Headlines News :
Home » » ကချင်ပြည်နယ်အတွင်း လဂျားယန် ဒေသမှ လွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၊ လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် တပ်စခန်းကို တပ်မတောမှ ဆက်လက်သိမ်းယူနိုင်ခဲ့ကြောင်း သိရ

ကချင်ပြည်နယ်အတွင်း လဂျားယန် ဒေသမှ လွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၊ လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် တပ်စခန်းကို တပ်မတောမှ ဆက်လက်သိမ်းယူနိုင်ခဲ့ကြောင်း သိရ

Written By လွင့်မောင်မောင် on Saturday, January 26, 2013 | 4:14 PM

 
Friday, 25 January 2013 21:12
ကချင်ပြည်နယ် အတွင်း လဂျားယန် ဒေသမှလွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသ များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် (ခိုင်ယာဘွမ်တောင်ကုန်း) KIA တပ်စခန်းကို ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် တပ်မတော်မှ ဆက်လက်သိမ်းယူ နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
"ထိုးစစ်ကတော့ နေ့တိုင်းပဲ ရှိနေပါတယ်။ ဗဟို ဌာနရှိတဲ့ လိုင်ဇာအနီး ပိုင့် ၁၀၁၂ ခိုင်ယာဘွမ် စခန်းကို နေ့တိုင်း လိုလို လက်နက်ကြီး လက်နက်ငယ် တွေနဲ့ပစ်တယ်။ ခြေလျင်စစ်ကြောင်း ထိုးတယ်။ ဒီနေ့ဆိုရင် မနက် ၁၀ နာရီလောက်ကအခု မွန်းလွဲ ၁ နာရီကျော်အထိ ထိုစစ် ဆင်နေတယ်”ဟု KIO ဌာနချုပ်မှ ဗိုလ်ကြီး ဇော်တောင်က ဇန်နဝါရီလ ၂၆ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ခိုင်ယာဘွန် စခန်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိနေပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့ တစ်ရက်တည်းမှာပင် လက်နက်ကြီး အစုံ အချက်ပေါင်း ၁၂၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
"ဇန်န၀ါရီလ ၂၄ ရက်နေ့က ဆိုရင် လက်နက်ကြီး အစုံ သုံးပြီး ပစ်တယ်။ မမ ၁၂၀၊ မမ ၈၀ စိန်ပြောင်း၊ အမြောက်တွေနဲ့ပစ်တာ အချက်ပေါင်း (၁၂၀ဝ) ကျော်တယ်။ မနေ့ ကတော့ အလုံး (၁၀ဝ) ကျော်ပဲ ပစ်တယ်။ ခိုင်ယာဘွမ် ကတော့ အရင်က ကေအိုင်အေ ပိုင်တဲ့နေရာပါ”ဟု ဗိုလ်ကြီး ဇော်တောင်က ပြောသည်။
ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က သိရှိရသော သတင်းများအရ လိုင်ဇာအနီးရှိ ပွိုင့် ၁၀၁၂ ခိုင်ယာဘွမ် စခန်းကို တပ်မတော်မှ သိမ်းယူ နိုင်ခဲ့ကြောင်း သိရပါသည်။ ထိုသို့ သိမ်းယူနိုင်ခဲ့ခြင်းနှင့် ပတ်သတ်၍ အစိုးရဘက်မှ သီးခြားသတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
ခိုင်ယာဘွမ် တပ်စခန်းအပြင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော နေရာများမှာ KIA တပ်မဟာ (၃) ရှိရာ စိန်လုံနှင့် လွယ်ဂျယ်ကြား ဂျာမိုင် တပ်စခန်းနှင့် KIA တပ်ရင်း (၆) ရှိရာ ဖားကန့် ဒေသတို့ဖြစ်ကြောင်း သိရှိရသည်။
"တပ်ရင်း (၆) ရှိတဲ့ ဖားကန့်ဒေသ မှာတော့ ဇန်န၀ါရီ ၂၃၊ ၂၄ ရက်နေ့တွေမှာ ဖြစ်တယ်။ တပ်မဟာ (၃) ရှိတဲ့ ဂျာမိုင် စခန်းကိုလည်း တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်။ လက်နက်ကြီးတွေနဲ့ပစ်ပြီးရင် ခြေလျင်တပ်တွေ ထိုးစစ်ဆင်တယ်။ ဒီနေ့ ကတော့ တုံပြန်ချက် သတင်း မလာသေးပါဘူး။ တပ်မတော်က အခု ရက်ပိုင်းတွေမှာလည်း တပ် အင်အား လက်နက် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတုံးပါပဲ" ဟု ဗိုလ်ကြီး ဇော်တောင်က ဆက်လက် ပြောပြပါသည်။
KIA အနေဖြင့် ဖားကန့်ဒေသအတွင်း ကျောက်မျက် ကုမ္ပဏီ အဆောက်အအုံများကို မီးရှို့ခြင်း၊ ယာဉ်တန်း ချုံခို တိုက်ခိုက်ခြင်း၊ အရပ်သားများကို ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ တပ်မတော် စစ်ကြောင်းများကို လာရောက် တိုက်ခိုက်ခြင်း အစရှိသည်တို့ကို ပြုလုပ်နေကြောင်း အစိုးရ သတင်း မီဒီယာများတွင် သတင်းများ ဆက်တိုက် ဖော်ပြနေပါသည်။ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ဇန်န၀ါရီလ ၁၈ ရက်နေ့ သတင်းထုတ်ပြန်ချက် ထွက်ရှိပြီး နောက်ပိုင်း ဇန်န၀ါရီလ ၁၉ ရက်နေ့မှာပင် KIA အဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော အကြမ်းဖက် တိုက်ခိုက်မှုများကို (၉) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်းနှင့် တပ်မတော်မှ စစ်ဆင် တိုက်ခိုက်မှုများကို ရပ်ဆိုင်းခဲ့သော်လည်း KIA တပ်ဖွဲ့များက မိမိတပ်ဖွဲ့များအား တိုက်ခိုက် ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်လာသည့် အတွက် မိမိ တပ်ဖွဲ့များမှ ပြန်လည် တုံ့ပြန် တိုက်ခိုက်ခြင်းများသာ ရှိကြောင်း အစိုးရဘက်မှ ထုတ်ဖော် ပြောဆိုမှုများ ရှိခဲ့ပါသည်။
သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် ထွက်ရှိပြီးချိန်မှ စ၍ မိမိတို့ အနေဖြင့်လည်း တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားကြောင်း KIA တပ်ရင်း (၆)၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲက ပြောပါသည်။
"သူတို့ဘက်ကသာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ ထိုးစစ် လုပ်ခဲ့တာတွေ ရှိခဲ့တာပါ။ ပြန်ကြားရေးက သတင်းထုတ်ပြီးတော့ ကျွန်တော်တို့လည်း တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ထိုးတက်လာခဲ့ရင်တောင် ရှောင်ပေးခဲ့တာတွေ ရှိပါတယ်"ဟု ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲက ပြောပါသည်။
"ကျောက်မျက် ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီးတယ် ဆိုတာ ကျွန်တော်တို့ လုပ်တာမှ မဟုတ်ဘဲ။ အဲဒီမှာ ရှိနေတဲ့ ရေမဆေး ကျောက်သမားတွေနဲ့ ပြဿနာ ဖြစ်ပြီး မီးရှို့ခံရတာကို KIA လုပ်တယ် ပြောတာတော့ ဘယ် ကောင်းတော့မလဲ။ အဖြစ်မှန်ကို မတင်ပြဘဲ၊ သတင်းအမှန်တွေကို သက်သေ အထောက်အထား မရှိဘဲ တင်ပြီး KIA လုပ်တယ်ချည်းပဲ ပြည်သူကို ပြောနေတယ်။ တကယ့် အဖြစ်မှန်တွေကို သူတို့ သတင်း တပ်ဖွဲ့တွေ မသိပဲ မနေပါဘူး။ သိသိနဲ့ KIA လုပ်တယ်လို့ ပြောနေတာပါ။ ကျွန်တော်တို့က ဘာမှ လိမ်စရာ မရှိပါဘူး။ လုပ်မယ်ဆိုရင် လုပ်မယ်လို့ ကမ္ဘာကို အသိပေးပြီး လုပ်မှာပါ။ အရပ်သားတွေကို ဖမ်းဆီးတယ်၊ မိုင်းထောင်တယ်၊ ဗုံးခွဲတယ် ဆိုတာတွေက ဘာ အထောက်အထားမရှိဘဲ KIA ကို စွပ်စွဲပြီး သတင်း ထုတ်နေတာပါ”ဟု ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲက ဆက်လက် ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ ၁၉ ရက်နေ့ လဂျားယန် စစ်ဆင်ရေးကို တပ်မတော်မှ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်း တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ဖြစ်ပွားမှုများမှာ ဆက်လက် ဖြစ်ပေါ်လျက် ရှိနေပါသည်။
ဇန်န၀ါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် KIA ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲမှုမလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားခဲ့ပါသည်။Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template