Headlines News :
Home » » အရေးပါတဲ့ အရပ်ဘက်ရာထူးတွေကို စစ်အရာရှိတွေ ခန့်အပ်မှု ဆန့်ကျင်နေကြ

အရေးပါတဲ့ အရပ်ဘက်ရာထူးတွေကို စစ်အရာရှိတွေ ခန့်အပ်မှု ဆန့်ကျင်နေကြ

Written By Live100 on Tuesday, August 11, 2015 | 6:46 PM


ကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာနအရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနက ရာထူးကြီးတွေမှာ ခန့်အပ်တဲ့အပေါ် မကျေနပ်လို့ ကျန်းမာရေးလောကသားတွေဟာ ဖဲကြိုးနက်လှုပ်ရှားမှုကို ပြည်တွင်းပြည်ပက မနေ့ကစတင်လုပ်ဆောင်ကြရာမှာ ဒီကနေ့ တစထက်တစ ပိုမိုကျယ်ပြန့် လာနေပါတယ်။ Black Ribbon Movement Myanmar 2015 အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုကို တိုင်းနဲ့ပြည်နယ်အသီးသီး ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆေးရုံတွေက ဆရာဝန်ကြီးတွေ၊ အထူးကုဆရာဝန်တွေ၊ ဆရာဝန်တွေ၊ အလုပ်သင် ဆရာဝန်တွေ၊ သူနာပြုတွေက သူတို့ရဲ့ ဓာတ်ပုံ၊ အမည်၊ ဆမ နံပါတ်တွေနဲ့ အနက်ရောင်ဖဲကြိုးကို ရင်ဘတ်မှာ တဦးချင်း၊ အစုအဖွဲ့အလိုက် ဆင်မြန်းပြီး ပူးပေါင်းပါဝင် ဆန္ဒပြနေကြတာပါ။ ပြည်ပနိုင်ငံတွေမှာ တာဝန်ထမ်းနေကြတဲ့ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေကလည်း ဒီလှုပ်ရှား မှုမှာ ပါဝင်လာနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်နဲ့ ၃၀ ရက်နေ့ရက်စွဲတွေနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြောညာစာတွေမှာ“ ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးလာသော အရာရှိများအား တာဝန်ခန့်အပ်ရာ၌ စစ်တက္ကသိုလ်မှ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးများအား ဒုညွန်မှူးနှင့် လက်ထောက်ညွှန်မှူးရာထူးများပေးအပ်ခြင်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ဆရာဝန်များအား အရပ်ဘက်အထူးကုဆရာဝန်များပေးအပ်ခြင်း၊ ရိုးရိုးဘွဲ့ရစစ်ဗို်လ်များအား အုပ်ချုပ်ရေးဦးစီး အရာရှိများ ပေးအပ်ခြင်းတွေ ပါဝင်” ခဲ့ပါတယ်။ ဒီရာထူးတာဝန်တွေဟာ အရပ်ဘက် ကျန်းမာရေးလောကသားတွေအဖို့ နှစ်ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ပြီးမှ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခွင့်ရတဲ့ ရာထူးတာဝန်တွေဖြစ်ပြီး စစ်ဘက်က လာသူတွေက မိုးကျရွှေကိုယ်ပမာ ရယူတဲ့အပေါ် မကျေနပ်လို့၊ မလွှမ်းမိုးဖို့ ကန့်ကွက်ဆန္ဒပြကြတာလို့ဆိုပါတယ်။
ဒီလိုပုံစံနဲ့ အလားတူ စစ်ဘက်ကပုဂ္ဂိုလ်တွေက အရပ်ဘက်အုပ်ချုပ်ရေးနယ်ပယ်မှာ ရာထူးယူတာ ဆယ်စုနှစ်ချီရှိနေတာဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာသည်ပင်လျှင် ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်ဘဲ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ကိုယ်စားလှယ်ရယူထားတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက “ကျနော်တို့ ဆေးလောကနဲ့ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု တစ်ခုဖြစ်တဲ့ ကျန်းမာရေး ၀န်ကြီးဌာရဲ့ အရေးပါတဲ့ ရာထူးတွေကို စစ်တက္ကသိုလ် ဆင်းတွေ ၀င်ရောက်စွက်ဖက်တာကို ကန့်ကွက်တဲ့ အနေနဲ့ Black Ribbon Movement ကို စတင်ကြရအောင်။ ဒီ movement ဟာ လူပုဂ္ဂိုလ်တွေကို (အထူးသဖြင့် စစ်တက္ကသိုလ် ကျောင်းဆင်းတွေကို) တိုက်ခိုက်ဖို့ မရည်ရွယ်ပါ။ အာဏာရှင်ဆန်တဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်ဘက်က စစ်မှုထမ်းများကိုပါ ဒီ movement ကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။” လို့ ထုတ်ပြန်ထားပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးပိုင်းက တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒီခန့်အပ်မှုနဲ့ပတ်သက်လို့ ဥပဒေနဲ့ညီမညီ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို မေးမြန်းရာမှာ နိုင်ငံဝန်ထမ်းဥပဒေနဲ့ ညီမညီ စိစစ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်ကအရာရှိတွေကို အဆင့်မြင့်ရာထူးတွေခန့်အပ်တဲ့အပေါ် ဖဲကြိုးအနက်လှုပ်ရှားမှုလုပ်ပြီးကန့်ကွက်နေကြတယ်။ ဒီခန့်အပ်မှုဟာ ဥပဒေအရ ဒီအတိုင်းပဲ ခန့်အပ်ပိုင်ခွင့်ရှိသလားခင်ဗျ။ အကိုးအကားနဲ့ ပြောပြပါ။
“မကြာခင်က ပြဌာန်းလိုက်တဲ့နိုင်ငံ့ဝန်ထမ်းဥပဒေကို ကိုးကားပြီးပြောရမယ်ဆိုရင် အဲဒီနိုင်ငံဝန်ထမ်းဥပဒေရဲ့ ပုဒ်မ ၂ (င) မှာ ၀န်ထမ်းဆိုသည်မှာတဲ့ ၀န်ထမ်းအဖွဲ့အစည်းတရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံဝန်ထမ်းကို ဆိုလိုသည်တဲ့။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စရပ်အလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်တဲ့။ သူက ဒီလိုရေးထားပါတယ်။ အဲဒီတော့ ဆိုလိုတဲ့အဓိပ္ပာယ်က ၀န်ထမ်းအဖွဲ့အစည်းတရပ်ရဲ့ ဖွဲ့စည်းပုံပါ ရာထူးတခုခုမှာ ခန့်အပ်ခြင်းခံရတဲ့သူဆိုရင် နိုင်ငံ့ဝန်ထမ်း၊ ဆိုလိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနဆိုတာ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းထားတဲ့ ၀န်ထမ်းအဖွဲ့အစည်းပေါ့ဗျာ။ အဲဒီတော့ အဲဒီဌာနမှာ ခန့်အပ်ခြင်းခံရတဲ့ ၀န်ထမ်းထဲမှာ တပ်မတော်သားနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မပါဘူး။ အကျုံးမ၀င်ဘူးလို့ ပြောထားတဲ့အခါကျတော့ အဲဒီလို အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းတွေထဲမှာ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေကို ခန့်ထားလို့မရဘူးလို့ အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် ဖွင့်လို့ရတယ်။ ကျနော်တို့ထောက်ပြစရာတချက်ရှိနေတယ်။ အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းထဲမှာ တပ်မတော်သားပါဝင်ရင် ဒီဥပဒေနဲ့ ဒီအဓိပ္ပာယ်နဲ့ ဆန့်ကျင်သွားမလားဆိုတာ တချက်ရှိတယ်ပေါ့နော်။”
“နောက်တခါ သူနဲ့သက်ဆိုင်တဲ့ ဥပဒေ ကျနော်တို့ လေ့လာလိုက်တဲ့အခါမှာ အခန်း (၃) ရွေးချယ်ခန့်ထားခြင်းဆိုတဲ့ အခန်းရဲ့ ပုဒ်မ ၈ မှာ ဘာတွေ့ရလဲဆိုတော့ ၀န်ကြီးဌာန ဒါမှမဟုတ်လို့ရှိရင် ၀န်ထမ်းအဖွဲ့အစည်းတခုခုက ပြန်တမ်းဝန်အရာရှိတဦးကို အခြားဝန်ကြီးဌာန သို့မဟုတ်လည်း အခြားဝန်ထမ်းအဖွဲ့အစည်းတခုခုကို ပြောင်းရွှေ့ခန့်ထားမယ်ဆိုရင် သူသတ်မှတ်ထားတဲ့အချက်တွေရှိတယ်ဗျ။ အဲဒါဘာတုန်းဆိုတော့ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံရမယ်တဲ့ တချက်။ နံပါတ် ၂ ကသက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းက ရာထူးဝန်အဖွဲ့နဲ့ ညှိနှိုင်းရဦးမယ်တဲ့။ သူက ချက်ခြင်းပြောင်းလို့မရဘူး။ သတ်မှတ်ချက်က ၂ ချက်ဖြစ်သွားပြီ။ ပြောင်းရွှေ့ခန့်ထားမယ့်နေရာမှာ သူထမ်းဆောင်ရမယ့်တာဝန်နဲ့ ဆိုင်တဲ့အရည်အချင်း ပြည့်စုံသလား၊ မပြည့်စုံသလား ဒါ တချက်ကြည့်ရမယ်။ ပြည့်စုံရင်တောင်မှ အဲဒီဝန်ထမ်းအဖွဲ့အစည်းက ရာထူးဝန်အဖွဲ့နဲ့ ညှိရဦးမယ်တဲ့။ အဲဒီရာထူးဝန်အဖွဲ့နဲ့ ညှိတဲ့အခါမှာ အဲဒီရာထူးဝန်အဖွဲ့က ညှိနှိုင်းစိစစ်ပြီးတော့မှ သူက ပြည်ထောင်စုအစိုးရကို တင်ပြရမယ်တဲ့။ ပြောလိုတဲ့သဘောကတော့ ဌာနတခုကနေ အခြားဌာနတခုကို လွယ်လွယ်ကူကူ ပြောင်းလို့မရဘူး။ ရာထူးဝန်အဖွဲ့နဲ့ညှိနှိုင်းပြီးမှ၊ ရာထူးဝန်အဖွဲ့က အစိုးရအဖွဲ့ကိုတင်ပြပြီးမှသာ ဒီဟာ ပြောင်းလို့ ရွှေ့လို့ရမယ်။ အခုကိစ္စမှာ အဲသလို လုပ်သလား၊ မလုပ်ဘူးလားဆိုတာ ကျနော်တို့ ပြောလို့မရဘူးဖြစ်နေတယ်။ ဒါ ကျနော်တို့ စဉ်းစားစရာ အချက်တချက်။
“နောက်ထပ်ကျနော်တို့ အချက်တချက်ရှိသေးတယ်။ ရာထူးတိုးမြှင့်ခြင်းဆိုတဲ့ အခန်း (၇) နဲ့ဆိုင်တယ်ခင်ဗျ။ အဲဒီအခန်း ၇ မှလည်း ကျနော်တို့က အခု ကျန်းမာရေးဝန်ကြီးဌာနကို လာတာ ရာထူးတိုးပြီးတော့ လာတာဆိုရင် ဒီဥပဒေတွေနဲ့ ညီဖို့လိုသေးတယ်။ ပုဒ်မ ၂၃၊ ၂၄၊ ၂၅ စသဖြင့်ပေါ့ အဲဒီမှာ ပြဌာန်းထားတာတွေ ရှိပါတယ်။ အဲဒါက ဘာတုန်းဆိုတော့ ရာထူးတိုးရင်လည်း အဲဒီတိုးလိုက်တဲ့ရာထူးအတွက် ခန့်အပ်နိုင်တဲ့ အရည်အချင်းရှိမရှိဆိုတာကို ကြည့်ရမယ်တဲ့၊ နောက်တခါ အဲဒီအရည်အချင်းကိုလည်း ဆိုင်ရာ အရည်အချင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးအကဲဖြတ်တာကို ခံယူရဦးမယ်တဲ့၊ သူက ဒီလို ပြောထားတဲ့အပြင် နောက်ပုဒ်မ ၁ ခုက ပုဒ်မ ၂၇ မှာ ပြန်တမ်းဝန်အရာရှိအဆင့်ကို မိမိဌာနအတွင်းက ရာထူးတိုးမယ်ဆိုရင်တောင်   တန်းစီဇယားထဲက ၀န်ထမ်းတွေကို ခန့်ရမယ်၊ ပြီးရင် ရာထူးဝန်အဖွဲ့ကို တင်ပြပြီးတော့မှလည်း ညှိနှိုင်းသဘောတူညီချက်ယူရဦးမယ်လို့ ပြောထားတယ်။ အဲဒီတော့ ဒါတွေက ကျနော်တို့တည်ဆဲနိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ ဥပဒေပြဌာန်းချက်တွေ။ အဲဒီတော့ သုံးသပ်လိုက်မယ်ဆိုရင် အခုလို တပ်မတော်သား၊ တပ်မတော်ဘက်က ပြန်တမ်းဝန်အဆင့်ရှိတဲ့အရာရှိကြီးတွေကို ဒီဘက်က အရပ်ဘက် ၀န်ကြီးဌာနအောက်မှာရှိတဲ့ အဖွဲ့အစည်းဘက်ကို အခုလို အလွယ်တကူ ပြောင်းလိုက်တာ ကတော့ လက်ရှိတည်ဆဲဥပဒေနဲ့ ညီမညီဆိုတာကတော့ စိစစ်စရာတွေ အများကြီး ရှိနေတယ်လို့ ထောက်ပြချင်တယ်။”
အခုဆိုရင် ဆရာဝန်တွေက သူတို့အမည်၊ ဆမ နံပါတ်တွေကို ဓာတ်ပုံနဲ့တကွ အွန်လိုင်းပေါ်တင်ပြီးကန့်ကွက်နေတာ တွေ့ရတယ်။ ကျန်းမာရေးဝန်ကြီးဌာန တခုတည်းတင် မဟုတ်ဘဲ ကျန်ဝန်ကြီးဌာနက အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။
“ကျနော့်အမြင်ပြောရရင် အချိန်အခါနဲ့ဆိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကို စစ်ဘက်က ပုဂ္ဂိုလ်တွေ ၀င်လာတာကတော့ အခုအချိန်မှာ ၀င်လာတယ်။ အခုအချိန်ကလည်း အတော်အတန်ကို လွတ်လပ်မှုရနေတဲ့အနေအထားဖြစ်တဲ့အပြင် လူတွေရဲ့ အတွေးအခေါ် အယူအဆပိုင်းလည်း အတော်လေးကို ပြောင်းလဲနေတဲ့အချိန်အခါနဲ့ကြုံတဲ့အတွက် အခုလို ပွင့်ပွင့်လင်းလင်း ဆန္ဒပြတာလို့ ကျနော်မြင်တယ်။ တကယ့်တကယ်တော့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေကိုဝင်တာဆိုရင် စည်ပင်သာယာဆိုရင်လည်း မြို့နယ်အဆင့်ထိ ကုန်သွားပြီး တပ်က လူတွေဝင်နေတယ်။ နောက်တခါ အခွန်ရုံးတွေဆိုရင်လည်း ကျနော်တို့ စီပိုးဘီပိုးအကြောင်းပြပြီးတော့ အခွန်ရုံးလည်းပဲ မြို့နယ်အဆင့်အထိ အရာရှိတွေကို သူတို့ အခွန်ဥပဒေ ဘာမှ နားမလည်ဘဲနဲ့ သူတို့ တိုးနေတာပဲ။ ဆိုလိုတာကတော့ဗျာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတော်တော်များများမှာ စစ်ဘက်က ပုဂ္ဂိုလ်တွေကို သွတ်သွင်း ထားသော်လည်းပဲ အခြေအနေအချိန်အခါအရ မပြောသာတဲ့အတွက်၊ မပြောရဲကြတဲ့အတွက် မပြောခဲ့ကြတာပဲရှိတယ်။ အခုကတော့ သိပ်မခံချင်တာရယ်၊ ပြောဖို့အခွင့်သာပြီလို့ ယူဆတာရယ် ဒီအကြောင်းတွေကြောင့် ဆန္ဒပြတာလို့ ထင်တယ်။ သို့သော် မကျေနပ်တာကတော့ အခုမှ မဟုတ်ပါဘူး။ အစကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေကို စစ်ဘက်ကလူတွေဝင်လာလို့ အရပ်ဘက်က၀န်ထမ်းတွေ သူတို့ရှေ့ရေးတွေပိတ်ကုန်တာ၊ သူတို့ရာထူးတိုးမြှင့်ဖို့ အခွင့်အရေးတွေ ပိတ်ပင်သွားတာ၊ နောက်တခါ မသိနားမလည်ဘဲနဲ့ မတတ်တဲ့လူတွေက နားလည်တဲ့၊ အတွေ့အကြုံရှိတဲ့ လူတွေအပေါ်မှာ ဆရာလုပ်အုပ်ချုပ်လို့ အဆင်မပြေတာတွေ၊ ဒါတွေအားလုံးခံစားနေရတာ တော်တော်ကို ကြာပါပြီ။ သို့သော်လည်းပဲ စစ်အစိုးရ လက်ထက်ဆိုတော့ စစ်သားတွေ ဒီလိုအခွင့်အရေုးယူတာကို မပြောရဲ၊ မပြောသာလို့ မပြောတာသာရှိပါတယ်။ ဒါ အခုကတော့ နည်းနည်းပြောသာတယ်လို့၊ သတ္တိတွေလည်း အရင်နဲ့မတူ ရှိလာလို့ ပြောကြတယ်လို့ အဲလိုပဲမြင်  ပါတယ်။”
အရင်ကာလတုန်းကဆို နိုင်ငံရေးနဲ့ ဆက်နွယ်၊ လှုပ်ရှားတဲ့ ဆရာဝန်တွေ၊ ရှေ့နေတွေဟာ အစိုးရကို ဆန့်ကျင်တာနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံကြရတယ်။ အခု ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းတွေမှာ တက်သစ်စအရွယ်   ဆရာဝန်တော်တော်များများပါတယ်။ ဆိုတော့ ဒီလှုပ်ရှားမှု၊ မကျေနပ်မှုကို ဖော်ပြချက်ဟာ ဥပဒေနဲ့ ငြိစွန်းတာရှိနိုင်လား။ အစိုးရဘက်ကရော အရေးယူတာတွေများ လုပ်လာလေမလား။
“ဆန္ဒဖော်ထုတ်တဲ့ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝ ညီညွတ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) မှာ ဖော်ပြထားတဲ့ နိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် မိမိဆန္ဒကို ထုတ်ဖော်နိုင်တယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်အောက်မှာ လုပ်တာဖြစ်ပါတယ်။ စီတန်းလှည့်လည် ဆန္ဒပြတာမျိုးမဟုတ်တဲ့အတွက် ပုဒ်မ ၁၈ နဲ့လည်း ငြိစရာအကြောင်းမရှိပါဘူး။ ခွင့်ပြုချက်လည်း တောင်းစရာ မလိုပါဘူး။ ကျနော့်အမြင်က ဒါ ဥပဒေနဲ့ညီတယ်လို့ မြင်ပါတယ်။ နောက်တခုက ဒီလိုလုပ်လိုက်တဲ့အတွက် နိုင်ငံရေးအရ သက်ရောက်မှုက ဘာရှိသလဲဆိုရင် တိုင်းပြည်ပေါ်မှာ နှစ်ပေါင်း ၅၀ ကျော် မတော်မတရားလုပ်လာခဲ့တာတွေကို မတ်သာလို့ ခံခဲ့ရသော်လည်းပဲ အခုအချိန်ကနေစပြီးတော့ လူငယ်လူရွယ်တွေဟာ သူတို့ရဲ့ ရှေ့ရေးအလားအလာကိုတောင် မတွက်တော့ဘဲနဲ့ အခုလို ဆန္ဒထုတ်ဖော်ပြီးတော့  မကြိုက်ကြောင်း ပြသလာတာဟာ ကျနော်တို့တိုင်းပြည်ရဲ့ ရှေ့ရေးအလားအလာ ကောင်းမယ့်ဘက်ကို ဦးတည်မယ်လို့ သုံးသပ်ချင်တယ်ခင်ဗျ။ ကျနော်ထင်ပါတယ် ကျန်တဲ့ဌာနတွေလည်းပဲ ဆက်ပြီးတော့အခုလို ကန့်ကွက်တာတွေ၊ ရှုတ်ချတာတွေ၊ မကျေနပ်ကြောင်း ပြသတာတွေ လုပ်လာနိုင်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template