Headlines News :
Home » , , » ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သတင်းထုတ်ပြန်ချက်

Written By လွင့်မောင်မောင် on Wednesday, August 22, 2012 | 1:38 AM


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ရက်) နေ့တွင် ထုတ်ပြန်ခဲ့သည်။ 
 အဆိုပါသတင်းထုတ်ပြန်ချက်တွင်-
 နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ၂.၂.၂၀၁၂ ခုနှစ် ရက်စွဲဖြင့် တင်သွင်းခဲ့သော တင်သွင်းလွှာအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ၂၈.၃.၂၀၁၂ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁)၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၄၆ ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၀ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းခဲ့ပြီး ခုံရုံး၏ လုပ်ငန်းတာဝန်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၂ အရ အောက်ပါပြဋ္ဌာန်း အပ်နှင်းခဲ့ပါသည်။ (က) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ (ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ စိစစ်ခြင်း၊ (ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ စိစစ်ခြင်း၊ (ဃ) ပြည်ထောင်စုနှင့် တိုင်ေးဒသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ (င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စု ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ (စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊ (ဆ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ဟူသော စကားရပ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်သမ္မတက တင်သွင်းခဲ့သည့် တင်သွင်းလွှာအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မိမိအား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၄ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဥပဒေပုဒ်မအမှတ် ၂၃ အရ အပြီးအပြတ် အတည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး ဖွဲ့စည်းထားခြင်း မရှိသည့် နိုင်ငံများတွင် တရားလွှတ်တော်ချုပ် (Supreme Court) က ဆုံးဖြတ်လျက်ရှိကြပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်ဟု ကတိသစ္စာပြုခဲ့ကြသူများ ဖြစ်ပါသည်။ သို့ဖြစ်သည့်အားလျှော်စွာ ခုံရုံးသို့ တင်သွင်းလာသည့် တင်သွင်းလွှာများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိရှိဖြင့် တရားမျှတစွာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆုံးဖြတ် ဆောင်ရွက်လျက် ရှိကြပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ကတိသစ္စာ ပြုထားသည့်အတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဦးထိပ်ထားလျက် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆက်လက်ရပ်တည် ဆုံးဖြတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template