ဒေါ်အောင်ဆန်းစုကြည်အား ဘာလင်မြို့တော်ဝန်၊ ဘာလင် Wall အထိမ်းအမှတ် တာဝန်ရှိသူတို့နှင့်အတူ ဘာလင် Wall တွင် ဧပြီလ ၁၂ ရက်က တွေ့ရစဉ် (Photo:AFP) |
ဘာလင်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မျိုးနွယ်စုပဋိပက္ခများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် မျိုးနွယ်စုတစ်ခု၊ အဖွဲ့အစည်း တစ်ခုကိုသာ ဥပမာအဖြစ် ပြောဆိုခဲ့ခြင်း မရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံရှိ မျိုးနွယ်စုပေါင်းစုံ ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရာတွေထဲမှာမှ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေ အနေနဲ့ အဖြစ်အပျက် တစ်ခုနှစ်ခုအပေါ်မှာပဲ အာရုံစိုက်နေတာ ကျွန်မစိတ်အနှောင့်အယှက် ဖြစ်ရပါတယ်” ဟု ဘင်္ဂါလီနှင့် ကချင်လက်နက်ကိုင် ကိစ္စများကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးဆိုင်ရာ ပေးအပ်ချီးမြင့်သည့်ဆုကို လက်ခံရယူရန်အတွက် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဧပြီ ၁၀ ရက်တွင် သူမအား ဂျာမနီနိုင်ငံ အဓိပတိ မာကယ်လ်က ကြိုဆိုခဲ့ရာတွင် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် မားမားမတ်မတ် တိုက်ပွဲဝင်နေသူတစ်ဦးဟု ဂုဏ်ပြုပြောဆိုခဲ့သည်။
ယင်းနောက် ဧပြီ ၁၁ ရက်က ဘာလင်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာဆု လက်ခံရယူရာ၌ မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏နိုင်ငံသည် ဒီမိုကရေစီ နည်းလမ်းကျသော အခြေခံဥပဒေ၊ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်အာဏာရှင်ဟောင်းများ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ပြောင်းလဲရန် လိုအပ်နေသေးကြောင်း ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကြီးအနေဖြင့် လက်ရှိအစိုးရသည် စစ်မှန်သော ဒီမိုကရက်တစ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အမှန်တကယ် အလိုရှိသည်လား သို့မဟုတ် ဒီမိုကရေစီ အရေခြုံထားသော အာဏာရှင်စနစ်ကို အလိုရှိသည်လား ဆိုသည်နှင့် ပတ်သက်၍ အနီးကပ် ဆက်လက်စောင့်ကြည့်ရန် အတွက်လည်း သူမက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံသို့ ဆက်လက်ခရီးထွက်ခွာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ဘာလင်မြို့တော်ဝန်၊ ဘာလင် Wall အထိမ်းအမှတ် တာဝန်ရှိသူတို့နှင့်အတူ ဘာလင် Wall တွင် ဧပြီလ ၁၂ ရက်က တွေ့ရစဉ် (Photo:AFP)
ဧပြီ ၁၂ ရက်က the Brandenburg Gate အနီးတွင် ဒေါ်အောင်ဆန်းစုကြည်အား ဘာလင်မြို့တော်ဝန်မှ ရှင်းလင်းပြသနေစဉ် (Photo:AFP)
ဘာလင်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၁၂ ရက်က တွေ့ရစဉ် (Photo:AFP)