ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့်
ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပေါ် အကြမ်းဖက်တိုက်ခိုက်နေသည့်
ရန်ကုန်မြို့ရှိ ရာဇ၀တ်ဂိုဏ်းများကို ဖယ်ရှားမည်ဖြစ်ပြီး ၊
ဆိုးသွမ်းသည့်နယ်မြေများကိုရွေးချယ်ပြီး အုပ်ချုပ်ရေးယန္တရားကို
ထိရောက်စွာကိုင်တွယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက မေလ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေး
တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးရက် ၁၀၀ စီမံချက်ဆွေးနွေးပွဲတွင်
မီဒီယာများသို့ပြောဆိုလိုက်သည်။
“ရဲကိုဓါးနှင့်ထိုးသတ်ပြီးဒီနယ်မြေရဲမလာနဲ့ လာတဲ့သူသေသွားနိုင်တယ်ဆိုတဲ့
ရာဇ၀တ်ဂိုဏ်းအုပ်စိုးတဲ့နယ်မြေမျိုး ရန်ကုန်မှာလုံးဝမရှိစေရဘူး၊
ပြည်သူလူထုလုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့ ရန်ကုန်တိုင်းတစ်ခုလုံး
တရားဥပဒေစိုးမိုးမှု ရှိအောင်
ကျွန်တော်အဓိကထားဆောင်ရွက်သွားမှာပါ”ဟုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။
ရာဇ၀တ်ဂိုဏ်းများရှင်းလင်းမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်
ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်နေသည့် ရဲအင်အားအတွက်
ရဲတပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်
ရဲချုပ်နှင့် တွေ့ဆုံပြောကြားခဲ့ပြီးဖြစ်သည်ဟုလည်း
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုခဲ့သည်။
ဇော်မင်းထွန်း
The Ladies News Journal