၊Dawei Watch၊ ထားဝယ်၊
ဇွန် ၂၀
တနင်္သာရီတိုင်ဒေသကြီးအတွင်း
ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ကား ၃၃ စီးကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း
အိတ်ဖွင့်တင်ဒါ ရောင်းချရေး ကော်မတီထံမှ သိရသည်။
အထက်ပါတင်ဒါ အဆိုပြုလွှာဖွင့်ပွဲကို
လာမည့် ဇူလိုင်လ ၇ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး
အဆိုပြုပုံစံကို ဇွန် ၂၃ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ရုံးချိန်အတွင်း တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ကြောင်း ယင်းကော်မတီက အသိပေးထားသည်။
ယင်းမော်တော်ကား ၃၃
စီးအနက် ထားဝယ်မြို့နယ် တရားရုံးဝင်းတွင် ၁၉ စီး၊ မြိတ်မြို့နယ် တရားရုံးဝင်းတွင် ၉
စီးနှင့် ကော့သောင်းမြို့နယ် တရားရုံးဝင်းတွင် ၅ စီး အသီးသီး ထိန်းသိမ်းထားကြောင်း
သိရသည်။
ယာဉ်များကို လက်ရှိမျက်မြင်
အခြေအနေအတိုင်း အပြီးအပိုင် ရောင်းချခြင်းဖြစ်၍ တင်ဒါ အောင်မြင်သူသည် ယာဉ်များ ထိန်းသိမ်းထားသည့်
သတ်မှတ်နေရာများတွင် ၇ ရက်အတွင်း ကိုယ်တိုင် ထုတ်ယူရမည်ဟု အိတ်ဖွင့် တင်ဒါဈေးနှုန်း
ပေးသွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တင်ဒါအောင်မြင်သည့်
မော်တော်ယာဉ်အား တင်ဒါအောင်မြင်သည့်နေ့မှ ၆ လအတွင်း သက်ဆိုင်ရာ ကုန်းလမ်း ပို့ဆောင်ရေး
ညွန်ကြားမှုဦးစီးဌာနတွင် ယာဉ်မှတ်ပုံတင်ပြုလုပ်ရမည် ဖြစ်သည်။
Dawei Watch