အာဏာပိုင်တွေက မြို့တွင်း သောက်ရေတွေ ဘေးကင်းကြောင်း ကြေညာအပြီး သြဂုတ် ၂၀ ရက်နေ့က ပေါက်ကွဲမှုနဲ့ မိုင်အတော်များများဝေးတဲ့နေရာက တီယန်ကျင့်မြစ်ကမ်းပါးမှာ ထောင်နဲ့ချီတဲ့ ငါးသေတွေကို တွေ့ခဲ့တယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။
သြဂုတ် ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ဟိုင်ဟမြစ်ပိုင်းက ကောက်ယူတဲ့ ရေနမူနာကို စစ်ဆေးရာမှာ ဆိုင်ယာနိုက် အဆိပ်ကို မတွေ့ဘူးလို့ ဆင်ဟွာသတင်းဌာနက ပြောပါတယ်။
တီယန်ကျင့်မြို့ အရာရှိတွေကတော့ ငါးတွေသေတာဟာ ပုံမှန်ရာသီအလိုက် ရေထဲ အောက်စီဂျင် လျော့နည်းလို့ ဖြစ်ပြီး ပေါက်ကွဲမှုနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။
အရင်သီတင်းပတ်က လူ ၁၁၆ ယောက်ထိ သေဆုံးခဲ့ရ လောက်အောင် ပေါက်ကွဲခဲ့တဲ့ တီယန်ကျင့်ကုန်လှောင်ရုံထဲမှာ အဆိပ်သင့်ဓာတုပစ္စည်း ဆိုဒီယံ ဆိုင်ယာနိုက်တွေ တန်ချိန် ၇၀၀ ကျော် သိုလှောင်ထားတယ်လို့ အာဏာပိုင်တွေက အတည်ပြု ထားပါတယ်။
ကမ္ဘာ့ ၁၀ ခုမြောက် အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ တီယန်ကျင့်ဆိပ်ကမ်းနားက ရေမှာ ဆိုင်ယာနိုက် အဆိပ်ဓာတ်က လက်ခံနိုင်တဲ့ အဆင့်ထက် ၂၇၇ ဆ ပိုမြင့်နေတယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့နေရာမှာ မီးလောင်မှု လေးခု အသစ်ဖြစ်ခဲ့တယ်လို့ ဆင်ဟွာက သြဂုတ် ၂၁ ရက်နေ့က အစီရင်ခံပါတယ်။
သြဂုတ် ၁၂ ရက်က တီယန်ကျင့်မြို့ ဆိပ်ကမ်းမှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် လူအယောက် ၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အယောက် ၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
DVB