသွားခဲ့ပါပြီ။ သိပ်တန်ဖိုးရှိတဲ့ သူတစ်ယောက် ဆုံးရှုံးရလို့ ဝမ်းနည်းမိပါတယ်။ ဆရာကြီး ကောင်းရာသူဂတိ လားပါစေဆိုတာ တောင်းစရာမလိုတဲ့ ဆုဖြစ်မှာပါ။
အေးချမ်းတဲ့ တရားသိတဲ့သူရဲ့ ဘဝကူးပြောင်းသွားတာအတွက် ဝမ်းနည်းမှုဟာ သူ့အတွက်မဟုတ်ပဲနဲ့ ကိုယ်ကိုတိုင်အတွက်ပဲ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ=ဒေါင်းမာန်ဟုန်