Headlines News :
Home » » နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာရသည့် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မရှိသင့်တော့ကြောင်း ထိုင်းရှပ်နီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူက ထောက်ပြ

နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာရသည့် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မရှိသင့်တော့ကြောင်း ထိုင်းရှပ်နီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူက ထောက်ပြ

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 11:35 AM


အောက်တိုဘာ ၁၄ ရက် ညပိုင်းက ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်

စစ်အစိုးရလက်အောက် တစ်လျှောက်တွင် နစ်နာဆုံးရှုံးမှုများ ခံစားလာရသည့် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများမှာ လက်ရှိကာလတွင် ဆက်လက်တည်ရှိ မနေသင့်ဘဲ အစိုးရ၏ တာဝန်ယူမှုအဖြစ် နိုင်ငံ့အနာဂတ်အား ကြည့်ရှုရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ ရှပ်နီလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ Mr. Sombat Bunngamanong က ဆိုသည်။

အဆိုပါ ပြောကြားချက်အား ပြည်တွင်းရှိ ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်လေ့ရှိသည့် အသိပညာ ဖြန့်ဝေရေး အစီအစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Non-Violent Direct Action and Horizontalidad Social Mobilization ; Experience ansd Thailand 's Red Shirts ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် Mr. Sombat Bunngamanong က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသားတွေက အမြဲတမ်း တာဝန်ကျေခဲ့တယ်။ ထွက်လာတိုင်းလည်း ပစ်သတ်ခံနေရတယ်။ မြန်မာ့နိုင်ငံရေးအကြောင်းပြောရင် မျှော်လင့်ချက် မဲ့နေသလို ခံစားရတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ကြားက ပြည်သူတွေက ပြန်တိုက်တယ်။ အစိုးရက ပြန်ဖိတယ်။ ဒီလိုနဲ့ပဲ အစိုးရက ပြောင်းလဲလာရတယ်" ဟု Mr. Sombat Bunngamanong က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထွတ်အထိပ် ဥပဒေဖြစ်သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာသိမ်းယူမှုအား အတိအလင်း ပြဋ္ဌာန်းထားသည့်အပြင် မြန်မာနိုင်ငံအတွက် အဓိကကျသော အခက်အခဲတစ်ခုမှာ မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး ပြဿနာဖြစ်နေကြောင်း Mr. Sombat Bunngamanong က ဆိုသည်။

သို့သော် မြန်မာ့တပ်မတော်အား ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝကာ တရားဥပဒေအား လေးစားလိုက်နာသော တပ်မတော်အဖြစ် အသွင်ပြောင်းပေးနိုင်မည် ဆိုပါက အာဏာသိမ်းယူမှုများ ရှိနိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
"ထိုင်းနိုင်ငံမှာလည်း တပ်မတော်က မကြာခဏ အာဏာသိမ်းတယ်။ ဒါပေမဲ့ နောက်ဆုံး အာဏာသိမ်းမှုက တပ်မတော်ကသိမ်းတာ မဟုတ်ဘူး။ တပ်မတော်အနေနဲ့ သူ့ဆုံးဖြတ်ချက်နဲ့သူ အာဏာသိမ်းနိုင်တဲ့ အနေအထားမှာလည်း မရှိတော့ဘူး။ အင်အားကြီးလို့ အာဏာသိမ်းကြေးဆိုရင် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ဖြစ်တဲ့ အမေရိကန်စစ်တပ် ဘာလို့အာဏာသိမ်းမှု မလုပ်လဲ" ဟု Mr. Sombat Bunn-gamanong က မေးခွန်းထုတ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခများ၊ လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများကြောင့် ပြည်သူများနှင့် အာဏာပိုင်များအကြား အပြန်အလှန် အကြမ်းဖက်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

"လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခတွေမှာဆို အစိုးရအနေနဲ့ ဒီထက်ပို ကိုင်တွယ်ဖို့ လိုအပ်မှာ ဖြစ်သလို စီမံကိန်းတွေ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကြောင့် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ ပဋိပက္ခတွေကို တည်ငြိမ်အောင် လုပ်ဖို့ဆိုရင်တော့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးလို့ အော်နေတာထက် လယ်ယာမြေ သိမ်းခံရတဲ့ မိသားစုဝင်တွေအတွက် အာမခံချက်ရှိတဲ့ စီးပွားရေး လုပ်ငန်းမျိုးတွေကို ဖန်တီးပေးနိုင်ဖို့ လိုပါမယ်" ဟု ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဦးလှိုင်မြင့်က သုံးသပ်သည်။

မြန်မာအစိုးရသစ် နှစ်နှစ်ကျော် ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများမှာ ချီးကျူးစရာ ဖြစ်နေပြီး ယခုနှစ်ကုန်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု မြန်မာအစိုးရ ပြောကြားထားချိန်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများဖြင့် ပြည့်နှက်နေကြောင်း Mr. Sombat Bunngamanong က ဆိုသည်။

ထို့ပြင် လူထုအနေနှင့် စစ်တပ်၏ အခန်းကဏ္ဍအား လျှော့ချနိုင်ရန်နှင့် စစ်သားများ၏ စိတ်စွမ်းအားကို ဒီမိုကရေစီ စိတ်စွမ်းအားအဖြစ်သို့ မြှင့်တင်နိုင်ရေး လုပ်ဆောင်ရန်၊ ဒီမိုကရေစီ လမ်းစဉ်တွင် စစ်သားများအား ပူးပေါင်းပါဝင်ခွင့်ပေးရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း Mr. Sombat Bunngamanong က သုံးသပ်သည်။

"စစ်တပ်နဲ့ ပြည်သူအကြားမှာ မတူညီတဲ့ အရာတွေကနေ ထိပ်တိုက်မတွေ့အောင် ရှောင်ရမယ်။ မြန်မာနိုင်ငံမှာက အကြမ်းဖက်မှုတွေ မရှိသင့်တော့ဘူး။ နှစ်ပေါင်းများစွာ နစ်နာခဲ့ရပြီးပြီ။ ဆန္ဒပြမှုတွေက ဒီမိုကရေစီ လုပ်ရိုးလုပ်စဉ်ပါ။ အကြမ်းဖက်မှု မရှိသင့်တော့ဘူး။ စစ်တပ်အနေနဲ့ အကြောက်တရားနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးသွားတာ။ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးက အစိုးရအနေနဲ့ သူတို့လုပ်တာ သူတို့တာဝန်ယူသင့်တယ်။ အခုဆို သူတို့လျှောက်လာတာ လမ်းတစ်ဝက် ရောက်နေပြီ။ ကျန်တဲ့လမ်းတစ်ဝက်ကို ဆက်လျှောက်ဖို့ လိုပါမယ်။ အစိုးရအနေနဲ့ နိုင်ငံ့ရှေ့ အနာဂတ်ကို ကြည့်ဖို့လိုပါတယ်။ သင်ယူမှုကို ကြည့်ဖို့အတွက် အတိတ်ကို လေ့လာဖို့လည်း လိုတယ်။ အတိတ်ကို မလေ့လာနိုင်ရင် နောက်ကြောင်းပြန် အာဏာသိမ်းမှုတွေ ဖြစ်လာဦးမှာပဲ" ဟု Mr. Sombat Bunngamanong က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများမှာ နောက်ကြောင်းပြန် အာဏာသိမ်းလိုသူများ၏ လုပ်ဆောင်မှုမျိုး ဖြစ်နိုင်သည်ဟု ပညာရှင်များက ဝေဖန်မှုများ ရှိနေပြီး အစိုးရ အနေနှင့်မူ ၎င်းတို့၏ လုပ်ဆောင်မှု မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲများအား လေ့လာနေသည့် The Educational Initiatives မှ Mr.Igor Blazevic ကမူ လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အာဏာရှင် စနစ်သစ်အား အကောင်အထည် ဖော်လိုသူများ၏ လုပ်ဆောင်မှုဟုသာ သုံးသပ်ထားသည်။

အဆိုပါ ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ကျရောက်သွားပါက တိုင်းပြည်အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားနိုင်ကြောင်းလည်း မြန်မာနိုင်ငံကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ တိုင်းပြည်တိုးတက်မှု ပျက်ပြားခဲ့သည့် သီရိလင်္ကာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့သည့် Mr.Ajan Pracha Hutanu watr က သုံးသပ်ထားသည်။ 
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template