21 June 2014
အမျိုးသား လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများအတွက် အချိုးကျကိုယ်စားပြု
(PR) စနစ် အသုံးပြုရေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် လွှတ်တော်တွင်း
အဆိုအောင်မြင်ခဲ့သော်လည်း ရှေ့လုပ်ငန်းစဉ်များမှာမူ ပြက်ပြက်ထင်ထင်
မရှိလှသေးပေ။
အချိုးကျကိုယ်စားပြု PR စနစ်မှာ
ကျင့်သုံးပုံ နည်းလမ်းအမျိုးမျိုး ကွဲလွဲသည့်အတွက် မည်သို့သောစနစ်ကို
အသုံးပြု ဆောင်ရွက်မည်ကို လွှတ်တော်ကော်မရှင်က စိစစ်ဆုံးဖြတ်ရမည် ဖြစ်ပြီး
လွှတ်တော် ဥက္ကဋ္ဌက မြန်မာ့နည်းမြန်မာ့ဟန် ဖြစ်ရမည်ဟု ဆိုထားသဖြင့်
ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်လာသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဖြစ်နိုင်ဖွယ် PR
ပုံစံအမျိုးမျိုးရှိသည်။
စဉ်းစားချက် ပုံစံအချို့
အမျိုးသားလွှတ်တော်တွင်
အဆိုတင်သွင်းခဲ့သူ ဒေါ်ခင်ဝိုင်းကြည်ကမူ PR စနစ်ကို တစ်နိုင်ငံလုံးတွင်
ကျင့်သုံးရန် မရည်ရွယ်ဘဲ တိုင်းဒေသကြီးများတွင်သာ စမ်းသပ်ကျင့်သုံးရန်
တိုက်တွန်းခြင်း ဖြစ်ကြောင်း The Voice သို့ ပြောဆိုသည်။
“ပြည်နယ်တွေမပါဘူး။ တိုင်းဒေသကြီးမှာပဲလုပ်ဖို့ အန်တီပြောထားတာ” ဟု
ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ မြေပြင် အခြေအနေအရ ရခိုင်ပြည်နယ်ကဲ့သို့သော
ဒေသများတွင် PR စနစ် ကျင့်သုံးရန် ခက်ခဲမည် ဖြစ်သည့်အတွက် တိုင်းရင်းသား
ပြည်နယ်များတွင် လက်ရှိ ကျင့်သုံးနေသော နိုင်သူအကုန်ယူ (FPTP)
စနစ်ကိုကျင့်သုံး၍ တိုင်းဒေသကြီးများတွင် PR စနစ်ကို ကျင့်သုံးခြင်းဖြင့်
(Mixed PR) ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း
ပြောဆိုသည်။ ဤသို့ဆိုပါလျှင် တိုင်းရင်းသားပါတီများ အနေနှင့်
လက်မခံသည့်တိုင် အပြင်းအထန် ကန့်ကွက်ဖွယ်မရှိဘဲ တိုင်းဒေသကြီးများ၌သာ PR
စနစ် အစပျိုးဖွယ် ရှိသည်။
ယင်းကား တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးနိုင်ဖွယ်ရှိသည့် ပုံစံ။
သီပေါမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၏ အဆိုအရ နောက်ထပ်စဉ်းစားနည်း
တစ်မျိုးလည်း ရှိသည်။ မဖြစ်မနေ အသုံးပြုလာမည်ဆိုပါက PR ကို ကန့်ကွက်နေသော
တိုင်းရင်းသားများ အဆင်ပြေစေမည့် မဲရေတွက်ပုံစနစ် သတ်မှတ်ရန်လိုကြောင်း
သူကဆိုသည်။ တစ်နိုင်ငံလုံးမှ မဲများကို စုပေါင်း ရေတွက်ခြင်းမပြုဘဲ
ပြည်နယ်အလိုက် ရေတွက်၍ အချိုးကျခွဲဝေမည်ဆိုလျှင် တိုင်းရင်းသားပါတီများလည်း
ကိုယ်စားလှယ်အများစု ရနိုင်ခြေ ရှိသေးကြောင်း ဦးရဲထွန်းက ခန့်မှန်းသည်။
“တစ်နိုင်ငံလုံးစာမဲကို ပေါင်းတွက်ရင် တိုင်းရင်းသားပါတီတွေ
ဘယ်လိုမှနိုင်စရာ မရှိဘူး။ ပြည်နယ်အလိုက် ရေတွက်မယ် ဆိုရင်တော့
တိုင်းရင်းသားတွေလည်း နိုင်လိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။
ယင်းသို့မဟုတ်ဘဲ
တစ်နိုင်ငံလုံးမှ ရရှိသည့် မဲအရေအတွက်ကို ပါတီအလိုက် အချိုးကျ ပြန်လည်
ခွဲဝေမည်ဆိုပါက တိုင်းရင်းသားပါတီများ ကိုယ်စားလှယ်ရဖွယ် မရှိဘဲ မဲဆန္ဒနယ်
အားလုံးနီးပါး၌ ဝင်ပြိုင်နိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီသာ အကျိုးရှိမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။
လတ်တလော အငြင်းအခုံ
အမျိုးသားလွှတ်တော်
PR ကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အခြေခံ၍
သင့်တော်သော ပုံစံတစ်ခုပြုစုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့
တင်သွင်းရမည်ဖြစ်ပြီး ယင်းပုံစံအပေါ် မူတည်ကာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ
ပြင်ဆင်ရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။
“PR
စနစ်သုံးမယ်ဆိုရင် လူနည်းစုပါတီတွေ ရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေလို့ PR သုံးမယ်ဆို
အခြေခံဥပဒေကိုပါ ပြင်ရမယ်” ဟု ချင်းတိုင်းရင်းသား အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ထောက်ပြသည်။ PR ကျင့်သုံးရန် စနစ်များကို
လေ့လာသုံးသပ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ပေးပို့အစီရင်ခံရန်
တာဝန်ရှိသော အမျိုးသားလွှတ်တော်၏ PR ကော်မရှင် အလုပ်မစမီကပင် NLD မှ
ကိုယ်စားလှယ်ငါးဦး နုတ်ထွက်သွားပြီ ဖြစ်သည်။ ထပ်မံ၍ ယင်းကော်မရှင်ပါ
တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များလည်း နုတ်ထွက်ဖွယ် ရှိကြောင်း
ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က
ထုတ်ဖော်ပြောဆိုသည်။
“PR စနစ်ကြောင့် ပါတီတွေများလာမယ်၊
နောက်တစ်ခုက ပါတီငယ်တွေကို ဖျောက်ပစ်ဖို့ ဒီစနစ်သုံးတယ်လို့ ယူဆလာနိုင်တယ်။
အနာဂတ်မှာ PR က အကျိုးရှိနိုင်ပေမဲ့ လက်ရှိအချိန်မှာ မသုံးသင့်သေးဘူး” ဟု
မွန်တိုင်းရင်းသား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက
ရှင်းပြသည်။ တပ်မတော်သား ကိုယ်စားလှယ် များကလည်း PR စနစ်ကျင့်သုံးရန်အတွက်
အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သဖြင့် ဒီမိုကရေစီ
လျှောက်လှမ်းစ ယခုအချိန်မျိုးတွင် မသုံးသင့်ကြောင်း ကန့်ကွက်ထားသည်။
မသေချာမှုများ
PR
စဉ်းစားပုံအရ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရန်
လိုအပ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီလျှင် ဖွဲ့စည်းပုံ
ပြင်ဆင်ရန်အထိ ဆောင်ရွက်ရန် လိုအပ်ခြင်းနှင့် တိုင်းရင်းသား
ကိုယ်စားလှယ်များ ဆက်တိုက် ကန့်ကွက်နေခြင်းတို့ကြောင့် PR စနစ်
ကျင့်သုံးမည့် အခြေအနေမှာ မသေချာသေးသော အနေအထားသာ ရှိသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ချိုဦးကလည်း PR
လုပ်ငန်းစဉ်များ မြန်ဆန်ဖွယ် မရှိကြောင်း The Voice သို့ ပြောဆိုသည်။
ဖွဲ့စည်းပုံပြင်ရန်
လိုအပ်ခြင်း၊ တိုင်းရင်းသားပါတီ အားလုံးက ထပ်မံကန့်ကွက်ခြင်းမျိုး
ကြုံတွေ့ပါက PR လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်မည် မဟုတ်ဘဲ
မူလစနစ်အတိုင်းသာ ထားရှိနိုင်ကြောင်း ဒေါက်တာအေးမောင်က ခန့်မှန်းသည်။
“အခြေအနေက ဘာမှပြောလို့ မရသေးဘူး။ PR လုံးဝပျက်သွားတာမျိုးလည်း
ဖြစ်နိုင်သေးတယ်” ဟု ၎င်းကဆိုသည်။
တဖက်တွင် FPTP စနစ်ကြောင့်
မဖြူလျှင် မည်းရမှ ကျေနပ်လေ့ရှိသော မြန်မာ့လူ့ဘောင် အသိုက်အဝန်းတွင်
အပြတ်အသတ် အသာစီးရမှုများက နိုင်ငံရေး တည်ငြိမ်မှုကို
ခြိမ်းခြောက်လာနိုင်ပြီး တိုင်းပြည်မူဝါဒ မတည်ငြိမ်မှုများအတွက်
လမ်းဖွင့်ပေးသလို ဖြစ်နိုင်ကြောင်း လေ့လာသူအချို့က ဆိုသည်။
အမျိုးသား
ဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ထိုအချက်ကို ဆုပ်ကိုင်ထားပြီး FPTP
စနစ်က တစ်ပါတီ အာဏာရှင်စနစ်ကို အသက်သွင်းပေးနိုင်ကြောင်း အကြောင်းပြသည်။
သို့သော် NLD ပါတီကမူ ယင်းအချက်ကို လက်မခံဘဲ မြန်မာနိုင်ငံ ရွေးကောက်ပွဲ
အဆက်ဆက် FPTP စနစ်ကိုသာ ကျင့်သုံးခဲ့ပြီး တစ်ပါတီအာဏာရှင် မဖြစ်ခဲ့ဘဲ
စစ်တပ် အာဏာသိမ်း၍သာ အာဏာရှင်စနစ် ဖြစ်လာကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင်
ဦးဝင်းမြင့်က တုံ့ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း
ယင်းပြောဆိုချက်နှင့် ပတ်သက်၍ “တစ်ပါတီအာဏာရှင် ဖြစ်မှာစိုးရင် ၂၀၁၀
တုန်းကလည်း PR နဲ့ လုပ်ပါလား။ NLD နိုင်မယ်ဆိုတဲ့အလှည့်မှ ဘာလို့လာလုပ်လဲ”
ဟု မေးခွန်းထုတ်ခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ်
များကလည်း PR စနစ်ကို ရွေးချယ်သည့်အတွက် အတိုက်အခံပါတီက မကျေနပ်လျှင်
မတည်ငြိမ်မှုများ ဖြစ်ပွားမည်ကို မလိုလားကြောင်း၊ သူတို့ နိုင်မည့်အလှည့်မှ
PR ကျင့်သုံးမည်ဆိုလျှင် မမျှတမည်ကိုလည်း မဖြစ်စေလိုကြောင်း ပြောဆိုသည်။
ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်သည်ပင်လျှင် အငြင်းပွားနေသော ယင်းစနစ်
အသုံးပြုရေးမှာ လွှတ်တော်၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း ပြောဆိုထားရာ PR
အကောင်အထည် ဖော်ရေး လွှတ်တော်၏ တာဝန်သာဖြစ်လာပြီး မှန်ခြင်းမှားခြင်း၊
ကောင်းခြင်းဆိုးခြင်းမှာ လွှတ်တော်၌သာ တာဝန်ရှိမည် ဖြစ်သည်။
ထို့အပြင်
PR စနစ်မှာ မြန်မာနိုင်ငံနှင့် လုံးဝထိတွေ့မှု မရှိခဲ့သဖြင့် မြန်မာနှင့်
သင့်တော်မည့် မြန်မာ့နည်း၊ မြန်မာ့ဟန် PR စနစ်ဆိုသည်မှာ
ကော်မရှင်အဖွဲ့များအတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ကြောင်း လွှတ်တော်
ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံတွင်
နိုင်ငံရေးစနစ်များ၊ မူဝါဒများ အကောင်အထည် ဖော်ရာတွင် ခေတ်စားလွန်းသော
မြန်မာ့နည်း မြန်မာ့ဟန်က PR ကို မည်သို့ ပုံသွင်းမည်နည်း။
ဒီမိုကရေစီကိုပင်လျှင် မြန်မာ့နည်း မြန်မာ့ဟန်စစ်မှန်သော ဒီမိုကရေစီအဖြစ်
ဝိဂြိုဟ်ပြုထားကြသည်။
ဥပဒေကြမ်း ကော်မတီဝင်
ဦးအောင်ချိုဦးက “မြန်မာ့နည်းမြန်မာ့ဟန်လို့ ဆိုထားတော့
လွှတ်တော်ကော်မရှင်က ဘယ်စနစ်ကို ရွေးချယ်လာမလဲ မပြောနိုင်သေးဘူး။ ဒီမှာလည်း
တစ်ခါမှလုပ်ခဲ့ဖူးတာ မဟုတ်ဘူးလေ” ဟု မှတ်ချက်ပြုသည်။
နော်ကိုကို
http://www.thevoicemyanmar.com/index.php/article/item/670-mm