ဓာတ်ပုံ – ရိုက်တာ
တောင်ကိုရီးယား သင်္ဘောနစ်မြှုပ်မှုမှာ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းအထိ ၁၇၉ ယောက်ကိုပဲ ကယ်တင်နိုင်တယ်လို့ အတည်ပြုခဲ့ပြီး ၂၇၀ ၀န်းကျင် ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ၃ ရက်မြောက် ဖြစ်လို့ ပျောက်ဆုံးနေတဲ့လူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက်တွေ လျော့ပါးနေပါတယ်။
သင်္ဘောကုမ္ပဏီ ဥက္ကဋ္ဌက ဧပြီ ၁၇ ရက်နေ့က လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ သဘောင်္အရာရှိတွေနဲ့ ၀န်ထမ်းတွေဟာ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့ကြတယ်လို့ သင်္ဘောကုမ္ပဏီ ဥက္ကဋ္ဌ ကင်ဟင်ဆစ်ခ်က ၀န်ခံ တောင်းပန်လိုက်ပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိ သင်္ဘောကပ္ပတိန် လီဂျွန်ဆွခ်လည်း ရာဇ၀တ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးခံနေရတယ်လို့ ကမ်းခြေစောင့်အရာရှိတွေက ပြောပါတယ်။
သင်္ဘောကပ္ပတိန်ဟာ သင်္ဘောကို ခပ်စောစောကတည်းက စွန့်ထားခဲ့သလားဆိုတာကို စုံစမ်းနေတယ်လို့ အရာရှိတယောက်က ပြောပါတယ်။
သင်္ဘောကပ္ပတိန်ဟာ အစောဆုံး ကယ်တင်ခဲ့ရတဲ့ လူတွေထဲက တယောက်ဖြစ်တယ်လို့ အသက်ရှင်လွတ်မြောက်သူတွေကို ကိုးကားပြီး ဒေသမီဒီယာတွေက အစီရင်ခံပါတယ်။
သဘောင်္နစ်မြှုပ်ရတဲ့ အကြောင်းရင်းကို တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် သင်္ဘောဟာ မူလလမ်းကြောင်းကနေ ရုတ်တရတ် ချိုးကွေ့ခဲ့လို့ မှောက်သွားတယ်ဆိုတဲ့ သတင်းတွေကတော့ အရာရှိတွေက ငြင်းဆန်ထားပါတယ်။
နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ဂျပန်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်းဟေးကလည်း ဧပြီ ၁၇ ရက်နေ့မှာပဲ သင်္ဘောနစ်မြှုပ်တဲ့ တောင်ကိုရီးယား တောင်ပိုင်းကမ်းခြေဒေသကို သွားကြည့်ခဲ့ပါတယ်။
ဧပြီ ၁၇ ရက်နေ့မှာဘဲ ပင်လယ်မှာ လေနဲ့ လှိုင်း ထန်ခဲ့တဲ့တွက် ရှာဖွေရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်ခဲ့ရပြီး ကမ်းခြေစောင့်တပ်နဲ့ ရေတပ်က ရေငုပ်သမားတွေကလည်း ရေငုပ် ရှာဖွေနေပါတယ်။
ဧပြီ ၁၆ ရက်နေ့မှာ အင်ချွန်းကမ်းခြေကနေ ဂျီဂျူးကျွန်းဆီကို အားလပ်ရက်ခရီးထွက်ရင်း နစ်မြှုပ်သွားတဲ့သင်္ဘောပေါ်မှာ လူအယောက် ၃၄၀ ဟာ ဒန်ဝန်းအထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။
DVB