Headlines News :
Home » » Junction Square ၏ကြော်ငြာ ဆိုင်းဘုတ်ဖြုတ်စဉ် လျှပ်စစ် ဓါတ်တိုင်များ ပေါ်သို့ ပြုတ်ကျခဲ့၍ ဓါတ်တိုင်များ လဲကျပျက်စီး

Junction Square ၏ကြော်ငြာ ဆိုင်းဘုတ်ဖြုတ်စဉ် လျှပ်စစ် ဓါတ်တိုင်များ ပေါ်သို့ ပြုတ်ကျခဲ့၍ ဓါတ်တိုင်များ လဲကျပျက်စီး

Written By လွင့်မောင်မောင် on Tuesday, April 15, 2014 | 8:34 AM



 
Junction Square ၏ ကြော်ငြာဆိုင်းဘုတ်အား ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံကျိုး၍ 33 KV ဓာတ်အားလိုင်းပေါ်သို့ ဆိုင်းဘုတ်ပြုတ်ကျခဲ့ပြီး ဓာတ်တိုင် ၉ တိုင်ကျိုးပဲ့ပျက်စီး၊ ကမာရွတ်၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်တို့၌ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်ခဲ့
Junction Square Shopping Mall ၏ ကြော်ငြာဆိုင်းဘုတ်အား ကရိန်းကားဖြင့် ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံ ကျိုးကျ၍ 33 KV ဓာတ်အားလိုင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ကမာရွတ်မြို့နယ် ကျွန်းတောလမ်းမပေါ်ရှိ ဓာတ်တိုင် ၉ တိုင် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းကဲ့သို့ ဓာတ်တိုင်များကျိုးပဲ့ ပျက်စီးမှုကြောင့် ကမာရွတ်၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၄ ရက်နေ့(သင်္ကြန်အကျနေ့) နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်က ရွှေတောင်ကုမ္ပဏီပိုင် Junction Square Shopping Mall ၏ အလျားပေ ၄၀၊ အနံ ပေ ၂၀ရှိ ကြော်ငြာဆိုင်းဘုတ်အား ကရိန်းကားဖြင့် ဖြုတ်ချခဲ့ရာတွင် ကြော်ငြာဆိုင်းဘုတ်၏ ၀န်အားနှင့် ကရိန်းကား၏ ခံနိုင်ဝန် မျှ တမှုမရှိဘဲ ကရိန်းကား၏ Boom တံကျိုးကျ၍ 33KV ဓာတ်အားလိုင်းပေါ်သို့ ပြုတ်ကျခဲ့သည်။ ယင်းသို့ပြုတ်ကျမှုကြောင့် ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းပေါ်ရှိ 33KV နှစ်ထပ်ဓာတ်အားလိုင်း သွယ်တန်းထားသည့်
ဓာတ်တိုင် ၉ တိုင် ကျိုးပဲ့ပျက်စီးခဲ့သည်။

ရွှေတောင်ကုမ္ပဏီမှ ယင်းကဲ့သို့ Junction Square Shopping Mall ၏ ကြော်ငြာဆိုင်းဘုတ် ဖြုတ်ချမည်ဖြစ်ကြောင်းအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ လက်အောက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အသိပေး အကြောင်းကြားခြင်း မရှိဘဲ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ဖြုတ်ချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
"ဆိုင်းဘုတ်ရဲ့ အလေးချိန်ကို တွက်ချက်မှုမရှိဘဲ ၀န်အားမမျှတဲ့ ကရိန်းကားနဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချပုံရပါတယ်။ အောက်မှာ ဓာတ်အားလိုင်းရှိတာကို သူတို့သိတော့ သိပါလိမ့်မယ်။ ဒါပေမယ့် ခုလိုဆိုင်းဘုတ် ဖြုတ်ချမယ်ဆိုတာကို ကျွန်တော်တို့ သက်ဆိုင်ရာ EPC ရုံးတွေကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ သူတို့ဘာသာ ဖြုတ်ချတဲ့အခါ ကရိန်းကားရဲ့ Boom တံကျိုးကျပြီး ကြော်ငြာဆိုင်းဘုတ်ကြီးက 33 KV ဓာတ်အားလိုင်းပေါ် ပြုတ်ကျပြီး ဓာတ်တိုင်တွေကို ဆွဲချိုးသလိုဖြစ်ပြီး ဓာတ်တိုင်တွေ အကုန်ကျိုးကုန်တာပါ။ တိုင်အားလုံးပေါင်း ၉ တိုင်ရှိပါတယ်။ ဓာတ်အား ပြတ်တောက်မှုကတော့ များပါတယ်။ ကမာရွတ် မြို့နယ်မှာဆိုရင် သုံးပုံနှစ်ပုံလောက် ဓာတ်အားပြတ်တောက် ခဲ့ပါတယ်။ ဒါ့အပြင် စမ်းချောင်းနဲ့ ဗဟန်းမြို့နယ် တွေမှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်" ဟု ကမာရွတ်မြို့နယ်မှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမာန်ဦးက The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။

"ဒီမတော်တဆမှုကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အနေနဲ့ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ပြီး မြို့နယ် ၈ မြို့နယ်က လျှပ်စစ်ဝန်ထမ်းတွေနဲ့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိအောင် လုပ်ဆောင်နေပါတယ်။ ခုလို ဓာတ်တိုင် ၉ တိုင်ကျိုးသွားတဲ့အတွက် လျှပ်စစ်မီးပြတ် ဧရိယာဖြစ်တဲ့ မြို့နယ်တွေကို အခြားမြို့နယ်ဓာတ်အားခွဲ ရုံတွေကနေ လျှပ်စစ်ဓာတ်အား ခွဲဝေပေးပြီး လျှပ်စစ်မီး ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းက The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။
ယင်းကဲ့သို့ ဓာတ်တိုင်များ ကျိုးကျပြီး ဓာတ်အားပြတ်တောက်မှုအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ပေးဝေနိုင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် တန် ၅၀ ရှိ ကရိန်းကား တစ်စီး၊ ၁၀ တန် ကရိန်းကား တစ်စီးနှင့် ၃ တန် ကရိန်းကားတစ်စီး၊ လျှပ်စစ်ဝန်ထမ်း ၈၀ ခန့်ဖြင့် လျှပ်စစ်မီးပြတ်ဧရိယာများ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် လုပ်ဆောင်နေကြောင်း သိရသည်။
နေ့လည် ၁ နာရီခွဲလောက် ကတည်းက မီးပြတ်သွားတာ။ အစကတော့ ဘာဖြစ်မှန်း မသိဘူး။ ညနေကျ ရေကစားဖို့ အပြင်ထွက်တော့မှ ကျွန်းတောလမ်းပေါ်မှာ ဓာတ်တိုင်တွေ အကုန်ကျိုးနေတာကို မြင်ရပြီး ဆိုင်းဘုတ်ပြုတ်ကျမှန်း သိတာ။ ကျွန်းတောလမ်း တစ်လမ်းလုံးက ဓာတ်တိုင်တွေ အကုန်ကျိုးပြီး သစ်ပင်ကြီးတွေပါ ကျိုးနေတာကို မြင်ရတာ နာဂစ်မုန်တိုင်းတိုက်ပြီး နောက်နေ့ မနက်အပြင်ထွက်တဲ့ မြင်ကွင်းအတိုင်းပဲ။ စိတ်ထဲမှာထင်လိုက်တာ မီးဘယ်နှစ်ရက် ပျက်မလဲလို့။
ဒါပေမယ့် ညနေ ၆ နာရီခွဲ တော့ မီးပြန်လာတယ်။ အဲလောက်မြန်မယ်တောင် မထင်ထားဘဲ မီးပြန်လာလို့ တော်တော်လေးကို ၀မ်းသာရပါတယ်" ဟု စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ အောင်သပြေလမ်းတွင် နေထိုင်သူ မလဲ့လဲက ပြောပြခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template