
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဟာ ရန်ကုန် ဗဟန်း မြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဒီကနေ့ ကြွရောက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ကြောင်း၊ ရဟန်းသံဃာတော်တွေဟာလည်း နိုင်ငံသားတွေဖြစ်တဲ့အတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးတာဟာ ရဟန်းအလုပ် ရဟန်းလုပ် တာ ဖြစ်ကြောင်း အရှင်ဆန္ဒာဓိက က မိန့်ကြားပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအတွက်လည်း မွေးနေ့ ဆုတောင်း မိန့်ကြားခဲ့ပါတယ်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်ပြည့် မွေးနေ့အကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်း တင်ပြထားပါတယ်။