ဓာတ်ပုံ - အောင်ဇော်မင်းထွန်း
|Dawei Watch| ကော့သောင်း၊ သြဂုတ် ၁၆
တရားမ၀င် လက်နက်ခဲယမ်းများ လာရောက် အပ်နှံရန် အသိပေးစာ ထုတ်ပြန်ပြီး တစ်ပတ်အကြာတွင် ကော့သောင်းမြို့နယ် ဘန်းကချွန်နှင့် ချမ်းဖမ်းရွာသားများက ယမ်းထောင်းသေနတ် ၂၀ ကျော်ကို ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံ သြဂုတ်လ ၁၄ ရက်နေ့က လာရောက် အပ်နှံခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
တရားမဝင်လက်နက် /ခဲယမ်းများ လက်ဝယ်မထားရန်၊ သက်ဆိုင်ရာသို့ အပ်နှံကြရန်နှင့် တွေ့ရှိပါက တရားဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း ပြည်ထဲရေးဌာနက အသိပေး ကြေညာချက် ထုတ်ပြန်ပြီးနောက် သြဂုတ်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဒေသတွင်း အသိပေးကြေညာခဲ့ကြောင်း လက်ကမ်းစာစောင်များ၊ ကြေညာဆိုင်းဘုတ်များ၊ ဒေသတွင်း ရုပ်သံလိုင်းများမှ တဆင့် ကြေညာခဲ့သည်ဟု အထက်ပါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဘန်းကချွန်ကျေးရွာတွင် ယမ်းထောင်းသေနတ် ၁၀လက် ၊ သေနတ်ပြောင်း ၁ခု နှင့် ချမ်းဖန်းကျေးရွာအုပ်စုအတွင်းမှ ယမ်းထောင်းသေနတ် ၁၄လက် ၊ သေနတ်ပြောင်း ၁ခုကို သက်ဆိုင်ရာ ရာအိမ်မှူးများမှ တစ်ဆင့် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။
လိုင်စင်မဲ့ လက်နက်/ခဲယမ်းများကို လာရောက်အပ်နှံခြင်း မရှိပဲ လက်ဝယ်ထားရှိ၍ တွေ့ရှိပါက ၁၈၇၈ခုနှစ် လက်နက် ဥပဒေပုဒ်မ ၁၉(စ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်ထက် မနည်း၊ ၇နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်ကြောင်းနှင့် အလားတူ ၁၉၅၁ခုနှစ် ၊ လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ ၁၉-က အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်နိုင်သည်ဟု မြို့နယ်ရဲတပ်ဖွဲ့က ဆိုသည်။
လက်နက် လာရောက်အပ်နှံသူများသည် ခြံလုပ်သားများပြီး ခြံအတွင်း တောကောင်များ အန္တရာယ် ကာကွာရန်အတွက် ယမ်းထောင်း လက်လုပ်သေနတ်များ ကိုင်ဆောင်လေ့ရှိသည်ဟု ဘန်းကချွန်ကျေးရွာ ခြံလုပ်သားများထံမှ သိရသည်။
Dawei Watch