တရုတ်သင်္ဘောသား ၁၃ ဦးကို ပြီးခဲ့တဲ့နှစ်က မဲခေါင်မြစ်ထဲမှာ
သတ်ဖြတ်ခဲ့မှု သံသယနဲ့ တရုတ်အစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ
စိုင်းနော်ခမ်းကို လာအို အစိုးရက တရုတ်နိုင်ငံ ကို
ဒီနေ့လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
နော်ခမ်းကို
စင်းလုံးငှားလေယာဉ်နဲ့ လာအိုနိုင်ငံကနေ တရုတ်နိုင်ငံကို
ပို့ဆောင်လိုက် တာဖြစ်ပြီး တရားဝင် အခမ်းအနားနဲ့
လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်
ရုပ်မြင်သံကြားတွေမှာ ထုတ်လွှင့်သွားခဲ့ပါတယ်။
တရုတ်
ဆင်ဟွာသတင်းမှာတော့ တရုတ်ပြည်သူ့လုံခြုံရေးဌာနရဲ့ မူးယစ်ဆေးဝါး
ထိမ်းချုပ်ရေး ဗျူရိုအဖွဲ့က ညွှန်ကြားရေးမှူး လီယူ ယူကျွင်းက
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးမှာ တရုတ်၊ လာအို၊ မြန်မာနဲ့
ထိုင်း ၄ နိုင်ငံ အတူတကွ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ နော်ခမ်းနဲ့
သူ့ရဲ့ အဓိက အဖွဲ့ဝင်တွေကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီး
မဲခေါင်မြစ် တလေ်ွာက် လုံခြုံရေးနဲ့တည်ငြိမ်ရေးကို
ထိန်းသိမ်းနေပါတယ်လို့ ပြောတဲ့အကြောင်း ဖော်ပြပါတယ်။
စိုင်း
နော်ခမ်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက မဲခေါင်မြစ်ထဲ
သွားလာနေတဲ့ တရုတ်ကုန်တင်သင်္ဘော ၂ စီးကို တိုက်ခိုက်ပြီး တရုတ်
သင်္ဘောသားတွေကို ပြန်ပေးဆွဲ သတ်ဖြတ်မှုအပြင် ဒေသတွင်း မူးယစ်မှု၊
လူသတ် ဓားပြမှုတွေနဲ့ ထိုင်း၊ မြန်မာနဲ့တရုတ်နိုင်ငံတွေက
အလိုရှိနေတာပါ။
တရုတ်အစိုးရကတော့ ဒီပြစ်မှုတွေကို
စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေအတိုင်း
အရေးယူဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်
စိုင်းနော်ခမ်းကို ဘယ်လို တရားစီရင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
ထိုင်း
နိုင်ငံကလည်း စိုင်းနော်ခမ်းကို မူးယစ်ဆေးဝါးမှုတွေနဲ့ ဆုငွေ ဘတ်
၂ သန်းနဲ့ ဖမ်းဝရမ်းထုတ်ပြီး နောက်ရက် အနည်းငယ်အကြာ ဧပြီလ ၂၅
ရက်နေ့လောက်က လာအိုနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်း
သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
စိုင်းနော်ခမ်းဟာ
ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်ဇာတိဖြစ်ပြီး ခွန်ဆာရဲ့ အမ်တီအေ
မုန်တိုင်းတပ်ဖွဲ့ဝင်ဟောင်းနဲ့ တာချီလိတ် ပြည်သူ့စစ်တပ်ခေါင်းဆောင်
ဟောင်းလည်း ဖြစ်ပါတယ်။ သူ့ကို မြန်မာအစိုးရကလည်း
မူးယစ်ဆေးဝါးမှောင်ခိုမှု ရဲတပ်ဖွဲ့ဝင်တွေကို
သတ်ဖြတ်မှုတွေနဲ့အလိုရှိနေတာပါ။
ပီတာအောင် (ဒီဗွီဘီ)