Headlines News :
Home » » အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို

အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို

Written By လွင့်မောင်မောင် on Saturday, May 12, 2012 | 8:19 AM



ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန် ကျေးရွာတွင် တပ်စွဲထားသော
မြန်မာအစိုးရ၏ တပ်စခန်းတခုအား ကချင် လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အစိုးရ၏ ခလရ ၁၃၈ လက်အောက်ခံ အဆိုပါတပ်စခန်းကို KIO တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက ကြာသပတေးနေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲတွင် အစိုးရတပ်မှ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောသည်။

“မနေ့ညနေ ၅ နာရီကျော်လောက်မှာ အစိုးရဲ့ စခန်းတခုကို သွားတိုက်တာ သူတို့ဘက် ခြောက်ယောက် သေတယ်။ ကျနော်တို့ဘက်က တယောက် ဒဏ်ရာရတယ်။ ခု အဲဒီကို ကျနော်တို့တပ်ဖွဲ့တွေ နေရာယူထားတယ်” ဟု KIA ရဲဘော်တဦးက မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ ကျဆုံးသူ ခြောက်ဦးတွင် ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး ပါဝင်ပြီး KIA ဘက်မှ တဦး ဒဏ်ရာသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

သို့သော် နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူတဦးအဆိုအရ အစိုးရတပ် အင်အား ၃၅ ဦး ရှိရာ ထိုတပ်စခန်းအား KIA ဘက်မှ အင်အား ၁ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာ အင်အားမမျှ၍ အစိုးရဘက်မှ ၆ ဦးသေဆုံးက ၈ ဦး ပျောက်ဆုံးနေ သည်ဟု သိရသည်။ အနီးရှိ လှုပ်ရှား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သူက ဆိုသည်။

ထိုတိုက်ပွဲမှ ၆ဝ မမ တလက်နှင့် ၎င်းဗုံးသီး ၆ လုံး၊ MA‑4 စက်လက် ၁၈ လက်နှင့် ၎င်းကျည် ၂ဝ တောင့်၊ MA ကျည် ၁,ဝဝဝ၊ ဗုံးသီး ၁ဝ လုံး၊ သေနတ်တို ၁ လက်၊ စစ်ဝတ်စုံ၊ ကုလားပဲ ၉ အိတ်၊ ဆားအိတ် ၆ အိတ်၊ ဆန် တပေပါနှင့် အိတ် ၁ဝဝ တို့ KIA မှ သိမ်းဆည်းရမိသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသည်။

ဆုတ်ခွါသွားသည့် အစိုးရတပ်ဖွဲ့များမှာ မေလ ၅ ရက်နေ့က ဆွမ်ပရာဘွမ်မြို့ရှိ KIO ၏ ဆက်ဆံရေး ရုံးအား မီးရှို့ ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့များဖြစ်သည်ဟု KIA ၏ ရဲဘော်တဦးက စွပ်စွဲပြောဆိုသည်။

မေလ ၈ ရက်နေ့က ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲအတွင်းရှိ KIO ၏ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၁၉ တပ်စခန်းကို အစိုးရစစ်တပ်ဖွဲ့က သိမ်းယူလိုက်သည်။ KIA တပ်ဖွဲ့က ပြန်လည်သိမ်းယူရန် သွားရောက် တိုက်ခိုက်စဉ် KIA တပ်သားတဦး ကျဆုံးခဲ့သည်ဟု KIA ဌာနချုပ် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

KIO နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာ မေလ ၈ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁,၃ဝဝ ကြိမ် ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့ထိ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ပြန်လည် တွေ့ဆုံခြင်း မရှိသေးပေ။
 ဖနိဒါ-ချင်းမိုင်(မဇ္စျိမ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template