မန္တလေး သြဂုတ်(၂၁)ရက်
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူခံသေတ္တာပုံးများအတွင်းမှ
အလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍ အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
“အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှ
သူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။
၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ
မသိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု
ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျ ၀န်ထမ်း(၁၁)ယောက်ကို
ရာထူးမှချကာချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ
အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း
ဦးစိန်သင်ကပြောသည်။
ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။
ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့်
ချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ
အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့
မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့
ဆောင်ရွက်နေကြောင်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။
မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန်
အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။
by 7Day News Journal