
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရွာသားတချို့ကို စစ်တပ်က ခြိမ်းခြောက် နှုတ်ပိတ်ထားတဲ့ အတွက် သက်သေထွက်ဆိုရဲတဲ့သူ မရှိဘူးလို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။
အခင်းဖြစ်ပြီး ဇန်န၀ါရီ ၂၁ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေ ကောင်းခါး ကျေးရွာကို သွားရောက်ပြီး နှစ်သိမ့်အားပေးစားပြောကြားရာမှာ စစ်တပ်ရဲ့ခြိမ်းခြောက်မှု ခံရကြောင်း ရွာသားတွေက ပြောကြားခဲ့တာလို့ ဆိုပါတယ်။
“ပြဿ နာတခုခုဖြစ်ရင် ရွာမီးရှို့မယ်တို့၊ ဘာတို့ သူတို့ပြောတာ ကျနော် ကြားခဲ့ရတယ်။ စစ်တပ်ကပြောတာ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ပြဿ နာဖြစ်ခဲ့ရင်ပေါ့။ အဲ့ဒါနဲ့ ရွာကလူတွေက မပြောရဲဘူးဖြစ်နေကြတာ။”
အသတ်ခံရတဲ့ ဆရာမ ၂ ဦးရဲ့ ဈာပနအခမ်းအနား တက်ရောက်ကြတဲ့ လူအားလုံးကိုကြည့်လိုက်ရင်လည်း သတ်တဲ့သူဘယ်သူလဲဆိုတာ ဖော်ပြနေပေမယ့် အမှုမှန်တော့ ပေါ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“မနေ့က ဈာပနအခမ်းအနားမှာ ကျနော် တရားဟောတုန်းကလည်း ပြောခဲ့တယ်။ တရားဥပဒေဘက်ကကြည့်ရင် ကျနော်တို့က နိုင်စရာအကြောင်း မရှိဘူး။ အားမရှိဘူး။ ကာယကံရှင်နှစ်ယောက်ကလည်း သေသွားပြီဆိုတော့ ယုံထင်ကြောင်ထင် အများကြီးဖြစ်ရတာပေါ့နော်။ ဒါပေမယ့် မနေ့က သူတို့ရဲ့ ဈာပနအခမ်းအနားနဲ့ မူဆယ်ကနေ မြစ်ကြီးနားကို သယ်တဲ့ ဈာပနခရီးစဉ်ကို ကြည့်မယ်ဆိုရင် လူထုအားလုံးက ဘယ်သူလဲဆိုတာ ဖော်ပြနေတဲ့ အဖြေပဲလို့ ကျနော်မြင်တယ်။”
ကျောင်းဆရာမ ၂ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေကတော့ စစ်တပ်က ကျုးလွန်တာလို့ပဲ စွပ်စွဲနေကြတယ်လို့ ဆိုပါတယ်။
အသတ်ခံရမှုကို ရဲက လူသေမှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်ခေါင်းဆောင်တဦးနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ မူဆယ်က အတွင်းရေးမှူးတို့နဲ့ လေးဦး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေကြပါတယ်။
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှုအပေါ် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာ မှုရှိစွာ အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ မှန်ကန်လွတ်လပ်တဲ့ တရားစီရင်ရေး ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကာယကံရှင်တွေနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
ကချင်ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ဟာ ဇန်န၀ါရီလ (၁၉) ရက်က မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကချင်ဆရာမ ၂ ဦးရဲ့ ဈာပနအခမ်းအနားကို မနေ့က မြစ်ကြီးနားမှာ ကျင်းပခဲ့ပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)