အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အား ယနေ့ (ဇန်န၀ါရီလ ၂၄ ရက်နေ့) နံနက် ၉ နာရီ ၅၀ မိနစ်က ထိုင်းလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၅ ရက်တွင် ဟိုနိုလူလူ မြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံခြင်း၊ ဇန်န၀ါရီ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားခြင်း၊ ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မစ္စ ပက်ဂွန်းဟေးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ အထူးအိုလံပစ်ပွဲဖွင့်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ပြီး ဇန်န၀ါရီ ၃၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ဇန်န၀ါရီ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံသို့ တက်ရောက်မည်ပြီး ကွမ်ကျူးဆုကို လက်ခံရယူမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြား၍ ညနေပိုင်းတွင် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်သည်။
ထိုသို့ အမေရိကန်နှင့် တောင်ကိုရီးယားခရီးစဉ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
Eleven Media Group