တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)ကို တိုင်းရင်းသား မဟာမိတ်တွေနဲ့ အတူ လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တယ်လို့ မြန်မာလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
သြဂုတ် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ်တနေရာမှာ ပြုလုပ်တဲ့ ဗဟိုကော်မီတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့အတူတကွ လက်မှတ်ရေးထိုးသွားနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
မကဒတ ဒု-ဥက္ကဌ ရဲဘော်မျိုးဝင်းက “ပထမတခုကတော့ဒီ ကျနော်တို့ အန်စီအေ သဘောတူစာချုပ်ပေါ့နော်။ ဒီအန်စီအေ သဘောတူ စာချုပ်က ကျနော်တို့ ရှေ့ဆက်သွားမယ့် စစ်ရေး ပဋိပက္ခတိုင်းကို ရပ်တန့်စေဖို့နဲ့ နိုင်ငံရေး ဆွေးနွေးဖို့အတွက် ရှေ့ဆက်ဆောင်ရွက်ဖို့ဆိုရင်တော့ အစပြုမှုလမ်းကြောင်းတခုအဖြစ်နဲ့ ကျနော်တို့ ဒါကို လက်ခံအတည်ပြုထားပြီးပြီပေါ့နော်။ ဒီလက်မှတ်ရေးထိုးမယ့်ကိစ္စမှာတော့ ကျနော်တို့ဒီ မဟာမိတ်တိုင်းရင်းသားအင်အားစုတွေနဲ့လက်တွဲပြီးတော့မှ လက်မှတ်ရေးထိုးနိုင်ရေး ဆက် လက်ကြိုးစားသွားမှာပေါ့။ ” လို့ ပြောပါတယ်။
ဒါ့အပြင် အခြေအနေအမျိုးမျိုးကြောင့် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ အဖွဲ့အစည်းတွေ အတွက် နိုင်ငံရေး၊ စစ်ရေး အာမခံချက်ရရှိဖို့ နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိပါဝင်နိုင်ရေးကိုလည်း ကြိုးပမ်းသွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ကလည်း အန်စီအေကို ပါဝင်လက်မှတ်ရေး ထိုးရေး အတွက်ဆုံးဖြတ်ထားပြီး ဘ၀တူတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တွေနဲ့အတူတကွ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ကြိုးပမ်းသွားမယ်လို့လည်း ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအတွက်လည်း နိုင်ငံရေး၊ စစ်ရေး အာမခံချက်နဲ့ လူမှုရေးစာနာ ထောက်ထားမှု အခွင့်အရေးရဖို့ ၀န်းရံကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
DVB