ပြဿနာက ကြီးမားလွန်းလှတယ်။ မြန်မာနိုင်ငံရဲ့ ရေဘေးနဲ့ ပတ်သက်လာရင်
ဟိုတုန်းက မဆလတစ်ပါတီ ဗိုလ်နေ၀င်းတို့ စစ်အာဏာရှင်အုပ်စု လက်ထက်ကတည်းက
ကျွန်တော်တို့မှာ ထိတ်လန့်ချောက်ချားစရာ ကောင်းတဲ့ အတွေ့အကြုံတွေ
အများကြီးရှိခဲ့တယ်။ အဲသည်တုန်းက မြစ်ဝကျွန်းပေါ်ဒေသ အနှံ့အပြား
ချောင်းကြိုချောင်းကြားပါမကျန် သွားလာခုတ်မောင်းခဲ့တဲ့ ၃၀၄
လို့နာမည်ပေးထားတဲ့ သင်္ဘောမှာ ကျွန်တော် ၅ နှစ်တိတိ စက်ဆရာအလုပ် လုပ်ခဲ့တော့
၁၉၇၄ ခုနှစ် မြစ်ဝကျွန်းပေါ်ရေဘေးနဲ့ ကိုယ်တွေ့ကြုံခဲ့ရတယ်။ အခု ၂၀၁၅
ခုနှစ်မှာဖြစ်နေတဲ့ ရေဘေးလိုပဲ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့
အဲဒီရေဘေးကိစ်္စမှာ မဆလစစ်အစိုးရဘက်က ဘာမှအဆင်သင့်မရှိခဲ့ဘူး။ “ကယ်ဆယ်ရေး”
လို့သာ ပါးစပ်က အော်နေကြတာ။ အသံကောင်းတွေ ဟစ်နေကြတာ။ တကယ်ဖြစ်လာတော့ ခံရတာ
ဒေသခံပြည်သူလူထုပဲ။ အစိုးရဘက်က ဘာတစ်ခုမှ တိကျသေချာရေရာတဲ့
“ကယ်ဆယ်ရေး”လုပ်ငန်းတွေ မရှိခဲ့ဘူး။ အဓိကဟာဘာလဲဆိုတော့ မဆလစစ်အစိုးရမှာ
နာမည်တပ်ထားတဲ့ “လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန”
ဆိုတာရှိနေပေမယ့် အဲဒီလို ရေဘေးဒုက္ခသည်တွေလည်း ရှိလာရော အဲဒီဝန်ကြီးဌာနမှာ
တိတိကျကျ သေသေချာချာ ရေရေရာရာ “ကယ်ဆယ်ရေး” လုပ်ပေးနိုင်လောက်တဲ့ နည်းပညာနဲ့
အတတ်ပညာ လုံးဝမရှိကြတာ လက်တွေ့မြင်ခဲ့၊ ကြုံခဲ့ရတယ်။
ကယ်ဆယ်ရေးအတတ်ပညာမရှိကြတာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ရှာလိုက်တော့
ဝန်ကြီးဌာနဟာ ကယ်ဆယ်ရေးအတတ်ပညာ အသိပညာနဲ့ ပတ်သက်တဲ့ ခေတ်မီသင်တန်း
ကျောင်းလည်းမရှိ။ သင်တန်းပေးပြီး သင်ကြားပေးစရာ ကျောင်းမရှိတော့
သင်တန်းသားလည်း ဘယ်ရှိပါ့မလဲ။ အဲဒီဝန်ကြီးဌာနက ၀န်ကြီးအပါအ၀င် လက်အောက်ခံ
ဝန်ထမ်းအားလုံးမှာ “ကယ်ဆယ်ရေး” နဲ့ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာ၊
နည်းပညာမှန်သမျှ စနစ်တကျ ဘာမှမရှိကြဘူး။
ထိုနည်းတူစွာပဲ ဘာပညာမှမတတ်ကြသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတိုင်းမှာ မလွဲမသွေ
လုပ်ကိုင်ဆောင်ရွက်ဖို့ အထောက်အကူ ပြုကိရိယာတွေ၊ စက်ပစ္စည်းတွေလည်း
ဘာမှမရှိခဲ့ကြဘူး။ ကယ်ဆယ်ရေးလုပ်ငန်းဆိုတာ သိပ်အရေးကြီးသလို၊
ရေဘေးဒုက်္ခရောက်နေ သူတွေကို ဘေးကင်းရာဘေးလွတ်ရာရောက် အောင်
ပို့ဆောင်ပေးဖို့အတွက် အစိုးရ၀န်ကြီးဌာနဘက်မှာ တကယ်လိုအပ်တဲ့ မော်တော်ယာဉ်၊
သင်္ဘော၊ မော်တော်ဘုတ်၊ အသက်ကယ်လှေ၊ ပဲ့ချိတ်လှေနဲ့
ကယ်ဆယ်ရေးလုပ်ငန်းခွင်သုံး လေယာဉ်၊ ရဟတ်ယာဉ်တွေမရှိခဲ့ဘူး။
ကယ်ဆယ်ရေးလုပ်ငန်းခွင်သုံး လေယာဉ်ဆိုတာ ရိုးရိုးလေယာဉ်၊ ခရီးသည်တင်လေ
ယာဉ်နဲ့မတူဘူး။ ကယ်ဆယ်ရေးလုပ်ငန်းခွင်သုံး ရဟတ်ယာဉ်ဆိုတာလည်း အခုမြင်နေရတဲ့
စစ်တပ်ကသုံးနေတဲ့ ရဟတ်ယာဉ်နဲ့ ဖွဲ့စည်းပုံ၊
ပစ္စည်းကိရိယာတပ်ဆင်ထားပုံချင်းမတူဘူး။ ဥပမာအားဖြင့်ပြောရရင် ရေကြီးပြီး
ရေစီးအားသန်သန်မှာ မျောပါသွားတဲ့ လူတွေ၊ တိရစ္ဆာန်တွေကို
ရဟတ်ယာဉ်တွေကလိုက်ပြီး ကယ်တင်မယ်။ ဆယ်ယူမယ်ဆိုရင် အခုစစ်တပ်မှာ သုံးနေတဲ့
ရဟတ်ယာဉ်အမျိုးအစားတွေနဲ့ ကယ်တင်ဆယ်ယူလို့မရဘူး။
ကယ်ဆယ်ရေးနဲ့ဆယ်ယူရေးလုပ်ငန်းခွင်သုံး ရဟတ်ယာဉ်ဆိုတာ သီးသန့်ရှိတယ်။
နိုင်ငံတကာမှာသုံးနေတဲ့ ရဟတ်ယာဉ်အမျိုးအစား တစ်ခုဖြစ်တယ်။ သူ့မှာ
အထူးအထောက်အကူပြု စက်ကိရိယာပစ္စည်းတွေ တပ်ဆင်ထားတာဖြစ်တယ်။
အဲဒီမဆလစစ်အစိုးရခေတ်မှာ မြစ်ဝကျွန်းပေါ်ဒေသက မြို့တွေရွာတွေ ရေကြီးပြီး
ရေဘေးဒုက္ခ ကြုံလာကြပြီဆိုတဲ့အခါကျတော့ စစ်တိုင်းမှူးတို့၊
ဗျူဟာမှူးတို့ကလည်း သင်္ဘောတွေနဲ့ လှည့်ပတ်ကြည့်တာပဲရှိတယ်။
ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ရဟတ်ယာဉ်တွေနဲ့ ၀ဲပြီးလိုက်ကြည့်တာပဲရှိတယ်။
မဆလခေတ်က ၀န်ကြီးတို့၊ ဒုဝန်ကြီးတို့၊ ညွှန်ချုပ်တို့ အပါအ၀င်
အောက်ခြေ၀န်ထမ်းတွေကလည်း သင်္ဘောတွေ၊ မော်တော်တွေ၊ လှေတွေနဲ့ လှည့်ပတ်ပြီး
လိုက်ကြည့်ရုံသက်သက်ပဲ။ သူတို့လည်း ဘာမှမလုပ်တတ်ဘူး။ အဲဒီတုန်းက
ပုသိမ်ဘက်မှာဆိုရင် ဆောင်ဘုံရွာတို့ ဘာတို့ ရေမြုပ်ခဲ့တယ်။ နောက်ဘက်မှာ
ရိုးမရှိတော့ ရွာသူရွာသားတွေရော၊ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေရော
တောင်ကုန်းမြင့်တဲ့နေရာ ပြောင်းရွှေ့ပြီး နေကြရတယ်။ တောင်ခြေက ရွာကိုတော့
ရေကဖုံးလွှမ်းသွားတယ်။ နေရာတချို့မှာ လူသေတယ်။ ကျွဲနွား တိရစ္ဆာန်တွေ
သေကျေပျက်စီးဆုံးရှုံးတယ်။
နယ်လှည့်ဆေးဝါးကုသရေးအဖွဲ့ဆိုတာကလည်း လူအင်အား၊ပစ်္စည်းအင်အား
မပြည့်စုံခဲ့ဘူး။ ထိထိရောက်ရောက် ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။
တချို့နေရာမှာကျတော့ စစ်တပ်က လေယာဉ်နဲ့ ဆန်၊ ဆီ၊ အ၀တ်အထည်၊ ဆေးဝါး၊
အစားအသောက်ဘူးတွေ၊ အထုပ်တွေကို လာပြီးချပေးတာ၊ ခွဲတမ်းနဲ့ဝေငှယူကြရတာတော့
ရှိပေမယ့် မလောက်ငပါဘူး။ ဟိုတုန်းကလည်း အခုလိုပဲ ရေဘေးဒုက္ခသည်တွေအတွက်
ပြည်သူလူထုက အလှူငွေ၊ အလှူပစ္စည်းတွေ ပေးကြပို့ကြ လှူခဲ့ကြတာပါပဲ။
ဒါပေမဲ့ ခက်တာက ဖြစ်လာတာကို၊ ဖြစ်နေတာကို၊ ဖြစ်ခဲ့တာကို ဘယ်လိုကာကွယ်မှု
ပေးနိုင်မလဲဆိုတဲ့ နည်းပညာ၊ အတတ်ပညာ၊ အထောက်အကူပစ္စည်း စုံစုံလင်လင်မရှိဘဲ
ဒီအတိုင်း ငုတ်တုတ်ထိုင်ကြည့်နေကြတဲ့ တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ၊
ဝန်ကြီးတွေ၊ ၀န်ထမ်းတွေပဲရှိခဲ့တယ်။ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဆိုပြီး
တက်လာတဲ့ရေကို တတ်နိုင်သမျှ သဲအိတ်တွေဖို့ပြီး တားဆီးရုံပဲ
တားဆီးနိုင်ခဲ့တယ်။ တကယ်ရေစီးအားကောင်းတဲ့နေရာတွေမှာကျတော့
အဲဒီလောက်လုပ်ကိုင်ကြ ရုံလေးလောက်နဲ့တော့ ဘယ်ရပါ့မလဲ။
သဲအိတ်တွေ ၀ိုင်းဖို့ကြတဲ့ကြားထဲကပဲတာ တွေကျိုးပြီး ရေမြုပ်ခံလိုက်ရတဲ့
လယ်တွေယာတွေ၊ စိုက်ခင်းဥယျာဉ်တွေ၊ ငါးမွေးကန်ကြီးတွေ၊ လူနေအိမ်ခြေတွေ၊
ဘုရားစေတီကျောင်း ကန်ဇရပ်တွေ အများကြီးပဲ။ အဲဒီ ၁၉၇၄ ခုနှစ်တုန်းကဆိုရင်
ဘာမှနည်းပညာ၊ အတတ်ပညာပစ္စည်းပစ္စယလည်း စုံစုံလင်လင်မရှိကြဘဲနဲ့
ဒီအတိုင်းငုတ်တုတ်ထိုင်ကြည့်ခဲ့ရတဲ့ မြို့တွေထဲ မှာ မြစ်ဝကျွန်းပေါ်ဒေသက
ငသိုင်းချောင်းမြို့ဆိုရင် နေ့ရောညပါ ကျွန်တော်တို့မှာ တထိတ်ထိတ်ပဲ။
ငသိုင်းချောင်းမြို့ရဲ့ တည်ဖွဲ့ပုံက တာရိုးကြီးတွေရဲ့အောက်မှာရှိနေတာပါ။
တကယ်လို့ မြစ်ရေအတက်ကြမ်းပြီး စိုးရိမ်ရေမှတ်အထက်ကို ရောက်သွားလို့
တာရိုးကြီးတွေ ကျိုးပေါက်သွားပြီဆိုတာနဲ့ တစ်မြို့လုံး ရေမြုပ်ပျက်စီး
သွားမှာပဲ။ အဲဒီတုန်းက ကံကောင်းတယ်လို့ပဲဆိုရမယ်။ စိုးရိမ်ရေမှတ်အထက်
ကျော်လုလုလေးကျမှ ရေကပြန်ကျသွားခဲ့ပေလို့ပဲ။ ပြီးတော့ အရေးကြီးတဲ့
မြို့တစ်မြို့ရှိသေးတယ်။ ဧရာဝတီမြစ်ကမ်းမှာရှိတဲ့ ဟင်္သာတမြို့။ သူလည်းပဲ
တာရိုးကြီးတွေ ကျိုးပေါက်သွားပြီဆိုတာနဲ့ တစ်မြို့လုံး
ဒုက်္ခရောက်မယ့်မြို့။ စိုးရိမ်ရပါတယ်။
အခု ၂၀၁၅ ဇူလိုင်၊ သြဂုတ်မှာ ပြဿနာက ကြီးမားလာပြန်တယ်။ မြန်မာပြည်အနှံ့မှာ
မိုးက တအားကောင်းလွန်းပြီး ရေကြီးတာ၊ ရေလျှံတာ တစ်နေ့ပြီးတစ်နေ့ ပြဿနာက
ပိုကြီးလာတယ်။ ပြည်သူလူထုအများစု ဒုက္ခမျိုးစုံကြုံနေရတယ်။ ဒါပေမဲ့
ဖြစ်နေတာကဘာလဲဆိုတော့ ကယ်ဆယ်ရေးကိစ်္စမှာ လွန်ခဲ့တဲ့ မဆလစစ်အစိုးရခေတ် ၁၉၇၄
ခုနှစ်ကပုံစံမျိုးလိုပဲ ဖြစ်နေသေးတာ ဘာမှထူးထူးခြားခြား
တိုးတက်ပြောင်းလဲမလာနိုင်သေးတာက တကယ့်ကိုကြီးမားတဲ့ပြဿနာပဲ။
ဒီနေရာမှာ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ သတိထားဂရုစိုက်ရမယ့်
အချက်တစ်ချက်ရှိတယ်။ အခု ရေဘေးဒုက္ခကိစ္စကို စဉ်းစားသုံး သပ်တတ်မယ်ဆိုရင်
တရုတ်တွေနဲ့ စာချုပ်ပြီး ခဏရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံရေကာ တာကိစ္စတွေ၊
သံလွင်မြစ်ကြောင်းက ရေကာတာကိစ္စတွေကို ကြိုပြီးသတိထားတွေးဆတတ်
ကြဖို့တော့လိုပြီ။ တကယ်ရေကြီးရေလျှံလာရင် အခုပုံစံမျိုးနဲ့က ရေကာတာတွေ၊
တာတမံတွေ လုံးဝစိတ်မချရဘူးဆိုတာ အစိုးရပိုင်းက သဘောပေါက်သင့်ပြီ။ ဖြစ်လာရင်
ရှင်းလို့မရတဲ့ ကိစ်္စမျိုးတွေ ကြုံကြရလိမ့်မယ်။ တကယ်ရေအား
ပြင်းပြင်းထန်ထန်နဲ့ တိုးလာလို့ကတော့ တရုတ်ကလာပြီး ဆောက်မယ်ဆိုတဲ့
မြစ်ဆုံရေကာတာအပါအ၀င် သံလွင်က ရေကာတာစီမံကိန်းတွေပါ ကျိုးပေါက်ပျက်စီးပြီး
မြို့ကြီးပြကြီးနဲ့ ကျေးရွာတွေပါ ရေအောက်ကို စုံးစုံးမြုပ်ရောက်သွားမှာ
သေချာသလောက်ပဲ။
အခုရေဘေးဒုက်္ခကိစ်္စမှာ လက်ရှိအစိုးရပိုင်းက ပိုပြီးသတိထားရမယ့်အပိုင်း
ရှိသေးတယ်။ အဲဒါကဘာလဲဆိုတော့ ရိုးရိုးစစ်လက် နက်ပစ္စည်း စက်ရုံကြီးတွေ
လျှို့ဝှက်ပြီးတည်ဆောက်ရင် တည်ဆောက်ပါ။ ဒါက ပြည်သူလူထုရဲ့
အလုပ်လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ လျှို့ဝှက်တဲ့ ဆန်းဆန်းပြားပြး
စစ်လက်နက်ပစ္စည်းစက်ရုံကြီးမျိုးတွေကို တည်ဆောက်ဖို့
စီမံကိန်းရှိတယ်ဆိုရင်တော့ တာဝန်ရှိသူတွေက ပြည်သူလူထုကို လေးလေးစားစား
ကြိုတင်ပြီး အသိပေးသင့်တယ်။
ပြည်သူလူထုဆီက အကြံဉာဏ်ကောင်းတွေ ရယူသင့်တယ်။ ဘာကြောင့်လဲဆိုတော့
တိုင်းပြည်တိုင်းမှာ သဘာဝဘေးအန်္တရာယ်၊ ရေ ဘေး၊ လေဘေး၊ ငလျင်ဘေး၊
မုန်တိုင်းအန်္တရာယ် တောမီးလောင်တဲ့ အန္တရာယ်မျိုး ရှိလာပြီဆိုရင်
အဲဒီဆန်းပြားတဲ့စက်ရုံကြီးမျိုးတွေမှာ ပြဿနာရှိလာတတ်လို့ပါ။
အနီးစပ်ဆုံးဥပမာပြောရရင် ဂျပန်နိုင်ငံက ဖူကူရှီးမားစက်ရုံကြီး
ဘာဖြစ်သွားလဲ။ အဲဒါကို ဥပမာအနေနဲ့ ပြောတာပါ။
သဘာဝဘေးအန္တရာယ်လည်းရှိလာရော အဲဒီ ဖူကူရှီးမားစက်ရုံကြီးကိုပါ ဆက်နွှယ်တုန်ခါ
ပျက်စီးထိခိုက်လာပြီး စက်ရုံကြီးက ဆန်းဆန်းပြားပြား ဓာတ်ငွေ့တွေ
ယိုစိမ့်ပျံ့နှံ့သွားတဲ့ ပြဿနာဟာ ဘယ်လောက်ဆိုးဝါးခဲ့လဲဆိုတာ အားလုံး
သတိထားရမယ့်အချက် ဖြစ်တယ်။ ကျွန်တော်ဆိုလိုချင်တာက ဂျပန်လို
ပိုက်ဆံအရမ်းချမ်းသာနေတဲ့ နိုင်ငံ၊ နည်းပညာ ပိုင်းဆိုင်ရာ သိပ္ပံပညာ
အရမ်းတိုးတက်ထွန်းကားနေတဲ့ နိုင်ငံမျိုးမှာတောင်မှ သူတို့နိုင်ငံ
သဘာဝဘေးအန္တရာယ် ကြုံလာတဲ့အခါကျတော့ ပြည်သူလူထုကို ဆိုးကျိုးဖြစ်စေနိုင်တဲ့
ဓာတ်ငွေ့တွေ ယိုစိမ့်လာမှုနဲ့ပတ်သက်ပြီး စက်ရုံကြီးကိုထိန်းချုပ်ဖို့
အတော်ခက်ခဲခဲ့တယ်။ ဒီနိုင်ငံမှာက ပြည်သူလူထုကလည်း
အရမ်းပင်ပန်းဆင်းရဲနေကြတယ်။ တိုင်းပြည်မှာ နည်းပညာ၊ အတတ်ပညာပိုင်းကအစ
ဘာမှမတိုးတက်သေးတဲ့ အချိန်မျိုးမှာ လုပ်ချင်တာတွေကိုချည်းပဲ မကြည့်နဲ့၊
လုပ်သင့်တာကိုသာ သိကြပါတော့လို့ သက်တမ်းနည်းနည်းပဲကျန်တော့တဲ့ လက်ရှိ
မြန်မာအာဏာပိုင်အစိုးရကို သတိပေးလိုက်ရကြောင်းပါဗျာ။
ဆောင်းဝင်းလတ်
The Ladies News Journal ပါ ဆောင်းပါး