
နီပေါ နိုင်ငံနဲ့ အိန္ဒိယ မြောက်ပိုင်းတွေမှာ မိုးများပြီး ရေကြီး မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နီပေါနိုင်ငံမှာ အနည်းဆုံး ၁၀၁ ဦး သေဆုံးပြီး ၁၃၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကာ လူထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ နီပေါ အရာရှိတွေက ပြောပါတယ်။
ရေကြီး မြေပြိုမှုတွေကြောင့် ကျေးလက်ဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေးတွေ ပျက်စီးနေပြီး ကာလ၀မ်းရောဂါ ကူးစက် ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း နီပေါ အာဏာပိုင်တွေက ဆိုပါတယ်။
တနင်္ဂနွေနေ့ကတော့ ရာသီဥတု ပြန်လည် ကြည်လင် လာတာကြောင့် ရေဘေးဒဏ် ခံရတဲ့ လူတွေကို ရဟတ်ယာဉ် ၄ စီးနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေး လုပ်သား ၂ ထောင်ကို နေရာချထားခဲ့တယ်လို့ နီပေါ အရေးပေါ် ကယ်ဆယ်ရေး ဌာနက ပြောပါတယ်။

BBC Burmese