Headlines News :
Home » , » ပုံနှိပ်မီဒီယာများ၏ ၀င်ငွေထက် အဆ ၂၀ မှ အဆ ၅၀ အထိ ပိုမိုရရှိနေပြီး ထိပ်တန်းအခွန်ဆောင် စာရင်းတွင် ပါဝင်မလာသည့် Forever နှင့်ရွှေသံလွင် ရုပ်သံမီဒီယာများ၏ အခွန်ဆောင်မှုနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဆက်စပ်ပတ်သက်မှုအား စစ်ဆေးကာ အများပြည်သူသို့ ချပြသင့်

ပုံနှိပ်မီဒီယာများ၏ ၀င်ငွေထက် အဆ ၂၀ မှ အဆ ၅၀ အထိ ပိုမိုရရှိနေပြီး ထိပ်တန်းအခွန်ဆောင် စာရင်းတွင် ပါဝင်မလာသည့် Forever နှင့်ရွှေသံလွင် ရုပ်သံမီဒီယာများ၏ အခွန်ဆောင်မှုနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဆက်စပ်ပတ်သက်မှုအား စစ်ဆေးကာ အများပြည်သူသို့ ချပြသင့်

Written By လွင့်မောင်မောင် on Friday, October 4, 2013 | 11:52 AM

   
                    
                                    (Eleven Media Group ၏ သတင်းဆောင်းပါး)     

ပုံနှိပ်မီဒီယာများ၏ ၀င်ငွေထက် အဆ ၂၀ မှ အဆ ၅၀ အထိ ၀င်ငွေရရှိနေသော်လည်း နိုင်ငံတော်မှ ထုတ်ပြန်သည့် ထိပ်တန်း အခွန်ထမ်းစာရင်းတွင် ပါဝင်မလာသည့် Forever Group နှင့် ရွှေသံလွင် မီဒီယာတို့၏ အခွန်ပေးဆောင်မှုနှင့် ပြန်ကြားရေး ၀န်ကြီးဌာနအကြား ပတ်သက်ဆက်စပ်မှုကို စစ်ဆေးကာ အများပြည်သူသို့ ချပြသင့်သည်ဟု မြင်သည်။

Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် မီဒီယာနှင့် Forever Group တို့အား လုပ်ကိုင်ခွင့်ပြုရာတွင် ဥပဒေမရှိဘဲ ပြန်ကြားရေး ၀န်ကြီးဌာန၏ အမိန့်၊ ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်သည့်အပြင် ရွှေသံလွင်မီဒီယာအား နိုင်ငံတော်သို့ သုံးနှစ်တိတိ အကျိုးအမြတ် ပေးသွင်းစရာမလိုဘဲ ဆိုင်းငံ့ကင်းလွတ်ခွင့်ကို (Forever Group မှ ကင်းလွတ်ခွင့်မရဘဲ ရွှေသံလွင် တစ်ခုတည်းအား ကင်းလွတ်ခွင့် ပေးထားခြင်းဖြစ်) ပြန်ကြားရေး ၀န်ကြီးဌာနမှ ထပ်မံပေးထားခဲ့ပြန်သည်။

ယင်းအပြင် တည်ဆဲကုန်သွယ် လုပ်ငန်းခွန် ဥပဒေအရ အများပြည်သူထံမှ အခကြေးငွေယူကာ ၀န်ဆောင်မှုလုပ်သည့် မည်သည့် လုပ်ငန်းမဆို အခွန်ပေးဆောင်ရန် သတ်မှတ်ထားချက်၊ နိုင်ငံတော်အစိုးရ ၀န်ကြီးဌာနများသည်ပင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်မရှိဘဲ ပေးဆောင်ရန် သတ်မှတ်ထားချက် များကိုလည်း အပြည့်အ၀ လိုက်နာခြင်းမရှိဘဲ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းထားသည့် ရုပ်သံမီဒီယာများသည် ချိုးဖောက်နေသည်ဟု သုံးသပ်မိသည်။

လက်ရှိ ရွှေသံလွင် မီဒီယာနှင့် င်္ Forever Group တို့၏ ၀င်ငွေများမှာ တစ်နှစ်လျှင် ကျပ်ဘီလျံပေါင်းများစွာ ရရှိနေကြခြင်းဖြစ်ပြီး ကြော်ငြာတစ်မျိုးတည်းမှ တစ်မိနစ် ကြော်ငြာခ ကျပ် ၅ သိန်းမှ ၁၁ သိန်းနီးပါး အထိရကာ အများပြည်သူထံမှ ရရှိသည့် လစဉ်ကြေးမှာလည်း ကျပ်ဘီလျံချီကာ ရရှိနေခြင်း ဖြစ်သည်။

MRTV-4, Channel 7 ရုပ်သံလိုင်းနှင့် Sky Net တို့မှာ တစ်နိုင်ငံလုံးအား လွှမ်းခြုံထားပြီး ဖြစ်သည့် ရုပ်သံလိုင်းများ ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီများမှ အတည်ပြု ပြောကြားထားသည်။

ဥပမာအားဖြင့် ရန်ကုန်တစ်မြို့တည်း၌ပင် Sky Net အလုံးပေါင်း ၂ သိန်းနှင့်အထက် တပ်ဆင်ထားပြီး ဖြစ်သည်ဟု ကြားသိရပြီး တစ်နိုင်ငံလုံး ဆိုပါက အလုံးရေ ၄ သိန်း၊ ၅ သိန်းနှင့်အထက် (တရားဝင်မေးမြန်းရာ ဖြေကြားနိုင်ခြင်း မရှိခဲ့၍ အတိအကျမရရှိခဲ့) ရှိသည်ဟု ခန့်မှန်းထားသည့်အပေါ်မူတည် တွက်ချက်မည် ဆိုလျှင်ပင် အများပြည်သူထံမှ ကောက်ခံသည့် လစဉ်ကြေး တစ်မျိုးတည်းသည်ပင် တစ်နှစ် ကျပ်ဘီလျံ ၁၀၀ နီးပါးအထိ ရနိုင်ဖွယ်ရှိနေပြီး ကြော်ငြာခမှရသည့် ငွေဖြင့်ပေါင်းလျှင် ရုပ်သံမီဒီယာ တစ်ခု၏ တစ်နှစ်ဝင်ငွေမှာ မည်မျှရှိသည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

Forever Group နှင့် Sky Net ရုပ်သံ မီဒီယာများမှ နိုင်ငံတော်သို့ ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန် ဆိုသည်မှာလည်း ၎င်းတို့ကုမ္ပဏီမှ စိုက်ထုတ်ပေးရခြင်း မဟုတ်ပဲ အများပြည်သူထံမှ ကြော်ငြာခအတွက် ကောက်ခံသည့်ငွေနှင့် စက်ပစ္စည်းအစုံလိုက် ရောင်းကာ လစဉ်ကြေး ကောက်ခံသည့် ငွေများထဲတွင် အခွန်ကို တစ်ပါတည်း ကောက်ယူထားပြီးမှ ပေးသွင်းရခြင်းမျိုးသာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အများပြည်သူမှ ရုပ်သံလိုင်းများ ၀ယ်ယူကြည့်ရှုစဉ် ကတည်းက နိုင်ငံတော်သို့ ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန်ကိုပါ တစ်ပါတည်း ပေးလိုက်ခြင်းမျိုးသာ ဖြစ်ကြောင်း အခွန်ဥပဒေ ပညာရှင်များက ထောက်ပြကြသည်။

အခွန်ဆိုင်ရာ ဥပဒေပညာရှင် တစ်ဦးက ''ကုန်သွယ်ခွန်ဆိုတာ တိုက်ရိုက်ခွန် မဟုတ်ဘူး။ အခကြေးငွေယူပြီး အများပြည်သူကို ၀န်ဆောင်မှု ပေးတဲ့အခါ သူတို့ရောင်းကတည်းက အများပြည်သူထံကနေ ကုန်သွယ်ခွန်ကို တစ်ပါတည်း ကောက်ထားပြီး နိုင်ငံတော်ကို ပြန်သွင်းပေးရတာပါ။ ကောက်ထား ပေးရမှာလည်း သူ့တာဝန်ပါ။ အများပြည်သူက ပေးဆောင်ထားတဲ့ အခွန်ကို ပြန်သွင်းပေးရုံပဲ။ ပြီးတော့ ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ နိုင်ငံတော် အစိုးရပိုင် လုပ်ငန်းတွေတောင် ကင်းလွတ်ခွင့် မရပါဘူး'' ဟု ပြောကြားခြင်းဖြစ်သည်။

သို့သော် ၎င်းတို့၏ ၀င်ငွေဖြင့်ဆိုပါက ရက်ပိုင်းအတွင်း ၀င်ငွေကို ပေးသွင်းရုံမျှဖြင့် နိုင်ငံတော်မှ ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း စာရင်းတွင် ပါဝင်လာနိုင်သည်ကို မပေးသွင်းပဲ ၎င်းတို့ထက် ၀င်ငွေ အဆပေါင်း ၂၀ မှ ၅၀ အထိ လျော့နည်းရရှိသည့် ပုံနှိပ်မီဒီယာ အချို့သာ အခွန်ထမ်းစာရင်းတွင် ပါဝင်လာခဲ့သည်။

၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၁၀၀ ဦးစာရင်းတွင် Eleven Media Group တစ်ခုတည်း ပါဝင်ပြီး အခြားပုံနှိပ်မီဒီယာ အချို့လည်း ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် ပါဝင်လာခဲ့သည်ကို တွေ့ရသည်။

Eleven Media Group ဆိုလျှင် ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ကျပ်သိန်း ၂၀၀၀ ကျော်ကို ကြိုတင်ခွန်အဖြစ် ပေးသွင်းထားချိန်တွင် ပုံနှိပ်မီဒီယာများထက် အဆ ၂၀ မှ အဆ ၅၀ ကျော်အထိ ၀င်ငွေရရှိသော ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းထားသည့် ရုပ်သံမီဒီယာများမှ ထိပ်ဆုံးအခွန် ထမ်းစာရင်းတွင်လည်း မပါဝင်၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အကျိုးအမြတ်ကိုလည်း အချို့ရုပ်သံလိုင်းများမှ ကင်းလွတ်ခွင့်ရထား ခြင်းများရှိရာ ပြန်ကြားရေးနှင့် ရုပ်သံမီဒီယာ များအကြား ဆက်စပ်ပတ်သက်မှုကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသည့် ရုပ်သံဥပဒေအား မပြဋ္ဌာန်းမီ စစ်ဆေးဖော်ထုတ်ကာ ပြည်သူသို့ ချပြရန်လိုနေသည်။

အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှလည်း ယခုဖြစ်စဉ်အပေါ် စိစစ်ကာ လွန်ခဲ့သည့်သုံးနှစ်မှစ၍ အခွန်တိမ်း ရှောင်ထားမှုရှိမရှိ၊ ပေးသင့်ပေးထိုက်သည့် အခွန်ပေးဆောင်ခြင်းရှိမရှိ စိစစ်ကာ ရှောင်တိမ်းခဲ့ခြင်း မှန်ကန်ပါက သုံးနှစ်စာ အခွန် ပြန်လည်စည်းကြပ် သင့်သည်ဟု သုံးသပ်ချက်များလည်း ရှိနေသည်။

ဥပဒေမရှိဘဲ အမိန့်ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်ထားပြီး နိုင်ငံတော်သို့ ပေးသွင်းရမည့် အကျိုးအမြတ်လည်း သုံးနှစ်အထိ ကင်းလွတ်ခွင့် ပေးထားခြင်းမှာ ရုပ်သံမီဒီယာများနှင့် ပြန်ကြားရေး ၀န်ကြီးဌာနအကြား ဆက်စပ်ပတ်သက်မှုအပြင် Corruption ရှိမရှိကိုပါ စစ်ဆေးဖော်ထုတ်ကာ အများပြည်သူသို့ ချပြသင့်ပြီဖြစ်ပြီး အများပြည်သူမှ ပေးဆောင်ပြီးဖြစ်သည့် အခွန်ငွေ ကျပ်သန်းပေါင်းများစွာကို နိုင်ငံတော်သို့ အတိအကျ ပြန်လည်ပေးသွင်းခြင်း မပြုဘဲ ထားခြင်း ဟုတ်မဟုတ်ကိုလည်း သက်ဆိုင်ရာ ဘုတ်အဖွဲ့များ ၀န်ကြီးဌာနများမှ စစ်ဆေးခြင်း အပြင် လွှတ်တော်များ အနေဖြင့်ပါ မေးမြန်း စိစစ်ကာ ပြည်သူထံ ပြန်လည်ချပြသင့်သည် ပြီဖြစ်သည်။

ဥပဒေမရှိပဲ အမိန့်၊ ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်နေသည့်အပေါ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သြဂုတ်လ ၂၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့်တွေ့ဆုံပွဲတွင် ''တစ်ကယ်ဟို တုန်းကဥပဒေမရှိဘူး။ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာနဲ့ စာချုပ်စာတမ်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့လို့ပါ'' ဟု ပြောကြားထားခဲ့သည်။

ရွှေသံလွင်အပေါ် နိုင်ငံတော်သို့ပေးသွင်း ရမည့် အကျိုးအမြတ်အား သုံးနှစ်အထိဆိုင်း ငံ့ပေးခဲ့မှုအပေါ် ဒုတိယ၀န်ကြီးဦးရဲထွဋ်က ''ရွှေသံလွင်နဲ့ Forever နဲ့ ဘယ်လို လုပ်ကြလဲဆိုရင် ဟိုတုန်းက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ အကျိုးအမြတ်ခွဲဝေတဲ့ စနစ်နဲ့ လုပ်နေပါတယ်။ တစ်ခုနဲ့တစ်ခုတော အကျိုး အမြတ်ခွဲဝေတဲ့ ပုံစံမတူဘူးပေါ့။ ဥပမာ Forever Group ဆိုရင် စလုပ်တဲ့နှစ်မှာတင် ချက်ချင်းအကျိုးအမြတ် ခွဲပေးရတယ်။ လုပ်တဲ့ နှစ်ကြာလာတာနဲ့အမျ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို ပေးတဲ့ဟာက မြင့်မြင့်လာတယ်။ FM တွေနဲ့ ရွှေသံလွင်ချုပ်တဲ့ ဟာမှာကျတော့ နိုင်ငံတကာတွေနဲ့ကျတော့ Risk Period လို့ခေါ်တဲ့ ဆိုင်းငံ့ကာလ သုံးနှစ်ပေးတယ်'' ဟုလည်း ရှင်းပြခဲ့ပြီးဖြစ်သည်။

ဥပဒေ မရှိပဲ ပြန်ကြားရေးဝန်ကြီးဌာန၏ အမိန့်၊ ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်နေခြင်း၊ အချို့ရုပ်သံလိုင်းများ နိုင်ငံ တော်သို့ပေးသွင်းရမည့် အကျိုးအမြတ်များ အား ကင်းလွတ်ခွင့်ရထားခြင်း၊ တည်ဆဲ အခွန်ဥပဒေများကို အပြည့်အ၀မလိုက်နာပဲ ချိုးဖောက်ထားခြင်းများ ရှိနေသည့် ရုပ်သံမီဒီယာများကြောင့် ရုပ်သံဥပဒေကို ပြဋ္ဌာန်းမည် ဆိုပါက လွှတ်တော် အနေဖြင့်လည်း ဖော်ပြပါ အကြောင်းအချက်များနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ရုပ်သံမီဒီယာ များအကြားဆက်စပ်မှုကို ဖော်ထုတ်စိစစ်ပြီးမှ အတည်ပြုသင့်သည်။

လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ တင်သွင်းမည့် ရုပ်သံဥပဒေတွင်လည်း မသမာမှုများ ရှိမရှိကို စုံစမ်းစစ်ဆေးသင့်ပြီး အကယ်၍ အစိုးရဘက်မှ စုံစမ်းမှုများမပြု လုပ်ခဲ့ပါကလည်း လွှတ်တော်အသီးသီးနှင့် သက်ဆိုင်ရာ ပြည်သူကိုယ်စားပြုအဖွဲ့အစည်း များက စုံစမ်းရန်လိုအပ်ကြောင်း သုံးသပ်မိ ပါသည်။

မီဒီယာလုပ်ငန်းသည် အရေးကြီးသည့် အတွက် ယင်းလုပ်ငန်းအတွက် ရင်းနှီးမြှုပ် နှံမည့်ငွေများသည် လာဘ်ပေးလာဘ်ယူများ၊ မူးယစ်ဆေးဝါးမှရရှိသည့်ငွေများ၊ ငွေကြေး ခ၀ါချမှုများမှရရှိသည့်ငွေများ၊ အခွန်ဆောင် ထားသည့် ငွေများဟုတ်မဟုတ်ကို စုံစမ်းစစ် ဆေးရန်အထူးလိုအပ်ပါသည်။

ရုပ်သံမီဒီယာ ဥပဒေကိုပြဋ္ဌာန်းမည် ဆိုပါကလည်း နောင်တစ်ချိန်ချိန်တွင် စုံစမ်းစစ် ဆေးမှုများမှ ရုပ်သံလိုင်းတည်တောင်ရာတွင် မသမာမှုများ၊ အဂတိလိုက်စားထားမှုများ၊ စီးပွားရေးမသမာမှုများ၊ အခွန်ဆိုင် ရာမသ မာမှုများ၊ လာဘ်ပေးလာဘ်ယူမှုများတွေ့ရှိ ပါက လိုင်စင်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်မည်ဟူသော အချက် ကိုလည်း ပြည်ထောင်စုလွှတ်တော်မှ အထူး အလေးအနက်ထား ထည့်သွင်းသင့်ပါသည်။
 (Eleven Media Group ၏ သတင်းဆောင်းပါး)  
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template