Headlines News :
Home » , » ကေဘယ်ကြိုး ဖြတ်သန်းရာတစ်လျှောက် နစ်နာကြေးမပေး

ကေဘယ်ကြိုး ဖြတ်သန်းရာတစ်လျှောက် နစ်နာကြေးမပေး

Written By လွင့်မောင်မောင် on Monday, May 12, 2014 | 7:37 PM

 
တနင်္လာနေ့၊ မေလ ၁၂ ရက် ၂၀၁၄ ခုနှစ်

  မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းက ဆက်သွယ်ရေး လိုင်းများ ကောင်းမွန် စေရန် မြေအောက် ကေဘယ် ကြိုး များ ဆွဲရာတွင် ငွေဆောင်နှင့် မူဆယ်မြို့ အတွက် MFCOM ကုမ္ပဏီက ကန်ထရိုက်ယူကာ တရုတ် ပညာရှင်များနှင့် ဆောင်ရွက်လျက်ရှိရာ မြေအောက် ကေဘယ်ကြိုး ဖြတ်သန်းရာ နေရာရှိ ဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများ အတွက် နစ်နာကြေး မပေးသည့်အပြင် ညှိနှိုင်းမှုများ မလုပ်ဘဲ ဆက်လက်လုပ်ကိုင် နေကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ခြံကို အလယ်ကနေ ဖြတ်တယ်။ ခပ်တည်တည်ဝင်လုပ်တယ်။ တားလည်း ဆက်တူးတာပဲ။ ဒီဘက်မှာက သရက်ခြံ၊ ဆီးခြံတွေပဲရှိတယ်။ နှစ်ရှည်ပင်တွေချည်းပဲ။ တကယ်ဆိုပြေလည်အောင် လုပ်သင့်ပါတယ်။ အခုဟာ အုပ်ချုပ်ရေးမှူးကလည်း ဘာမှမပြော၊ သက်ဆိုင်ရာကလည်း ဘာမှလာမပြောကြဘူး။ သက်သက်မဲ့ ခံနေရတယ်”ဟု သရက်ခြံအတွင်းမှ ကေဘယ်ကြိုးဖြတ်သန်းခံရသူ ဦးတင်ရွှေက မဇ္ဈိမကို ပြောသည်။

ကေဘယ်ဆွဲနေခြင်းကြောင့် သီးနှံများ ပျက်စီးမှုရှိပြီး သီးပင်စားပင်အချို့လည်း ပျက်စီးကြောင်း၊ ပျက်စီးမှုများရှိသော်လည်း နစ်နာကြေးမပေးသည့်အပြင် ညှိနှိုင်းမှုများလည်းလုပ်ဆောင်ခြင်းမရှိဟု ဆိုသည်။

“ကုမ္ပဏီတွေအနေနဲ့ အဲဒီလို ဒေသခံတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ၊ သဘောတူညီမှုမရှိဘဲ လုပ်ကိုင်နေတယ်ဆိုရင် အဲဒီကုမ္ပဏီတွေကို သက်ဆိုင်ရာတင်ပြပြီး အရေးယူသွားမယ်။ ဒေသခံတောင်သူတွေအနေနဲ့ မကျေနပ်ရင် တားလို့ရပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဦးဌေးလှက မဇ္ဈိမကို ပြောသည်။

အဆိုပါလုပ်ငန်းကို ဇန်န၀ါ ၂၅ရက်မှ စတင်ဆောင်ရွက်နေကြောင်း၊ ပြည်သူများ ဖုန်းလိုင်းများ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကံထွန်းက “MFCOM ကုမ္ပဏီက လာတော့တွေ့တယ်။ အားလုံးနဲ့ ညှိနှိုင်း ပြီးပြီလို့ပဲ ပြောသွားတယ်။ ညှိနှိုင်းခိုင်းတာ လျော်ကြေးပေးတာတော့မရှိဘူး။ အခုဒီနေရာမှာတော့ ခြံပိုင်တောင်သူ ၂၀ ကျော်ရဲ့ ခြံထဲက ဖြတ်သွားနေတယ်။ အရင်ကုမ္ပဏီ DIGICOM တုန်းကတော့ ပျက်စီးသွားတဲ့ သီးနှံလျော်ကြေးတွေ ပေးတယ်။ ညှိနှိုင်းမှုတွေ လုပ်တယ်။ အခုဟာကတော့ ဘာမှမရှိပါဘူး”ဟု ပြောသည်။

MFCOM ကုမ္ပဏီသို့ မေးမြန်းရာတွင် မြန်မာ့ဆက်သွယ်ရေးနှင့် ညှိနှိုင်းလုပ်ကိုင်နေကြောင်း၊ ၎င်းတို့ခိုင်းသည့်အတိုင်းသာ လုပ်နေခြင်းဖြစ်သောကြောင့် ကျန်သည့် ကိစ္စများကို မသိကြောင်း၊ မိမိတို့ကမူဆက်လက်၍ လုပ်ကိုင်သွားမည်ဟု မေလ ၁၀ ရက်က အဆိုပါလုပ်ငန်းခွင်နေရာသို့ ရောက်ရှိနေသည့် တာဝန်ရှိသူက ဖြေကြားသည်။

ကေဘယ်ကြိုး ဖြတ်သန်းသည့်နေရာမှာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အုန်းချော၊ ငွေတောင်၊ ကျောက်မီး၊ လက်ကောင်းနှင့် သမ္မတောကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများရှိ လယ်မြေယာမြေနှင့် အိမ်ခြံဝင်းများမှ ဖြတ်သန်းပြီး ကေဘယ်ကြိုးဆွဲခြင်းဖြစ်သည်။

အောင်ကိုဦး
Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template