“ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် အမျိုးသားလွှတ်တော်ကလွှဲ ပြောင်းပေးပို့ခဲ့သည့် တိုင်ကြား အသနားခံစာအမှုတွဲများအား အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေပါတယ်။ ဖြေရှင်းဆောင်ရွက် ပြီးစီးမှုတွေကို ဖြေကြားရာမှာလည်း တိုင်ကြားအသနားခံစာ တစ်ခုချင်းအပေါ် အသေးစိတ် တိတိကျကျ ဖော်ပြရှင်းလင်းပေး သင့်ပါတယ်။ အဲဒါမှ ကော်မတီအနေနဲ့ တိုင်ကြား အသနားခံသူများထံ တိကျမှန်ကန်စွာ အကြောင်းပြန်ကြားပေးနိုင်မှာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ အကြောင်းပြန်ကြားချက် လက်ခံရရှိမှု နည်းပါးနေသည့်အတွက် တိုင်ကြားအသနားခံ ပြည်သူလူထုထံ ပြန်ကြားပေးရန် အခက်အခဲများ ရှိနေပါတယ်”ဟု ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ပြောကြားခဲ့သည်။
ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားမှု ၁၆၉၃ မှုရှိခဲ့ပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူပတ်သက်မှုပိုင်းသည် အများဆုံးဖြစ်ကာ တရားစီရင်ရေး ကဏ္ဍအတွက် တိုင်ကြားမှုသည် ဒုတိယအများဆုံးဖြစ် ကြောင်း သိရသည်။
“ကော်မတီသက်တမ်း ကိုးလတာ အတွင်းမှာ တိုင်ကြားအသနား ခံစာပေါင်း ၁၆၉၃ စောင်ရှိလို့ တစ်လကို ပျမ်းမျှ ၁၈၈ စောင်လောက် ရရှိနေပါတယ်။ တိုင်ကြားစာတွေကို ကြည့်ရင် ယခင်အစိုးရလက်ထက် က ကိစ္စများပါဝင်သလို အခုအစိုးရ လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေ အတွက် တိုင်ကြားတာတွေကို တွေ့ရပါတယ်။ အဲဒီတိုင်ကြားစာတွေထဲမှာ နိုင်ငံတော်အစိုးရနဲ့ ပြည်သူ ပတ်သက်မှု ကိစ္စရပ်များ၊ တရားရုံးအ မှုအခင်းကိစ္စရပ်များ၊ လယ်ယာမြေ ကိစ္စရပ်များအတွက် အများဆုံးတိုင်ကြားလာတာကို တွေ့ရပါတယ်”ဟု ကော်မတီအတွင်းရေးမှူးဦးမှတ်ကြီး က ပြောပါသည်။
ပြည်သူတို့၏ တိုင်ကြားအသနားခံစာ တင်ပြနေကြခြင်းသည် ယခင်အစိုးရလက်ထက်မှ အကြောင်းခြင်းရာ ကိစ္စပါဝင်သကဲ့သို့ လက်ရှိ အစိုးရလက်ထက်ကိစ္စရပ်များကို မကျေနပ်၍ တိုင်ကြားကြခြင်းဖြစ်သည့် အတွက် ယခင်အစိုးရလက်ထက် ဥပဒေ လုပ်ထုံးလုပ်နည်းများ လွဲမှား စွာဖြေရှင်းဆောင်ရွက်ခဲ့သည်များကို သာဓကယူပြီး လက်ရှိအစိုးရသစ် လက်ထက်တွင် တာဝန်ရှိသူအဆင့် ဆင့်တို့က ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ကြောင်း ကော်မတီက အကြံပြုခဲ့သည်။
တရားရုံး အမှုအခင်းကိစ္စရပ်များ တွင် အချို့သောတရားသူကြီးများ၊ ဥပဒေအရာရှိများ၊ မြန်မာနိုင်ငံ ရဲများ ၏ အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများကြောင့် အမှုမှန် မပေါ်ပေါက်ဘဲ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်စေသည့်အတွက် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့တွင် ပြည်သူလူထုမှ ယုံကြည်အားထားရသော တရားစီရင်မှုတစ်ရပ် ပေါ်ထွက်လာရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိချက်များကို လွှတ်တော် သို့ ကော်မတီ၏ အစီရင်ခံစာတွင် တင်ပြခဲ့သည်။
အဆိုပါကော်မတီသို့ တိုင်ကြားလာသည့် အမှုတွဲများကိုဖြေရှင်းရန် အတွက် တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စုဝန် ကြီးဌာနများ ၄၄၆ တွဲ၊ ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံး ၁၈ တွဲ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး တစ်တွဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ်ရှစ်တွဲ၊ သက်ဆိုင် ရာလွှတ်တော်ကိုယ်စားလှယ်များ တစ်တွဲပေးပို့ခဲ့ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည် ထောင်စုဝန်ကြီးဌာနများမှ ၅၅ တွဲ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ခြောက်တွဲ၊ ပြည်ထောင်စု ဥပဒေချုပ်ရုံးမှ တစ်တွဲ၊ စုစုပေါင်း ၆၂တွဲပြန်ကြားစာများ ရရှိခဲ့ကြောင်း သိရသည်။
Eleven Media Group