
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့လက်ခံပြီးနောက် ကျေးဇူးတင်စကားပြောနေတဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ-သမ္မတရုံး ၀က်ဆိုက်

သမ္မတ ဦးသိန်းစိန်အနေနဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တခု၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံရယူခြင်းဟာ ဒုတိယအကြိမ်မြောက် ပါရဂူဘွဲ့ကိုလက်ခံတာဖြစ်ပါတယ်။ ဒီမတိုင်မီက တရုတ်ပြည်ခရီးစဉ်အတွင်းက လည်း တရုတ်နိုင်ငံ တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ တခု ချီးမြှင့်ပေးခဲ့ပါသေးတယ်။

အဲဒီလို ကျင်းပရာမှာ သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ကျေးဇူးတင်စကား အပြည့်အစုံကိုလည်း သမ္မတ ရုံး ၀က်ဆိုက်မှာ ဖော်ပြထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
~ ယနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ BSRU ၏ အကြီးအကဲ တွဲဖက် ပါမောက္ခ ဒေါက်တာ ဖွန်လာဆစ် နူချူချိုင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စု ဝန်ကြီး များ၊ ဒုတိယ ဝန်ကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များနဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။
ရှေးဦးစွာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ (BSRU) တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ပယွန် ဂျူထာ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က ကျွန်တော့်အား စီမံခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ပေးအပ် ချီးမြှင့်ပေးတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောကြား လိုပါတယ်။
ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ ကြိုးပမ်း အားထုတ်မှုတွေ အပေါ် အသိအမှတ်ပြုမှု တစ်ရပ်အဖြစ်လို့ပဲ ကျွန်တော် ခံယူပါတယ်။
ကျွန်တော်တို့ ပြည်သူတွေဟာ ထူးခြားလှတဲ့ သမိုင်းမှတ်တိုင် အလှည့်အပြောင်းကို စိုက်ထူနေကြ သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ဆဲ ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်း ချက်တွေလည်း မပြည့်ဝ သေးပါဘူး။
မတူကွဲပြားမှုတွေကို နိုင်ငံတော်ရဲ့ အမျိုးအစား စုံလင်လှတဲ့ အင်အားစု တွေအဖြစ် ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ နောက်ထပ် အများကြီး ကြိုးပမ်းအားထုတ် ကြရဦးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့က ချမှတ်ထားပြီးဖြစ်တဲ့ ပြည်သူလူထု ဗဟိုပြု ပြုပြင်ပြောင်းလဲမှုတွေကို မိဘပြည် သူတွေ အားလုံး လက်တွေ့ကျကျ ရရှိ ခံစားနိုင်အောင် အားထုတ်ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မျှတမှန်ကန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာဖို့ အတွက် ကျွန်တော်တို့ဟာ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို စတင် မွေးဖွားပေးခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိအခြေအနေကို ဆန်းစစ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ နယ်ပယ် ကဏ္ဍစုံမှာ စွမ်းဆောင်ရည် မြှင့်တင်ဖို့ လိုအပ်နေတာကို တွေ့ရှိနေရပါတယ်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင်ကြီး သုံးရပ်အပြင် မီဒီယာကဏ္ဍ၊ အရပ်ဖက် လူ့အဖွဲ့ အစည်း၊ စီးပွားရေးစနစ်နဲ့ ဈေးကွက်ယန္တရားစတဲ့ ကဏ္ဍအသီးသီးမှာ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် နိုင်ငံတည်ဆောက်ရေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး တို့ကို တစ်ပြိုင်တည်း တိုးမြှင့် ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြည်သူတွေရဲ့ ကြိုးပမ်း လုပ်ကိုင်နိုင်တဲ့ စွမ်းဆောင်ရည်လည်း အဓိက လိုအပ်ပါတယ်။
ဒီ့ပြင် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်မှာ ပါရှိလာမယ့် မျိုးဆက်သစ် တိုင်းရင်းသား လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ဆက်စပ် လွှမ်းခြုံနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပညာရည် မြှင့်တင်ရေးဟာ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်တာနဲ့အညီ ဒီကနေ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံတော် စီးပွားရေး စနစ်ရဲ့ အခြေအနေသစ် တွေနဲ့လည်း ကိုက်ညီမှုရှိရမှာ ဖြစ်ပါတယ်။
သယံဇာတ ထုတ်ယူ သုံးစွဲရေးကို အခြေပြုတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အစဉ်အလာ စီးပွားရေးပုံစံကိုလည်း နည်းပညာ အခြေခံတဲ့ စီးပွားရေး ပုံစံသစ်သို့ တိုးတက်ပြောင်းလဲအောင် ရည်ရွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဧည့်သည်တော်များ ခင်ဗျား- မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံ့အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်ပါတယ်။ ပညာရည် မြင့်မားစေဖို့အတွက် နိုင်ငံတကာ အကူအညီနဲ့ အတွေ့အကြုံတွေ ရယူ ပြီးတော့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျဆဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး လာမယ့် ဘဏ္ဍာရေး နှစ်ကစပြီး ဘတ်ဂျက် ခွဲဝေမှုမှာ ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့် သုံးစွဲဖို့ စီမံ ဆောင်ရွက်ထားပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ အဆင့်မြင့် ပညာရေးနယ်ပယ်မှာ ပြုပြင် ပြောင်းလဲရေး နဲ့အတူ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို လက်တွေ့ နယ်ပယ်မှာ အကျိုးရှိရှိ အသုံးချနိုင်မယ့် သင်ကြား
ရေး မြှင့်တင်မှု အစီအစဉ်တွေကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။
တစ်ချိန်တည်းမှာပဲ ကျောင်းသား အခြေပြု သင်ကြားမှု နည်းစနစ်တွေနဲ့ အခြေခံ ပညာရေးစနစ် ပြုပြင်
ပြောင်းလဲရေးကိုလည်း ပညာရေးနယ်ပယ်က ပါဝင် ပတ်သက်သူ အားလုံးနဲ့ ညှိနှိုင်းတိုင်ပင် ဆောင် ရွက်နေပြီ ဖြစ်ပါတယ်။
ပညာရေး အဆင့်မြှင့်တင်ရာမှာ ပုဂ္ဂလိက ပါဝင်မှုကို မြှင့်တင်ပေးနိုင်ဖို့ ပုဂ္ဂလိက စာသင်ကျောင်းတွေ အများအပြား ပေါ်ထွန်းလာအောင် အားပေးကူညီပြီး လိုအပ်တဲ့ ဥပဒေကိုလည်း ပြဌာန်း ပေးခဲ့ပါတယ်။
ကလေးငယ်တွေအားလုံး အခြေခံပညာရေးကို သင်ကြား နိုင်အောင်လည်း ကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ BSRU နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လေ့လာကြည့်မယ်ဆိုရင် BSRU နဲ့ ရန်ကုန်အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တို့အကြား နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ၂၀၁၀ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
BSRU က ကျောင်းသားများဟာ ရန်ကုန်အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ (၃)ကြိမ် လာရောက် လေ့လာခဲ့သလို ရန်ကုန်အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာက ကျောင်း သူ ကျောင်းသား လေ့လာရေး အဖွဲ့တွေလည်း BSRU သို့ (၂) ကြိမ် သွားရောက် လေ့လာခဲ့တာကို တွေ့ ရပါတယ်။
ဒီ့ပြင် ရန်ကုန်တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံက ဂျွန်ဟော့ပ်ကင်း(စ်) တက္ကသိုလ်၊ နာဂိုရာ တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ ဂျာမနီနိုင်ငံက ကိုလုံးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ အိန္ဒိယနိုင်ငံက ကိုလ်းကတ္တား တက္ကသိုလ်တို့ ပူးပေါင်းပြီး Centre of Excellence တွေ တည်ထောင်ဖို့ ညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ခြင်းအားဖြင့် လူငယ်များအကြား အတွေ့အကြုံ၊ အသိပညာများ အပြန်အလှန် ဖလှယ်နိုင်
ကြပြီး အရည်အချင်းပြည့်ဝတဲ့ ပညာတတ် လူငယ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့- မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုများဟာ နိုင်ငံတော် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ ကျင့်စဉ် ရင့်ကျက် ခိုင်မာစေရေး တို့အတွက် အဓိကကျတဲ့ လိုအပ်ချက်တွေ ဖြစ်တာကြောင့် BSRU အနေနဲ့ ဆက်လက်ပြီး ကူညီပံ့ပိုး ပူးပေါင်းဆောင် ရွက် သွားဖို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။