Headlines News :
Home » » “အမြင့်ဆုံးမျှော်လင့်ချက်ကOne Lady Show အကြီးကြီးလုပ်ချင်တာ”

“အမြင့်ဆုံးမျှော်လင့်ချက်ကOne Lady Show အကြီးကြီးလုပ်ချင်တာ”

Written By လွင့်မောင်မောင် on Wednesday, January 21, 2015 | 1:52 PM

 
စန္ဒီမြင့်လွင်ကို သရုပ်ဆောင်တယောက်အဖြစ်ထက် Rapသီချင်းတွေဆိုတဲ့ အမျိုးသမီး Rapper တဦးအဖြစ် သူ့ပရိသတ်တွေကပိုပြီး လက်ခံကြလိမ့်မယ်ထင်ပါတယ်။ တကိုယ်တော်ခွေသုံးခွေထွက်ရှိထားပြီး ရှေ့က ထွက်ရှိထားတဲ့ “ဆေးရောင်လှလှ ခြယ်ရအောင်” နဲ့ “ရှော့ခ်” စီးရီးခွေတွေထဲက သီချင်းများဟာဆိုရင်လည်း အမျိုးသမီးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ တတိယမြောက် တေးစီးရီးဖြစ်တဲ့  “ကလီယိုပါထရာ”တေးစီးရီး VCD ကလည်း မကြာခင်မှာ ထွက်ရှိတော့မှာပါ။ အရင်ကထွက်ခဲ့တဲ့ တေးစီးရီး နှစ်ခွေကိုကြည့်ရင် အမိုက်စားရိုက်ချက်တွေကြောင့် လူငယ်ပရိသတ် ကြိုက်နှစ်သက်ခဲ့ကြသလို အခု ဇန်နဝါရီ ၁၇ရက်နေ့မှာထွက်ရှိမယ့်“ကလီယိုပါထရာ”တေးစီးရီးမှာရော ရှေ့ကစီးရီးတွေထက် ဘယ်လို ပိုဆန်းသစ်တဲ့ ရိုက်ချက်တွေကို သူ့ပရိသတ်တွေ တွေ့မြင်နိုင်ဖို့ရှိပါသလဲ။ ဒီးဒီလို့ ချစ်စနိုးခေါ်ကြတဲ့ စန္ဒီမြင့်လွင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ “ကလီယိုပါထရာ”တေးစီးရီး VCD ကို ဇန်နဝါရီ ၁၇ရက်နေ့မှာ ချိုကြည်သာတေးသံသွင်းက ဖြန့်ချိမှာဖြစ်ပြီး ညနေ ၄နာရီ အချိန်၊ Junction Square Shopping Center မှာစန္ဒီမြင့်လွင်နဲ့ အနုပညာရှင်များက အမှတ်တရလက်မှတ်ရေးထိုး ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မေး။  ။ ကလီယိုပါထရာက ကြော်ငြာထားတုန်းက ဒီးဒီက ကလီယိုပါထရာပုံစံနဲ့နော်။ အခုကြော်ငြာတဲ့ Billboard မှာကျတော့ စန္ဒီမြင့်လွင် ဝတ်နေကျ Rapper ပုံစံနဲ့ ပြန်ဖြစ်သွားတာကဘာဖြစ်လို့လဲ။

ဖြေ။  ။ အင်းဟုတ်တယ်။ ဒီးဒီရဲ့ဒီပုံစံလေးကိုပဲ ပြန်ကြိုက်လို့လေ။အဲဒီပုံစံလေးနဲ့ပဲ ပြန်လုပ်လိုက်တာပါ။

မေး။   ။ အရင်ခွေတွေက ဆေးရောင်လှလှခြယ်ရအောင်နဲ့ ရှော့ခ်ဆိုတော့ ကလေးဆန်တယ်။ အခုက ကလီယိုပါထရာ ဆိုတော့မိန်းမပျိုတယောက်၊ ဂီတမှာ တဖြည်းဖြည်းကလေးဆန်ရာကနေ မိန်းမဆန်တဲ့ပုံစံ ဖြစ်လာတာလား။

ဖြေ။  ။ အင်းပေါ့နော်။ ပထမဆေးရောင်လှလှခြယ်ရအောင်က ဆယ်ကျော်သက်ပုံစံမျိုးပေါ့။ ကိုယ်ကလည်း ဆယ်ကျော်သက်လေးလေ။ အခုက ဆယ်ကျော်သက်လည်းမဟုတ်တော့ ကလေးဆန်လို့မရတော့ဘူးလေ။ အဲလိုပဲပြောရမှာပေါ့။

မေး။  ။ အခုခွေထဲမှာ တွေ့ရတဲ့“သံစဉ်လိပ်ပြာ” လိုသီချင်းက အချစ်သီချင်းပုံစံထဲမှာ ကွဲထွက်တယ်။ ရိုက်ချက် တွေကလည်း ကွဲတယ်။ အဲဒီသီချင်းအကြောင်းကိုပြောပြပါလား။

ဖြေ။  ။ အဲဒီသီချင်းကို ရိုက်ပေးတာက ဒါရိုက်တာ ကိုဝင်းလွင်ထက် ရိုက်ပေးတာပါ။ သူ့အိုင်ဒီယာလေးတွေ ပါတယ်။ ဒီးဒီတို့ကလည်း ဒီသီချင်းမှာ ဒီးဒီတို့ သိပ်မပါချင်ဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ ရိုက်ချင်တယ်လို့ သူ့ကို ပြောပြတယ်။ အဲဒီအတိုင်း ကိုဝင်းလွင်ထက်က ရိုက်ပေးတာပါ။ ဒီသီချင်းလေးကို သေချာလည်း ကြည့်ပေးပါ။ သေချာလေးရိုက်ထားပါတယ်။ ရိုက်ထားတာကတော့ သီချင်းတိုင်းကို ဒီးဒီတို့ အကောင်းဆုံး ရိုက်ထားတာ ချည်းပါပဲ။ ဒါကြောင့်အားပေးပါလို့။

မေး။   ။ အဲဒါကနိုင်ငံရေးနဲ့ဆိုင်တဲ့သီချင်းလို့ပြောနိုင်လား။

ဖြေ။   ။ အဲဒါကနိုင်ငံရေးသီချင်းတော့ မဟုတ်ပါဘူး။ ဒီးဒီတို့အားလုံး၊ လူသားအားလုံးကို ငြိမ်းချမ်းပါစေဆိုပြီး မေတ္တာပို့ပြီး ဆုတောင်းပေးတဲ့သီချင်းလေးပါ။ ငြိမ်းချမ်းမှုကိုလိုလားတဲ့သီချင်းလေးပါ။

မေး။  ။ ဖြူဖြူကျော်သိန်းတို့လည်းစစ်နဲ့ပတ်သက်တဲ့သီချင်း၊ ငြိမ်းချမ်းရေးသီချင်းတွေ ဆိုကြတယ်နော်။ စန္ဒီမြင့်လွင်အနေနဲ့ရောအဲလိုသီချင်းမျိုးလေးတွေဆိုတဲ့အပေါ် ခံစားချက်ဘယ်လိုရှိလဲ။

ဖြေ။  ။ ကောင်းတာပေါ့။ ဒီးဒီလည်းဆိုချင်ပါတယ်။ အဲဒါလေးတွေကောင်းတယ်လို့ဒီးဒီမြင်ပါတယ်။

မေး။  ။ အဲဒီဗီစီဒီမှာ ဘယ်သီချင်းက ရိုက်ကူးစရိတ်အကုန်အကျအများဆုံးလဲ။

ဖြေ။  ။ တခွေလုံးမျှပါတယ်။ ကလီယိုပါထရာကတော့ နည်းနည်းပိုကုန်တာပေါ့နော်။ သူက အဝတ်အစား တွေရော သေချာပြင်ဆင်ထားဖြစ်တာကိုး။ ဒါပေမယ့် သိန်းပေါင်းများစွာ အရမ်းကြီး အကုန်ကျခံပြီး ရိုက်ထား တာတော့မဟုတ်ဘူးပေါ့။

မေး။  ။ စာနယ်ဇင်းပွဲမှာ ဖြူဖြူကျော်သိန်းက ညီမကို ဂီတလောက ဒီနေရာမှာ အကြာကြီးနေမယ့် သူတယောက်လို့ပြောသွားတယ်။ သူက အဲလိုပြောတဲ့အပေါ်မှာရော ဘယ်လိုခံစားမိလဲ။

ဖြေ။  ။ ဟုတ်ကဲ့အရမ်းပျော်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ မထင်ထားဘူးပေါ့နော်။ မဖြူက အဲဒီလိုပြောတော့ ကိုယ်ကဒီနေရာအတွက် ပိုပြီးကြိုးစားရတော့မယ်လို့ပဲ ထင်ပါတယ်။

မေး။  ။ ရှေ့က၂ခွေနဲ့မတူတဲ့ ဘယ်လိုပြောင်းလဲမှုလေးတွေကို ဒီအခွေမှာ တွေ့ရမယ်လို့ပြောချင်လဲ။ အမှတ်တရကရော ဘာတွေရှိခဲ့လဲ။

ဖြေ။  ။ ရှေ့နှစ်ခွေနဲ့တော့ ခံစားမှုလည်းမတူဘူးပေါ့နော်။ တခွေကိုတမျိုးစီမတူအောင် ဒီးဒီလုပ်ထားပါတယ်။ အမှတ်တရကတော့ ငွေဆောင်မှာသီချင်းသွားရိုက်တော့ မိတ်ကပ်မငယ်တို့ ကံမကောင်းဘဲ သေဆုံးခဲ့ရတယ်။ ဒါလေးတွေရှိတယ်။တခြားအမှတ်တရတွေကတော့အပုဒ်တိုင်းမှာရှိခဲ့တာပေါ့နော်။

မေး။  ။ ကလီယိုပါထရာသီချင်းကို ဖြူဖြူကျော်သိန်းနဲ့တွဲဆိုဖို့ဘယ်လိုအိုင်ဒီယာရခဲ့တာလဲ။

ဖြေ။  ။ မဖြူကတခြားသူနဲ့မတူဘူးလေ။ သူနဲ့သာတွဲဆိုလိုက်ရရင် ဒီးဒီရဲ့သီချင်းကအရမ်းကိုကြွတက်လာမယ်လို့ ခံစားရတယ်။ ဒီးဒီကRockနဲ့Hip Hopကိုတွဲချင်တာလေ။ မဖြူကိုကြိုက်တာက မဖြူအလုပ်လုပ်တဲ့ပုံစံကို အား ကျတယ်။အရမ်းကြိုက်တယ်။လေးလည်းလေးစားတယ်။နောက်ပြီးမဖြူကအလုပ်တခုကိုလုပ်ရင်စေတနာပါပါနဲ့ဘာမဆိုလုပ်တယ်။ပွဲသေးတယ်၊ပွဲကြီးတယ်ဘယ်တော့မှမရွေးဘဲကောင်းအောင်ပဲလုပ်တယ်။သိပ်လည်း Bright ဖြစ်တယ်။တော်တော့မဖြူနဲ့အလုပ်တွဲလုပ်ချင်တယ်။ဒါနဲ့မဖြူကိုတွဲဆိုချင်တယ်ပြောကြည့်တော့မဖြူက လိုလိုချင်ချင်ပဲ လုပ်ဆိုပြီးကူညီပေးတယ်။
ဒီးဒီပရိသတ်ကအုန်းအုန်းကျွက်ကျွက်ကြီးတော့မဖြစ်လောက်ဘူး။ ဖြစ်တော့လည်း ကောင်းတာပေါ့နော်။ အခွေရောင်းရတာပေါ့နော်။ ဒါပေမယ့်ဒီးဒီက ဒီအခွေမှာ သိပ် Sexy ဖြစ်အောင် ရိုက်ထားတာလည်းမပါဘူးလေ။ ရိုးရိုးပဲရိုက်ထားပြီး သီချင်းတွေကိုပဲ ပုံဖော်ထားတာပါ။

မေး။  ။ စန္ဒီမြင့်လွင်က သီချင်းတွေပဲဆိုတော့မှာလား သရုပ်ဆောင်လိုင်းဘက်ကိုရော မျှအောင်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးလား။

ဖြေ။  ။ လုပ်ချင်ပါတယ်။ အဲဒါက ဒီးဒီကိုဒီးဒီနဲ့လိုက်မယ့် ဇာတ်ရုပ်မျိုးလာပြရင်တော့ အားစိုက်ပြီးလုပ်မှာပါ။ လောလောဆယ်က ဒီးဒီကို အဲဒီလိုလိုက်ဖက်မယ့် ဇာတ်ရုပ်မျိုး လာမငှားသေးတော့ မလုပ်ဖြစ်သေးတာပါ။ ဇာတ်ကားတွေကိုလက်မခံတာမဟုတ်ပါဘူး။ ဒီးဒီနဲ့လိုက်ဖက်မယ့် ဇာတ်ရုပ်မျိုးကို ရိုက်ဖို့မပြောသေးတော့ မလုပ်ဖြစ်သေးတာပါ။

မေး။   ။ အဆိုဘက်နဲ့သရုပ်ဆောင်ဘက်အဲဒီနှစ်ခုမှာဘယ်လောကမှာပိုပျော်လဲ။

ဖြေ။  ။ နှစ်ခုလုံးကတော့ အနုပညာအလုပ်တွေပဲပေါ့နော်။ ဒီးဒီကတော့ နှစ်ခုလုံးကိုလုပ်ရတာ သဘောကျတယ်။ နှစ်ခုစလုံးလုပ်ရတာပျော်တယ်။

မေး။  ။ စန္ဒီမြင့်လွင်ကို Hip Hop Queen လို့တင်စားတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။ နောက်ထပ် Hip Hop အဆိုရှင် မိန်းကလေးတွေ ထွက်ပေါ်လာတာ နည်းပါးတဲ့အပေါ်ကိုရော ဘယ်လိုမျိုးမြင်မိလဲ။

ဖြေ။  ။ ပြောရရင်အကုန်လုံးကတော်လို့သာ အဆိုတော်ဖြစ်လာကြတာလေ။ ဒီးဒီက မြန်မာပြည်မှာ ပထမဆုံးHip Hopဆိုတဲ့ မိန်းကလေးဖြစ်လာလို့၊ နောက်ပြီးနှစ်လည်းကြာလို့ ဒီးဒီ ကိုပိုပြီး Respect ပေးတဲ့သဘောပါ။ Hip Hopမှာလည်း ကျန်တဲ့သူတွေက သူ့ဟာနဲ့သူတော်တဲ့အပိုင်းရှိလို့ နာမည်ကြီး လာကြတာပါ။ ပြောရမယ်ဆိုရင် ဒီးဒီကဆိုတာ နှစ်စောတာလည်းပါတာပေါ့။ ဒါကြောင့်ပါ။ Hip Hop အဆိုပိုင်း မှာလည်း ရွက်ပုန်းသီးလေးတွေ အများကြီးတွေ့ပါတယ်။ နာမည်သာမကြီးသေးတာပေါ့။ တချို့နာမည်ကြီးဖို့ တာစူနေတဲ့အဆိုတော်မိန်းကလေးတွေလည်းဒီးဒီအများကြီးတွေ့ထားပါတယ်။နောက်တော့ရှိလာတော့မှာပါ။ ဖြစ်လာကြတော့မှာပါ။ တကယ်တော်တဲ့မိန်းကလေးတွေဆိုရင် ဒီးဒီတို့ဘက်ကလည်း လက်တွဲခေါ်ဖို့ရှိတယ်။ ဒီးဒီ အဲဒီလိုမိန်းကလေးတွေနဲ့လည်း သီချင်းတွေတွဲဆိုထားတာရှိပါတယ်။

မေး။  ။ ဂီတနဲ့ပတ်သက်ပြီး စန္ဒီမြင့်လွင်ရဲ့အမြင့်ဆုံးမျှော်လင့်ချက်ကဘာဖြစ်မလဲ။

ဖြေ။  ။ ဂီတနဲ့ပတ်သက်ရင်က သရုပ်ဆောင်လိုမျိုး အကယ်ဒမီမှမရှိတာနော်။ အဆိုတော် တယောက်အတွက် အမြင့်ဆုံးအောင်မြင်မှုလို့ပြောရမယ်ဆိုရင် One Lady Show လုပ်တာလို့ မြင်တယ်။ ဒါကြောင့် ဒီးဒီ အနေနဲ့ ဆိုရင် One Lady Show အကြီးကြီးလုပ်ချင်ပါတယ်။ One Lady Show လုပ်ပြီးပ ရိသတ်တွေအများကြီးနဲ့ ထိတွေ့ချင်ပါသေးတယ်။ One Lady Show ကိုလည်းအများကြီးလုပ်ချင်တယ်။ အဲဒါကလည်း ဘယ်တော့လောက်အကောင်အထည်ဖော်ဖြစ်မလဲဆိုရင်အခြေအနေအရပဲပေါ့နော်၊အတိအကျပြောလို့မရသေးဘူးပေါ့။

မေး။  ။ အခုဆိုရင် ဂီတနဲ့ပတ်သက်တဲ့ ဆုတွေပေးလာတယ်။ အဲဒီအပေါ်ရောဘယ်လိုမြင်လဲ။ စန္ဒီမြင့်လွင်တို့လိုHip Hopအဆိုရှင်မိန်းကလေးတွေအပေါ်ဆုချီးမြှင့်တာနည်းတယ်လို့ရော မြင်မိလား။

ဖြေ။  ။ နည်းတာတော့မဟုတ်ပါဘူး။ ပေးတဲ့နေရာတွေကတော့ ပေးနေကြတာပဲလေ။ ဒါပေမယ့် ဂီတနဲ့ ပတ်သက်ရင် အမြင့်ဆုံးဆုရယ်လို့မရှိသေးတာပါ။ ဆုတွေကတော့  သူ့ဟာနဲ့သူတော့ FM တွေကပေး နေကြတာပဲလေ။ ဒီးဒီလည်း အဲဒီလိုဆုတွေရဖူးတယ်လေ။ ဒါပေမယ့် အကယ်ဒမီလို ပေးတာတော့ မဟုတ်ဘူးပေါ့။ ပွဲတွေကတော့ သူ့ဟာနဲ့သူတော့ ကြီးကျယ်ခမ်းနားစွာ လုပ်ကြတာချည်းပဲ။ အကယ်ဒမီပွဲနဲ့ ယှဉ်ပြောရမယ်ဆိုရင်တော့ အကယ်ဒမီပွဲက မြန်မာပြည်မှာ လုပ်တာနှစ်ပေါင်းများစွာရှိပြီလေ။ ဒီးဒီတို့ မမွေးခင်ကတည်းကပေးနေတဲ့ပွဲလေ။ ဒါကြောင့် ပရိသတ်က သိပ်စိတ်ဝင်စားကြတာမဆန်းပါဘူး။ ဒီလို ဂီတပွဲတွေကျတော့ဆုပေးတာသိပ်မကြာသေးဘူး။ အကယ်ဒမီပွဲလို ဟိုးအရင်ကတည်းက ပေးခဲ့ရင်တော့ အကယ်ဒမီပွဲလို ဖြစ်ရင်လည်း ဖြစ်မှာပေါ့။

မေး။  ။ စန္ဒီမြင့်လွင်ရဲ့အခုလက်ရှိ ဂီတလမ်းပေါ်ရပ်တည်မှုကို ကိုယ့်ကိုယ်ကိုယ်ဘယ်လိုသုံးသပ်မိလဲ။

ဖြေ။  ။ ကိုယ့်ကိုယ့်ကိုယ် အဲဒီလိုတော့မသုံးသပ်တတ်ပါဘူး။ ဒါပေမယ့် ဒီးဒီကလည်း အခုထိ ဂီတ လမ်းကြောင်းပေါ်မှာ ကြိုးစားပြီး လျှောက်နေတဲ့သူတယောက်ပါပဲ။

မေး။  ။ အခုကိုယ်လျှောက်နေတဲ့ လမ်းကြောင်းပေါ်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ တွေ့ကြုံရင် ကိုယ့်ကိုယ်ကိုယ် အားမရတာမျိုးဖြစ်မိလဲ။ နောက်ဘယ်လိုအခြေအနေမျိုးက ကိုယ့်အတွက်စိတ်ကျဉ်းကျပ်မှု ဖြစ်စေလဲ။ အခက်အခဲ ဖြစ်စေလဲ။

ဖြေ။  ။ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်မိတာက တခါတလေဂီတနဲ့ပတ်သက်ရင် ပေါ့ပေါ့လေး လုပ်မိ လိုက်တာတွေ၊ စိတ်မကြည်မသာ ဖြစ်နေတဲ့ အချိန်သီချင်းဆိုမိလို့ လျှော့ဆိုလိုက်မိတဲ့အချိန်တွေပေါ့။ ဒါပေမယ့် ဒီးဒီကသီချင်းဆိုရင်လျှော့ပြီးဆိုလိုက်မိတာမျိုးကနည်းပါတယ်။ဒီးဒီကစိတ်ကျဉ်းကျပ်မှုတော့မရှိပါဘူး။အားလုံးအဆင်ပြေပါတယ်။ အခက်အခဲတွေကတော့ ကိုယ့်နေရာမဟုတ်ရင်၊ ကိုယ့်ဒေသမဟုတ်ရင်တော့ အခက်အခဲ ကတော့အနည်းနဲ့အများရှိတာပဲလေ။ တခုချင်းပြောရင်တော့ပြီးမှာမဟုတ်တော့ဘူးလေ။

မေး။  ။ အဲဒီလိုအခက်အခဲတွေကိုရောဘယ်လိုကျော်ဖြတ်လဲ။

ဖြေ။  ။ အဲဒါတွေကလည်းသည်းခံလိုက်ရင်တော့ပြီးသွားတာပဲလေ။

မေး။  ။ ကိုယ်နဲ့ပတ်သက်တဲ့ကောလာဟလမျိုးမထွက်အောင်ရော ကိုယ့်ဘက်ကအတတ်နိုင်ဆုံးဘယ်လို ပြုမူနေထိုင်ဖြစ်လဲ။

ဖြေ။  ။ အခုလည်းဒီးဒီနဲ့ပတ်သက်တဲ့ ကောလာဟလက ထွက်လား၊မထွက်လားလည်းမသိဘူး။ နေတာ ကတော့ ဒီးဒီက ကိုယ့်ဘာသာကိုယ် အတတ်နိုင်ဆုံး နေတတ်သလို အေးအေးဆေးဆေးပဲ နေပါတယ်။ နောက်ပြီး ဒီးဒီ အရိုးသားဆုံးနေပါတယ်။

ဧရာဝတီBlog မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template