Headlines News :
Home » » ဘရာဇီးလ်မြို့တော် ရီယိုသို့ ထောင်နှင့်ချီသော မိကျောင်းများ ကျူးကျော်လာ

ဘရာဇီးလ်မြို့တော် ရီယိုသို့ ထောင်နှင့်ချီသော မိကျောင်းများ ကျူးကျော်လာ

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 11:23 AM



ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ရှိ သဘာဝ ရေကန်နှင့် အင်းအိုင်များအတွင်း ကိုင်မန် (Caiman) မိကျောင်းများ ထောင်နှင့်ချီ ကျူးကျော် ရောက်ရှိလာသည့်အတွက် တာဝန်ရှိသူများ ဗျာများလျှက် ရှိနေကြောင်း သိရသည်။ ကိုင်မန်ဆိုသည်မှာ မိကျောင်းခေါင်းတို (Alligator) အဆက်အနွယ် ဖြစ်သော် လည်း ယဉ်ပါးအေးဆေးပြီး အရွယ်အစားအားဖြင့် မကြီးမားလှသလို တောင်အမေရိကတိုက်တွင်သာ အဓိက ရှင်သန် ကျက်စားသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။ ယခုအခါ ကိုင်မန်မိကျောင်း (၅၀၀၀)မှ (၆၀၀၀)ခန့် အရေအတွက်သည် ရီယိုမြို့သို့ ကျူးကျော်ဝင်ရောက်လာပြီး ၎င်းတို့ကို တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးနေရသည်။ ညစ်ညမ်းသည့် ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်သည့် ကိုင်မန်တို့သည် မိလ္လာကန်ကဲ့သို့ နေရာများတွင် ဝင်ရောက် ကျက်စားလေ့ ရှိသလို အချို့ ကလည်း ရေ သန့် ရေကြည် ကန်များထဲ ရောက်ရှိနေသည်။

ယခုတွေ့ရှိသည့် ကိုင်မန် အများစုမှာ နှုတ်သီးပွကိုင်မန် မျိုးနွယ်များ ဖြစ်ကြသည်။ ရီယိုမြို့သည် (၂၀၁၆)ခုနှစ်၊ နွေရာသီ အိုလံပစ် ပြိုင်ပွဲများကို လက်ခံကျင်းပရန် စီစဉ်နေရာ အိုလံပစ် ဂေါက်ကွင်းများရှိ ရေကန်များထဲတွင်ပါ ကိုင်မန်များ ရောက်ရှိနေသဖြင့် ၎င်းတို့ကို လိုက်လံဖမ်းဆီးနေရသည်။ ကိုင်မန်တို့ သည် ပုံသဏ္ဍန်အားဖြင့် ကြောက်မက်ဖွယ် ဖြစ်သော်လည်း ခန္ဓာကိုယ် သေးငယ်သလို ပင်ကိုယ်ဗီဇအားဖြင့် ရန်လိုမှု မရှိချေ။ ၎င်းတို့သည် လူသားများအတွက် အန္တရာယ် ပေးလေ့မရှိသည့် တိရစ္ဆာန်အဖြစ် သတ် မှတ်ခြင်း ခံထားရသည်။ ယခုအခါ ရီယိုမြို့ထဲရှိ ကွန်ဒိုတိုက်ခန်းများပေါ်မှ စီးဆင်းလာသည့် အညစ်အကြေး ရေဆင်းပိုက်များ အဆုံးသတ်ရာ ရေအိုင် များတွင် ကိုင်မန်များကို တွေ့မြင်နေနိုင်ပြီ ဖြစ်သည်။

အဆိုပါ ရေကန်များထဲတွင် သာမန်အားဖြင့် ငါးများရှင်သန် ပေါက်ဖွားနိုင်ခြင်း မရှိရာ ကိုင်မန်များ အစာရေစာ ပြတ်လပ်မည် စိုးရိမ်သောကြောင့် ၎င်းတို့ကို ကြက်သားများ ခုတ်ထစ် ကျွေးမွေးထားရသည်။ ကိုင်မန်တို့သည် ကြွက်နှင့် ငှက်များကိုလည်း ဖမ်းယူစားသောက်လေ့ ရှိသည်။ ဘရာဇီးလ် သဘာဝ ပတ်ဝန်းကျင် သုတေသီများက ကိုင်မန်များကို လိုက်လံလေ့လာရာ (၈၅)ရာခိုင်နှုန်းသည် အထီးများ ဖြစ်နေရာ လိင်သတ်မှတ်ချက် မမျှတလွန်းသည့် အနေအထား ဖြစ်နေကြောင်း တွေ့ရှိရသည်။ "မိလ္လာစွန့် ပစ် စနစ် စည်းကမ်းမဲ့ပြီး အထိန်းအသိမ်း မရှိတာကြောင့် လိင်ကွဲပြားမှု မျှခြေ ပျက်သွားတယ်လို့တော့ ထင်တယ်။ သေချာတော့ မပြောတတ်ဘူး"ဟု သဘာဝဝန်းကျင်ဆိုင်ရာ ပညာရှင် ရီကာဒို ဖရီးတက်စ်က မှတ်ချက်ပြုခဲ့သည်။

ကိုင်မန်တို့သည် ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်နိုင်စွမ်း ရှိကြသည်။ ကိုင်မန် (၅၀၀)ကျော်ကို လိုက်လံ ဖမ်းဆီးကာ သဘာဝ မြစ်ချောင်းများထဲ ပြန်လွှတ်ပေးခဲ့သည့် ဖရီးတက်စ်က "ကျွန်တော် တစ်ခါတော့ အကိုက်ခံရဖူးတယ်။ လက်မှာပါ။ သိပ်တော့ မနာပါဘူး။ ပြဿနာက လက်မှာ ပိုးဝင်လို့ တော်တော်လေး ကုယူလိုက်ရတာပါ။ အဲဒါက သူတို့ကိုက်လို့ မဟုတ်ဘဲ ပတ်ဝန်းကျင် ရေတွေက အရမ်း ညစ်ပတ်လို့ပါ"ဟု ပြောကြားသွားသည်။

Planet Myanmar Network
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template