
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် လယ်ယာမြေများ သိမ်းဆည်းရာတွင် ကျေးရွာရွှေ့ပြောင်းစရိတ် ထုတ်ပေးခြင်းနှင့် မြေယာလျော်ကြေးများပေးခဲ့ကြောင်း အောက်တိုဘာ ၁ ရက် နေ့ ပြည်ထောင်စု လွှတ်တော်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားခဲ့သော်လည်း ထောက်ပံ့ကြေးနှင့် သီးနှံလျော် ကြေးသာရရှိခဲ့ခြင်းဖြစ်ပြီး မြေယာလျော်ကြေး မရရှိခဲ့ကြောင်း သိမ်းဆည်းခံတောင်သူများက ပြောသည်။
“ဒီလျော်ကြေးတွေပေးတုန်းကလည်း နစ်နာကြေးလို့ ပြောပြီးပေးတာ။ ဘာအတွက်ပေးတာလဲမေးတော့ ဘာမှမမေးနဲ့ နစ်နာကြေးပေးတာ၊ ပေးတာပဲယူထား၊ မယူလည်း သိမ်းမှာ၊ ယူလည်းသိမ်းမှာလို့ပြောတယ်။ သူတို့က မြေ လျော်ကြေး တွေပေးပြီးပြီလို့ပြောပေမယ့် မြေလျော်ကြေးရယ်လို့ သတ်သတ်မှတ်မှတ် မရခဲ့ပါဘူး။ မြေသိမ်းတာလည်း ၂၀၀၂ခုနှစ် ကတည်းကသိမ်းခဲ့ပြီး ထောက်ပံ့စရိတ်နဲ့ သီးနှံလျော်ကြေးကို ၂၀၁၀ ပြည့်နှစ်မှ ရတာပါ။ သူတို့ပေးခဲ့တာတွေက ဒီကြားကာလထဲ သီးနှံစိုက်စားရင် သီးနှံစရိတ် တောင်မရှိပါဘူး။ စိုက်ပျိုးစရာမြေမရှိတော့ သားသမီးသုံးဦး ကို ကျောင်းဆက်မထားနိုင်တော့လို့ ကျောင်းထုတ်လိုက်ရတယ်”ဟု ဇေယျသိမ်ကျေးရွာမှ သိမ်းဆည်းခံတောင်သူ ဦးသိန်းထွန်းက ပြောသည်။
“ဒီသိမ်းထားတဲ့ မြေတွေထဲက အေးရှားဝေါကုမ္ပဏီ က လေကြောင်းရဲတပ်ဖွဲ့ မြေနေရာအသုံးပြုဖို့ ဧက ၁၀၀ ရောင်းထားတယ်။ ရဲတပ်ဖွဲ့အတွက် အဆောက်အအုံတွေ ဆောက်နေတာ တစ်နှစ်ခွဲကျော်လောက် ၂၀၁၃ ခုနှစ် စက် တင်ဘာ ၁၁ ရက်နေ့မှ မြို့နယ်မြေစာရင်းက ဒီမြေပေါ်မှာ အဆောက်အအုံဆောက်မယ် တောင်သူတွေ ကန့်ကွက်နိုင်ကြောင်း ကြေညာစာထွက်လာတယ်။ အဆောက်အအုံ မဆောက်ခင်ကြေညာပြီးမှ ဆောက်ရမှာ။ အဆောက်အအုံ ဆောက်ပြီးမှ ကန့်ကွက်နိုင်ကြောင်း ကြေညာတယ်။ ပြောင်းပြန်ဖြစ်နေတယ်။ ဒါပေမယ့် တောင်သူ ၆၈ ဦး လက်မှတ်ထိုးပြီး ကန့်ကွက်လိုက် တယ်” ဟု အေလာကျေးရွာမှ သိမ်းဆည်းခံတောင်သူ ဦးဝင်းမောင်က ပြောသည်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် စုစုပေါင်းမြေဧရိ ယာ ၅,၆၁၄ ဒသမ ၁၄ ဧက သိမ်းဆည်းခဲ့ပြီး အမှတ် ၃၀၂ ခြေမြန်တပ်ရင်းသို့ မြေ ၁၃ ဒသမ၃၀ ဧက၊ အမှတ် ၂ တပ်မတော်တပ်ထိန်း(လေ)တပ်တည် ဆောက်ရန် မြေ ၁၄၇ ဒသမ ၃၀ ဧက၊ အေလာအနာဂတ်လေတပ်စခန်းတည်ဆောက် ရန် ၁၁၇၄ ဒသမ ၄၁ ဧက၊ စုစုပေါင်းမြေဧ ရိယာ ၁၃၃၅ ဒသမ ၀၁ ဧကကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပိုင်မြေမှ ၄,၂၇၉ ဒသမ ၁၃ ဖြစ်ကြောင်း၊ စီမံကိန်းအတွင်းပါဝင်သည့် ကျေးရွာများ ပြောင်းရွှေ့စရိတ်ထုတ်ပေးခြင်းကို ၂၀၀၄-၀၅ ခုနှစ်မှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အထိ စုစုပေါင်းကျပ်သန်း ၁၄၅ ဒသမ ၂၅၂ သန်း ပေးချေခဲ့ကြောင်း၊ လေဆိပ်စီမံကိန်းဧရိယာ ၅,၅၆၉ အတွင်း ပါဝင်သော စုစုပေါင်းစိုက်ပျိုးမြေ ၅၁၀၆ ဒသမ ၅၃ ဧကအတွက် လယ်တစ်ဧက သုံးသိန်းခွဲ၊ ယာတစ်ဧက နှစ်သိန်းခွဲနှုန်းဖြင့် ၂၀၁၀ ပြည့်နှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း စုစုပေါင်းမြေယာလျော်ကြေးကျပ် ၁၆၂၀ ဒ သမ ၁,၉၂၅ သန်းကို ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်နေ့ ပြည် ထောင်စုလွှတ်တော်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားခဲ့သည်။
နေဖြိုးဝင်း
The Farmer Media