Headlines News :
Home » » မြန်မာ့နိုင်ငံ့ အရေး နှင့် လမ်းလွှဲမှုများ

မြန်မာ့နိုင်ငံ့ အရေး နှင့် လမ်းလွှဲမှုများ

Written By လွင့်မောင်မောင် on Monday, June 16, 2014 | 10:40 PM


16 June 2014
 ပုဒ်မ ၄၃၆ ပြင်ဆင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုဟော ပြောပွဲများ အရှိန်အဟုန်မြှင့် လုပ်ဆောင် နေချိန်တွင် လွှတ်တော်၌ PR စနစ် တင်သွင်း ဆွေးနွေးခြင်း၊ ၅၉ (စ) မပြင်ဆင် ဟု၍ သတင်းများထွက်ပေါ်ခြင်းသည် ပြည်သူ လူထုအား အာရုံထွေပြားအောင် လုပ်ဆောင်ခြင်းလည်းဖြစ်နိုင် ကြောင်း နိုင်ငံရေး နယ်ပယ်မှ ပုဂ်္ဂိုလ်များက ထောက်ပြ ဝေဖန် ကြသည်။

ပြိုင်တူလုပ်တဲ့ ပုံစံ၊ လူတွေရဲ့ အာရုံ ထွေပြား သွားအောင် လုပ်တဲ့ ပုံစံမျိုးရှိတယ်၊ ပြည်သူလူထုကြား ထဲကေ၀၀ါးမှုတွေ ဖြစ်လာအောင် လုပ်တဲ့ သဘော၊ လူတွေကို အာရုံလွှဲတဲ့ အကြောင်းအရာ တွေပါ။ လူတွေရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ၊ အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှု တွေကို အာရုံလွှဲဖို့ အတွက် ပြဿနာတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ ဖန်တီးတယ်လို့လည်း ယူဆနိုင်တဲ့ အနေအထားမျိုး တွေလည်း ရှိတယ် ဟု မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် ၅၉ (စ) အား မပြင်ဆင် ဟူ၍ လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက မဲခွဲဆုံးဖြတ် လိုက်ကြောင်း၊ ယခုရက်ပိုင်း အတွင်း သတင်းများထွက်ပေါ် ခဲ့သည်။ ထို့အပြင် ဇွန်လ (၃) ရက် နေ့က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က အချိုးကျ ကိုယ်စားပြု စနစ် (PR) ကို ကျင့်သုံးရေး ဆွေးနွေးရန် တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် (၂၅) ဦး ခန့်က ဆွေးနွေးရန် အမည် စာရင်းတင်သွင်းခဲ့သည်။

အဆိုပါ စနစ်ကို NLD လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ် များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက ကန့်ကွက်ပြီး၊ ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည်။ ၄၃၆ ကိုအာရုံလွဲတာကPR ပဲဗျ။ ကျွန်တော်တို့ ယူဆတာဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။ အဆိုပါ ပြည်သူလူထုအား အာရုံလွဲမှု များသည် ယခင် စစ်အစိုးရ လက်ထက်တွင် ပိုမိုလုပ်ဆောင်ခဲ့ ကြောင်း ၀ါရင့် နိုင်ငံရေးသမား များက ဝေဖန်ကြသည်။ ၄၃၆ ဖြစ်နေတဲ့ အချိန်မှာ မွေးလိုက်တာက ၅၉ (စ) မပြင်ဖို့ ဆိုတာရယ်၊ လွှတ်တော်ထဲမှာ PR ကို တင်တာရယ်၊ ဒါမွေးတာပဲ၊ အကုန်လုံးက အာရုံ အဲဒီ ဘက်ကို ရောက်ကုန်ရော၊ တိုင်ပင် ကိုက်ထားတာ ဟု ဦးဇာဂနာ က ပြောသည်။

နိုင်ငံရေးတွင် ကစားကွက်များ ရှိပြီး၊ issue များ မွေးထား ပြီးနောက် အရေးကြီးသော ပြဿနာ တစ်စုံတရာ ပေါ်ပေါက်ပြီ ဆိုပါ က issue များ ကို ဖောက်ခွဲပစ်လေ့ ရှိကြောင်း၊ သတိထားကြည့်မည် ဆိုပါက တွေ့နိုင်ကြောင်း၊ ၂၀၁၁ ခုနှစ် နှောင်းပိုင်း ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာတွင် မျက်နှာပန်းတင့်တယ် နေသော အချိန်၌ မောင်တော၊ ဘင်္ဂါလီ ကိစ္စ ဖြစ်လာခြင်း စသည်တို့သည် မွေးထားသော issue များကို ဖောက်ခွဲ ပစ်ခြင်းဖြစ်မျိုး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေး ခေတ်အဆက်ဆက် တွင်လည်း ထိုကဲ့သို့ အချိန်ကိုက် လုပ်ခြင်းများရှိ ခဲ့ကြောင်း၊ ၎င်း တို့အား နိုင်ငံရေးသမား များက သိနေကြောင်း ဦးဇာဂနာက သုံးသပ်သည်။

ကျွန်တော်တို့ အစိုးရပဲ ပြောပြော၊ ကျွန်တော်တို့ နိုင်ငံကို အုပ်ချုပ်နေတဲ့ လူတွေကလို့ပဲ ပြောပြော။ ပြဿနာကို ကြီးထွားအောင် လုပ်ဖို့က တော့ ဉာဏ်သွားကြတယ်ဗျာ။ ကျွန်တော် ဉာဏ်မမှီဘူး လို့တောင် ပြောရမလို ဖြစ်နေပါတယ် ဟု ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဥပဒေ ပညာရှင် ဦးသန်းမောင် (စစ်တွေ)က The Messenger သတင်းစာသို့ပြောသည်။

ထိုကဲ့သို့ ပေါ်လာသော PR စနစ်အား ကျင့်သုံးမည်ကို လွှတ်တော်မှ ဆုံးဖြတ်ပေး၍ မရဘဲ ယင်းစနစ် ကျင့်သုံးပါက ပြည်ထောင်စု လွှတ်တော် မှ ဆုံးဖြတ်ရမည် ဖြစ်ကာ လက်ရှိ လွှတ်တော် ပြဋ္ဌာန်း ထားသော ဥပဒေများ၏ ၇၅ ရာခိုင်နှုန်းကို ပြောင်းပစ်ရမည် ဖြစ်ကြောင်း ဦးသန်းမောင်က ဆိုသည်။ ၄၃၆ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ဖြစ်လာတဲ့ အချိန်မှာ လွှတ်တော်မှာ PR အချိုးကျ ကိုယ်စားလှယ် စနစ်ကို တင်တဲ့ ဟာတွေ၊ ၅၉ (စ) နဲ့ ပတ်သက်ပြီး ပြောဆိုတဲ့ ဟာတွေဟာ၊ ဒီဘက်က ပြည်သူတွေရဲ့ လှုပ်ရှားမှုနဲ့ အချိန်ကိုက်ဖြစ်နေတယ် ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုဋ္ဌေးကြွယ် က The Messenger သတင်းစာသို့ပြောသည်။

လက်ရှိ အချိန်တွင် ပုဒ်မ-၄၃၆ ပြင်ဆင်ရေး အတွက်က NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများသည် နိုင်ငံတစ်ဝန်း၌ ဟောပြောပွဲများ၊ လက်မှတ်ထိုး ဆန္ဒယူလျက်ရှိရာ ပြည်သူများ စိတ်ဝင်စားမှု များပြားလျက် ရှိကြောင်း၊ လက်မှတ်ရေးထိုးသူ များပြား လာ၍ လက်မှတ်ထိုးရန် စာအုပ်များ ပိုမိုလုပ်ဆောင်ပေးနေ ရကြောင်း NLD ပါတီဝင်များ က ဆိုသည်။ နိုင်ငံရေး သမားတွေ ကတော့ အစဉ် အလာ အတွေ့အကြုံ တွေနဲ့ သုံးသပ်ကြတာပေါ့၊ ဒါတွေက ထင်မြင် ယူဆစရာတွေတော့ ရှိတာပေါ့၊ မပြုသော် ကံပေါ့၊ အဲဒီလောက်ပဲ ပြောလို့ရပါတယ် ဟု NLD ပါတီမှ CEC အဖွဲ့ဝင် ဦးဝင်းမြင့်က ပြော သည်။

ထိုကဲ့သို့ ပြည်သူများ လိုလားချက်များ၊ အခွင့်အရေး များကို ကိုင်ဆောင်ရင်း အင်အားကောင်း နေချိန်တွင် အာရုံလွှဲခြင်း၊ အာရုံ ထွေပြားအောင် လုပ်ခြင်းများကို ပြည်သူများ သတိထားရန် လိုအပ်ပြီး၊ စုပေါင်း ညှိနှိုင်း၍ စဉ်းစားဉာဏ်ဖြင့် စိစစ် အဖြေရှာ ဖြေရှင်းသင့်ကြောင်း နိုင်ငံရေးသမား များက သုံးသပ်သည်။ ထိုကဲ့သို့ ပြည်သူ အာရုံ ထွေပြားစေပြီး၊ အာရုံလွှဲသည်ဟု ယူဆသူ များသည် မြန်မာ့ နိုင်ငံရေးတွင် အတွေ့အကြုံ ရှိပြီး ဘ၀နှင့် ရင်းလာ သူများက ပြောကြားခြင်းဖြစ်၍ အလေးထားရန် လိုကြောင်းလည်း NLDမှ တာဝန်ရှိသူ ဦးဝင်းမြင့်က ပြောသည်။

ကျွန်တော်တို့ နိုင်ငံရေးသမိုင်းမှာ ပါဝင်ခဲ့တဲ့ ပုဂ်္ဂိုလ်တွေက အများကြီးဗျ၊ မီးလောင်တာ မမြင်ရပေမယ့် မီးခိုးထွက်တာ ကြည့်ပြီးလောင်တဲ့ နေရာကို သိနိုင်တယ် ဟု ဦးဝင်းမြင့်က ပြောသည်။ ယင်းအပြင် PR စနစ်အား အတည်ပြုရန် လွှတ်တော် တင်ပြခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အား The Messenger သတင်းစာမှ ယမန်နေ့ (၃)နာရီ ခွဲခန့်က ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပေ။ အာရုံလွှဲတယ်၊ သူတို့မှာလည်း အစီအစဉ်တွေ ကတော့ ရှိမှာပဲဗျ။ ဒါကလည်း သူတို့ဘက်က လုပ်ဆောင်ချက်ပေါ့၊ ကျွန်တော်တို့ ကလည်း လမ်းကြောင်းအတိုင်း ဆက်သွားမယ်။ တပ်အပ် မစွပ်စွဲ နိုင်ပေမယ့် အချိန်ကိုက် ဖြစ်လာတယ် လို့တော့ ပြောနိုင်တယ်။ သမ္မတကြီး ကတော့ နောက်ပြန်မလှည့်ဘူးလို့ ပြောထား တာပဲ ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုအံဘွယ်ကျော် က ပြောသည်။

PR စနစ်အား ကျင့်သုံးရန် ဥပဒေ ရေးဆွဲမည့် ကော်မတီတွင် ပါဝင်သော NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ဒေါက်တာ မြတ်ဉာဏစိုး၊ ဒေါက်တာ မြင့်နိုင်၊ ဦးမင်းဦး၊ ဦးသိန်းဆွေ တို့က နုတ်ထွက်ခဲ့ကြသည်။ ယင်းကဲ့သို့ နုတ်ထွက်ရခြင်းမှာ NLD ပါတီက PR စနစ်ကို ကန့်ကွက်ထားရခြင်းကြောင့် ဖြစ်ကြောင်း ပါတီ CEC ဖြစ်သူ ဦးဝင်းမြင့်က ဆိုသည်။

PR စနစ်ကို လုပ်ရင် ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်များရှိ လာနိုင်တယ်လို့ ယူဆမိပါတယ်၊ ဒါကို အချိန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်သင့် ပါတယ်။ လတ်တလော အနေနဲ့ သုံးစွဲဖို့ မသင့်သေးဘဲ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဆောင်ရွက်သွားဖို့လိုတဲ့ အတွက် ခေတ္တဆိုင်းငံ့ ထားပြီး ကျယ်ပြန့်စွာ လေ့လာ သုံးသပ်ပြီးမှ ဆောင်ရွက်သင့် ပါတယ် ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဦးမင်းထွန်း က လွှတ်တော်တွင် ဇွန်လ (၉) ရက် နေ့က PR ကို ဆိုင်းငံ့ထားရန် ပြောကြားခဲ့သေးသည်။ သို့ရာတွင် မဲအင်အားမမျှ၍ အရှုံးပေးခဲ့ရသည်။ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး အင်တိုက်အားတိုက် ဆောင်ရွက် နေချိန်တွင် PR စနစ်အား တင်ခြင်းကြောင့် ဟိုဘက် ဒီဘက် အလျှော့မပေးဘဲ အားပြိုင်လာပါကကြားတွင် တိုင်းရင်းသားပါတီ များသာ နစ်နာ မည်ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ အေးမောင်က ပြည်တွင်းမီဒီယာ တစ်ခုအား ပြောကြားထားသည်။

Messenger News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template