အများသိကြသည့်အတိုင်း
၁၂-၈-၂၀၁၅ ညသန်းခေါင်ယံလောက်တွင် နေပြည်တော် USDP ရုံးချုပ်၌
ထူးခြားဖြစ်ရပ်များ ဖြစ်ပေါ်နေသည်ဟု သတင်းများ တက်လာသည်။ ၁၃-၈-၂၀၁၅
နေ့တွင်မူ ဦးရွှေမန်းကို USDP ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း
USDP က တရားဝင်ထုတ်ပြန်သည်။
အများအပြား အံ့သြတကြီး ဖြစ်ကြသော်လည်း သန်းခေါင်ယံ ဇာတ်လမ်းသည် ယခုမှ
ဆိုင်းမဆင့်ဗုံမဆင့် ဖြစ်ခြင်းမဟုတ်၊ လွန်ခဲ့သော လေးငါးနှစ်ကတည်းက
သန္ဓေတည်ခဲ့သည်။
ဇာတ်လမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စသည်။ အခြေခံဥပဒေတွင်
လွှတ်တော်ဟူသော ဥပဒေမဏ္ဍိုင်နှင့် အစိုးရဟူသော အုပ်ချုပ်ရေးမဏ္ဍိုင်တို့
အပြန်အလှန် ထိန်းညှိ Check and Balance လုပ်အောင် ပြဋ္ဌာန်းထားသည်။ လွှတ်တော်က
ယောင်ယောင်လေး သာသော်လည်း အစိုးရအကြီး အကဲ သမ္မတသည် နိုင်ငံ့အကြီးအကဲလည်း
ဖြစ်သည်။
တစ်ဖန် သမ္မတနေရာကို ယခင် အစိုးရလက်ထက်က နံပါတ် ၎
ဦးသိန်းစိန်က ရသွားပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာကို နံပါတ် ၃ ဦးရွှေမန်းက
ရသည်။ နံပါတ် ၁ နှင့် နံပါတ် ၂ နားသွားလျှင် သမ္မတနေရာကို ဦးရွှေမန်း
ရမည်ဟု လေ့လာသူများက ခန့်မှန်းထားသလို ဦးရွှေမန်းကလည်း မှန်းထားပုံရသည်။
သူတို့နှစ်ယောက်ကို နေရာချထားသော ‘သူ’ သို့မဟုတ် ‘သူတို့’ မည်သို့တွက်သည်
မသိသော်လည်း ဦးသိန်းစိန်မှာ ယခင် အစိုးရလက်ထက် ဝန်ကြီးအဖွဲ့ ခေါင်းဆောင်
ဖြစ်သောကြောင့် အစိုးရအဖွဲ့ခေါင်းဆောင် ပေးလိုက်လေသလား မသိ။ လွှတ်တော်သည်
Institution အသစ် ဖြစ်သလို USDP မဟုတ်သော တိုင်းရင်းသားပါတီ၊ အခြားပါတီများ
ပါဝင်နေသည့်အတွက် ထိန်းရ ပိုခက်နိုင်သောကြောင့် နိုင်ငံရေးသမားစရိုက်
ပိုရှိသည့် ဦးရွှေမန်းကို လွှတ်တော်တွင် ထားခဲ့လေသလား မသိ။ ထက်၊ အောက်ကို
တမင်ပြောင်းပြန် လုပ်လိုက်ခြင်းဟုလည်း သုံးသပ်သူတို့က သုံးသပ်သည်။ သို့သော်
ဦးသိန်းစိန်က စစ်တက္ကသိုလ် အပတ်စဉ် ၉၊ ဦးရွှေမန်းက အပတ်စဉ် ၁၁။ အသေးအဖွဲဟု
ဆိုနိုင်သော်လည်း မြင်သာသည်မှာ လွှတ်တော်သို့ သမ္မတလာလျှင် အားလုံး
မတ်တပ်ရပ် ကြရသည်။
ဘုရင်ခေတ်ကတည်းက ယနေ့ခေတ် အထိ မြန်မာ့နိုင်ငံရေးတွင်
အုပ်ချုပ်ရေး မဏ္ဍိုင်ကသာ ကြီးစိုးသည့်အတွက် လွှတ်တော် ထက်စာလျှင် အစိုးရကို
ပိုမက်သည့် သဘော လူတို့တွင် မြင်ရသည်။
တိုတိုပြောရလျှင် လွှတ်တော်နှင့် အစိုးရ ပွတ်တိုက်မှု ပြင်းထန်လာသည်။
Check and Balance မူသဘောကြောင့်ဟု ဆိုနိုင်သလို ဦးဆောင်သူ နှစ်ဦးအကြားက
ပြိုင်ဆိုင် မှု ‘လူ’ ကြောင့်ဟု ဆိုလျင်လည်း မမှား။
အာဏာရပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်သည် အခြေခံဥပဒေအရ ပါတီတွင်း တက်တက်ကြွကြွ
လှုပ်ရှား၍မရသဖြင့် ဦးရွှေမန်း ယာယီဥက္ကဋ္ဌ ဖြစ်လာကာ USDP ကို
ချုပ်ကိုင်လိုက်သည်။ လွှတ်တော်နှင့် အစိုးရ ပွတ်တိုက်မှု ပြင်းထန်လာသည့်
နောက်ပိုင်းတွင် USDP တွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နေရာမရတော့။
တစ်ချိန်တည်းတွင် အခြေခံဥပဒေအရ လွှတ်တော်နှင့် အစိုးရကို Check and
Balance လုပ်ထားသည့် တပ်မတော်နှင့် USDP အကြား ကွာဟလာသည်။ USDP အနေနှင့်
တပ်မတော်နှင့် ခပ်ခွာခွာနေသလို တပ်မတော်လည်း USDP နှင့် ဟလာသည်များ
မြင်ရသည်။ ရွေးကောက်ပွဲနီးလေလေ တပ်မတော်နှင့် USDP ထိပ်တိုက် တွေ့လာလေလေ
ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်ပြီး လွှတ်တော်ပိုသွက်လက်လာ သလို
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နီးကပ်လာသည်။
သတင်းစာရှင်းလင်းပွဲများ အတူလုပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်
ဦးသိန်းစိန် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ အောက်တွင် ဓာတ်ပုံရိုက်
တွေ့ဆုံဆွေးနွေး အပြီးတွင် ပြုပြင်ပြောင်းလဲရေး အရှိန် မြန်လာကာ
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသော်လည်း ဦးရွှေမန်းနှင့်
ဒေါ်အောင်ဆန်းစုကြည် နီးကပ်လာချိန်တွင် ဦးသိန်းစိန်နှင့်
ဒေါ်အောင်ဆန်းစုကြည် အကြား ကင်းကွာသည်ထက် ကင်းကွာလာသည်။
ရွေးကောက်ပွဲနီးချိန်တွင် အာဏာ အလွှဲအပြောင်း အတွက် USDP က အရှိန်မြှင့်
ပြင်ဆင်လာသည်။ သို့သော် ထိပ်ဆုံး ခေါင်းဆောင်နှစ်ဦးအကြား
ပြိုင်ဆိုင်မှုကြောင့် ဦးသိန်းစိန်၏ အားသာချက်နှင့် ဦးရွှေမန်း၏
အားသာချက်နှစ်ခုကို ပေါင်းစပ်အသုံးချခွင့် မရသဖြင့် USDP ထင်တိုင်းမပေါက်။
ဦးရွှေမန်းသည် သမ္မတဖြစ်လိုကြောင်း ကြေညာထား သည်မှာ ကြာပြီ။
ဦးသိန်းစိန်ကလည်း သမ္မတ ဖြစ်လိုသော ဆန္ဒရှိသည်။ ဒေါ်အောင်ဆန်းစုကြည် မှာမူ
အခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်သလို နောက်ဆုံး လက်လျှော့လိုက်ပုံ ရသည်။
ဦးရွှေမန်းသည်
ဒေါ်အောင်ဆန်းစုကြည် တင်သော သမ္မတ ဖြစ်လာနိုင်သည်ဟူသော သတင်းများ NLD
ထိပ်တန်း ခေါင်းဆောင်ပိုင်းမှ ထွက်လာသည်။ ဦးရွှေမန်းသည် USDP ပါတီ၏
အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဖြစ်သွားသည့်အတွက် ပါတီကတင်သော
သမ္မတလောင်းဖြစ်ဖို့ လမ်းများသွားသည်။
ကိုယ်စားလှယ်လောင်း အမည် တင်သွင်းခြင်း၊ မဲဆန္ဒနယ် ခွဲဝေခြင်းတို့တွင်
အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် USDP တို့ အငြင်းပွားကြသည်။ ဝန်ကြီးအချို့
မဲဆန္ဒနယ် ပျောက်ပြီး ရွေးကောက်ပွဲဝင်ရန် မဲဆန္ဒနယ် အသစ်များ ကသောကမျော
လိုက်ရှာကြသည်။ USDP အားကောင်းသော နယ်ပယ်တွင်ပင် သမ္မတအခြမ်းမှ
ကိုယ်စားလှယ်လောင်းကို ဥက္ကဋ္ဌလူများက ဖျက်၊ ဥက္ကဋ္ဌ ကိုယ်စားလှယ်လောင်းကို သမ္မတ
ထောက်ခံသူများက ဖျက်ဖြင့် ထိပ်ပိုင်း အကွဲအပြဲကြောင့် မဲပြားမည့်သဘောများ
တွေ့လာရသည်။
၂၀၁၅အလွန်တွင် ၁၉၅၀ ကာလမျိုး ပြည်တွင်းစစ်နှင့် မြေပေါ်နိုင်ငံရေး
အကွဲအပြဲမျိုး ဖြစ်လာနိုင်သည်ဟု တပ်မတော်က တွက်ပုံရသည်။ ထို့ကြောင့်
တပ်မတော်သည် ရွေးကောက်ပွဲအတွက် နဂိုလူအများ တွက်ကြသည်ထက် ထဲထဲဝင်ဝင်
ပြင်ဆင်လာသည်။ ၂၅ ရာခိုင်နှုန်း ရှိပြီးသားပဲ၊ ဘာလို့သူတို့က
စိုးရိမ်နေသေးတာလဲဟု ပြောနိုင်သည်။
အခြေခံဥပဒေအရ တပ်မတော်သား ၂၅
ရာခိုင်နှုန်း လွှတ်တော်တွင်း ထားရှိခြင်းသည် မြန်မာနိုင်ငံ၏ တစ်မူထူးခြားသော
အနေအထားကြောင့်ဟု ဆိုနိုင်သော်လည်း နိုင်ငံတကာတွင် တွေ့ရခဲသော အစီအမံမျိုး
ဖြစ်သည့် အတွက် ရေရှည်မခံနိုင်။ ထို့ကြောင့် တပ်မတော်သား ကိုယ်စားလှယ်
မဟုတ်သော တပ်မတော် လိုလားသည့် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ရှိနေရန်
လိုသည်ဟု တပ်မတော်က တွက်ပုံရသည်။ ပါတီတစ်ရပ် ခိုင်ခိုင်မာမာ
တည်ထောင်ထားနိုင်မှသာ ရေရှည် စိတ်ချရမည်။ ထို့ကြောင့် USDP တွင်းမှတစ်ဆင့်
တပ်မတော် အရာရှိကြီးများ ရွေးကောက်ပွဲဝင်ရန် ကြိုးစားကြသည်။ သို့သော်
ဝင်မရ။ ထို့ကြောင့် နောက်တစ်နည်းအဖြစ် ပါတီ သီးခြားထောင်ရန် နည်းကို
စဉ်းစားကြပုံပေါ်သည်။ သို့သော် ရွေးကောက်ပွဲနီးမှ ကပ်ထောင်သော ပါတီသည် Brand
ပေါက်ရန်မလွယ်။ အခြေခံ မြို့နယ်၊ ခရိုင်အဆင့်ဆင့်တွင် အခြေခိုင်အောင်
တည်ဆောက်ရန် နောက်ကျသွားပြီ။ ထို့ကြောင့် နဂိုရှိပြီးပါတီကြီး ဖြစ်သည့်
USDP ကို တောင့်တင်းအောင် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဟု
တပ်မတော်က သဘောပေါက်ပုံရသည်။ ဦးသိန်းစိန်နှင့် တပ်မတော်တို့ ထိုနေရာတွင်
သဘောထားချင်း တိုက်ဆိုင်သည်။
ထို့နောက်တွင်မူ
တပ်မတော်မှ ဗိုလ်ချုပ်ကြီးများ အစုလိုက်အပြုံလိုက် အငြိမ်းစားယူသည်။
မြန်မာနိုင်ငံတွင်းတွင် ငြိမ်းချမ်းရေး မရသေးဘဲ လက်နက်ကိုင်အဖွဲ့
များစွာရှိနေချိန်၊ တပ်မတော်ကို ခေတ်မီသော တပ်မတော်အဖြစ်
တည်ဆောက်နေချိန်တွင် တပ်မတော်မှ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ
အစုလိုက်အပြုံလိုက် အငြိမ်းစားယူခြင်းသည် စိတ်ကူးပေါက်သလို ထလုပ်မရဘဲ
စနစ်တကျ အစီအစဉ် ရေးဆွဲထားမှသာ ရမည့်ကိစ္စမျိုး ဖြစ်သည်။ အခင်းဖြစ်ည ၈
နာရီတွင် ဝန်ကြီးငါးဦးနှင့် ဒုဝန်ကြီးများ နုတ်ထွက်ကြောင်း နိုင်ငံပိုင်
မီဒီယာများက ကြေညာသည်။ အငြိမ်းစားယူ၊ နုတ်ထွက်သော ဗိုလ်ချုပ်ကြီးများ၊
ဝန်ကြီးများသည် ၁၃-၈-၂၀၁၅ တွင် USDP ကြေညာချက်တွင် ဗဟိုကော်မတီဝင်များ
အဖြစ် ပါဝင်လာသည်။
နောက်ဆက်တွဲ အရေးကြီး မေးခွန်းများ ရှိသည်။
ဦးရွှေမန်း ဘာဆက်ဖြစ်မလဲ။
ဦးရွှေမန်းသည် ပါတီဒုဥက္ကဋ္ဌ၊ ယာယီ ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံလိုက်ရ သော်လည်း
လွှတ်တော်ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ် လည်းကောင်း
ဆက်ရှိနေမည်ဟု USDP က ကြေညာသည်။ သို့သော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆိုသည်မှာ
လွှတ်တော်ကိုယ်စားလှယ် အများစု၏ ထောက်ခံချက်မရလျှင် လွှတ်တော်ကို ဦးဆောင်ရန်
ခက်ခဲသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် အများစု၏ မိခင်ပါတီ USDP တွင် နေရာ
လက်လွတ်သွားသည့် ဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်နေဦးမည်လား။
ထိုမေးခွန်းကို ဦးရွှေမန်းကသာ ဖြေနိုင်ပြီး မကြာမီ လွှတ်တော်စတင်လျှင် အဖြေ
သိရတော့မည်။
နောက်တစ်ခုမှာ ဦးရွှေမန်းကို အစိုးရက ပြစ်မှုဥပဒေကြောင်း များဖြင့် ပြင်းပြင်းထန်ထန် အရေးယူနိုင်သလား ဟူသော မေးခွန်းဖြစ်သည်။
ဦးရွှေမန်း၏ သမ္မတမျှော်လင့်ချက် ကွယ်ပျောက်သွားပြီဟု ဆိုရမည်သာ။
သို့သော် ‘လူထု၏ သနားမှု’ Public Sympathy အတိုင်းအတာ တစ်ခုထိ
ရနိုင်သောကြောင့် NLD ၏ သမ္မတလောင်း ဖြစ်နိုင်သည်ဟုလည်း ထင်ကြေးပေးကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း အကြား သဘောတူညီချက် တစ်စုံတစ်ရာ ရှိ
မရှိက စကားပြောပေလိမ့်မည်။ မဲပိုရစေမည့် ၈၈ ခေါင်းဆောင်များကိုပင် NLD က
လတ်တလော ပယ်ချထားရာ USDP ကျောထောက် နောက်ခံ မရှိတော့သော ဦးရွှေမန်းအပေါ် NLD
က မည်သို့သဘောထားမည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ ဦးရွှေမန်းသည် NLD
တွင်မရှိသော အရာတစ်ခုခုကို ပေးနိုင်မည်လား။
နိုင်ငံအပေါ် ဘယ်လိုရိုက်ခတ်မလဲ။
နောက်တစ်ဆင့်တွင် တပ်မတော်က အာဏာသိမ်းတော့မည်လားဟု စိုးရိမ်သံများ
ကြားရသည်။ အာဏာသိမ်းမည်ဆိုလျှင် ယခုကဲ့သို့ တကူးတက ဗိုလ်ချုပ်ကြီးများ
အစုလိုက် နုတ်ထွက်၊ ဝန်ကြီးများနုတ်ထွက်ပြီး USDP တွင်းသို့ ဝင်စရာမရှိပါ။
ယခု သဲကြီးမဲကြီး ပြင်ဆင်နေသဖြင့် ရွေးကောက်ပွဲကို ဝင်ရန်
အာရုံစိုက်နေပုံရသည်။
ဦးရွှေမန်းကို ဥက္ကဋ္ဌနေရာမှ ဖယ်ရှားလိုက်ခြင်းသည် ၂၀၀၄ ခုနှစ်တွင်
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးမှ ဖယ်ရှားပြီးနောက်ပိုင်း ၁၁နှစ်အကြာတွင်
ဧရာမ ပုဂ္ဂိုလ်ကြီးတစ်ဦးကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ထိုစဉ်က
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖယ်ရှားအပြီး သတင်းစာ ရှင်းလင်းပွဲကို
သူရဦးရွှေမန်းက ဦးဆောင် ပြုလုပ်ခဲ့ရာ ကံကြမ္မာ၏ အံ့သြဖွယ်ကောင်းသော
တိုက်ဆိုင်မှုဖြစ်သည်။
ဦးရွှေမန်း ဖယ်ရှားခံလိုက်ရသည့် အတွက် လေးပွင့်ဆိုင် တွေ့ဆုံရန်
တောင်းဆိုမှုများ မလိုအပ်တော့ဘဲ သုံးပွင့်ဆိုင်သာ ကျန်တော့မည်။
သုံးပွင့်ဆိုင်မှာလည်း သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်မှာ သဘောထား
တိုက်ဆိုင်နေသည့်အတွက် နှစ်ပွင့်ဆိုင်သာ ကျန်တော့သည်။ ထိုနှစ်ပွင့်တွေ့ပြီး
ရွေးကောက်ပွဲအလွန် ကာလအတွက် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်သင့်သည်။
သို့မှသာ အာဏာအလွှဲအပြောင်း ညင်သာမည်၊ နိုင်ငံအုပ်ချုပ်ရေး အပြန်အလှန်
ပူးပေါင်း ဆောင်ရွက်ကြလိမ့်မည်။
ဦးရွှေမန်းအားနှင့် အသက်ဝင်လာသော လွှတ်တော် မည်သို့ ဆက်စခန်းသွား
မည်နည်း။ ဥပဒေများစွာ အတည်ပြုရန်၊ ပြင်ဆင်ရန် ကျန်နေသေးသည်။ အစိုးရနှင့်
လွှတ်တော် ပွတ်တိုက်မှု လျော့သွားမည်။
ဦးရွှေမန်းနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ မည်သို့ ဖြစ်လာနိုင်သလဲ။
ယခင့်ယခင် မှတ်တမ်းများအရမူ ကြီးကြီးမားမား ပုဂ္ဂိုလ်တစ်ဦး
အရေးယူခံရလျှင် သူနှင့် ဆက်စပ်လုပ်ငန်းများ တစ်နွယ်ငင် တစ်စင်ပါ အရေးယူ
ခံရတတ်သည်။ ယခုဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဆက်ထားခြင်း၊ ပါတီဝင်အဖြစ်
ဆက်ထားခြင်း တို့ကြောင့် ထိုမျှလောက် မဖြစ်နိုင်ဟု ထင်ရသည်။ သို့သော်
ပြည်ထဲအရေး ပေါက်နှင့်ကျေး ဖြစ်သဖြင့် တပ်အပ် မပြောနိုင်။ ဦးရွှေမန်း၏
တုံ့ပြန်ပုံပေါ်တွင် မူတည်နိုင်သည်။
ရွေးကောက်ပွဲ အကြိုကာလသည် မြန်မာနိုင်ငံကဲ့သို့ စပ်ကူးမတ်ကူး
နိုင်ငံများ မဆိုထားဘိ အခြေကျပြီး နိုင်ငံများတွင်ပင် မုန်တိုင်းများ
ကြုံရတတ်သော ကာလ ဖြစ်သည်။ ရွေးကောက်ပွဲများသည် ‘ဒီမိုကရေစီ နည်းကျ
အာဏာလုပွဲ’ ဖြစ်သည်။ အာဏာသည် ‘နိုင်သူအကုန်ယူကြေး’ zero-sum ခေါ်
‘သူနိုင်လျှင် ကိုယ်ရှုံး၊ ကိုယ်နိုင်လျှင် သူရှုံး’ သဘောတရား ရှိသည့်အတွက်
ညီအစ်ကိုကြား၊ ဆရာဒကာကြား၊ မိတ်ဆွေများကြား သွေးကွဲစေသော သဘောရှိသည်။
ပြုပြင်ပြောင်းလဲရေး ကာလ အခက်အခဲကြီး များကို ကျော်လွှားရန်
ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုကို အားကိုးရသော အချိန်တွင်
ရွေးကောက်ပွဲသည် အကောင်းအဆိုးကို ဒွန်တွဲ သယ်ဆောင်လာသည်။ အာဏာရှိ အာဏာမဲ့
မြန်မာနိုင်ငံသား တို့သည် ရွေးကောက်ပွဲ အတွေ့အကြုံ ရှားပါးလှသဖြင့် ပိုပြီး
အန္တရာယ်ကြီးသည်။
မြန်မာနိုင်ငံသည် သာယာညင်းပျောင်းသော ‘အာဏာအပြောင်းအလွှဲ’ ကိုသာ အလိုရှိပါသည်။
ဇေယျသူThe Voice