မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံကပေးလိုက်တဲ့ ချေးငွေတွေကို အစိုးရက
သမ၀ါယမ ၀န်ကြီးဌာနအား လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက်
ပြည်သူ့လွှတ်တော်မှာရှိတဲ့ ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ
ဖွံဖြိုးတိုးတက်ရေး ကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့
စောင့်ကြည့် သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြည်တွင်း အသေးစား ချေးငွေ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတွက် သမ္မတ
ဦးသိန်းစိန်ရဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်
ပို့ကုန်သွင်းကုန်ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူခဲ့တာ
ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းအတွင်းက တရုတ်နိုင်ငံက ချေးငွေ အမေရိကန်
ဒေါ်လာ သန်း ၁၀၀ ကို သမဝါယ ဝန်ကြီး ဌာနကို သုံးစွဲခွင့်ပေးဖို့
ပြောခဲ့တာကို လွှတ်တော်ကိုယ်စားလှယ်တွေက သမဝါယမလုပ်ငန်းစဉ်တွေ
အောင်မြင်လေ့မရှိတဲ့အတွက် ကန့်ကွက်ခဲ့ပေမယ့် အစိုးရက လုပ်ပိုင်ခွင့်
ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ချေးယူထားတဲ့ငွေဟာ အတိုးနှုန်း များတဲ့အတွက်
နိုင်ငံတော်ဘက်ဂျတ်လိုငွေပြမှု ပိုမကြီးလာအောင် ထိန်းညှိပေးဖို့
စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ
ဖွံဖြိုးတိုးတက်ရေး ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်
ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“သမဝါယမက လုပ်ခဲ့တဲ့ အခြေအနေကို အစ်ကိုတို့ လုပ်ခဲ့တဲ့ နှစ်ပေါင်း ၅၀
လောက်ကနေ စပြီးတော့ ကြည့်မယ်ဆိုရင် တစ်ခါမှ မအောင်မြင်ခဲ့ဘူး။
ဒီမအောင်မြင်ခဲ့တဲ့ အမှုတွေနဲ့ ပါတ်သက်ပြီးတော့ အစ်ကိုတို့ လေ့လာ
ဆန်းစစ်တယ်။ လေ့လာဆန်းစစ်ပြီး ဒီဥစ္စာကို အောင်မြင်တဲ့နေရာကနေ
လုပ်မှဖြစ်မယ်။ ဘာဖြစ်လို့လည်း ဆိုရင် အတိုးနှုန်းက သိပ်ကြီးတယ်။
အတိုးနှုန်းက သိပ်ကြီးတော့ ဒီဥစ္စာကို မအောင်မြင်ဘူးဆိုရင်
နိုင်ငံတော်ရဲ့ ဘက်ဂျတ် လိုငွေပြမှုက ပိုပြီး ကြီးသွားမယ်။ အဲဒီအတွက်
ဘက်ဂျတ်လိုငွေ ပြမှုကို ထိန်းညှိနိုင်ဖို့ဆိုရင် နိုင်ခြေရှိတဲ့
စီးပွားရေး လုပ်ငန်းတွေကိုဘဲ လုပ်မှ ဖြစ်မယ်လေ။ သမဝါယ ဝန်ကြီးဌာန
ကဘဲ လုပ်မယ်ဆိုရင် အခု ဒီအခြေအနေကိုသေသေချာချာ စောင့်ကြည့်မယ်။”
တရုတ်နိုင်ငံက ချေးယူထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ အတွက် ချေးငွေ
အတိုးနှုန်းဟာ ၄.၅ ရာခိုင်နှုန်းပေးဆောင် ရမှာ ဖြစ်ပြီး
ဝန်ဆောင်ခအနေနဲ့ ၁ ရာခိုင်နှုန်း ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
သမဝါယမဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း အသေးစားချေးငွေလုပ်ငန်းမှာ
တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုး စရိတ်ချေးငွေကနေ စတင်ဖို့
စီစဉ်ထားတာဖြစ်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ကြေညာခဲ့တဲ့
နိုင်ငံတော် ဘဏ္ဍာငွေကို အလွဲသုံစားပြုလုပ်တဲ့ ဝန်ကြီးဌာန ၇ ခုမှာ
သမဝါယမ ဝန်ကြီးဌာ ပါဝင်နေတဲ့အတွက် အရှုံးပေါ်မှာကို
လွှတ်တော်ကိုယ်စားလှယ် အများစုက စိုးရိမ်နေကြတဲ့အကြောင်း
ရေဒီယိုသြစတြေးလျ သတင်းတောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia