လုပ်ခလစာ နည်းပါးတာတွေက ဆန္ဒပြမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တယ်လို့ဆို (Credit: ABC) |
Verisk Maplecroft’s Labour Costs Index လို့ခေါ်တဲ့ အလုပ်သမားခ ညွန်းတမ်းမှာ ဖော်ပြထားတာပါ။
အဲဒီ ကုမ္ပဏီက နိုင်ငံပေါင်း ၁၇၁ နိုင်ငံရဲ့ အလုပ်သမားလစာတွေ၊ အလုပ်သမား ဥပဒေတွေ၊ လူမှုအထောက်အပံ့တွေကို ကြည့်ပြီး အဆင့် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။
အဲဒီမှာ မြန်မာ အလုပ်သမားတွေဟာ ကမ္ဘာ့ဈေးအပေါဆုံး အလုပ်သမားတွေဖြစ်တယ်လို့ ဖော်ပြထားပြီး အောက်ဆုံးက အဆင့် ၁၇၁ မှာ ရှိနေပါတယ်။
မြန်မာ အလုပ်သမားတွေ နီးပါးလောက် လုပ်အားခ ဈေးပေါတဲ့ နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယားတို့ဖြစ်ပါတယ်။
လုပ်အားခ လစာနည်းတယ်ဆိုတဲ့ တရုတ်နိုင်ငံကတောင် အဆင့် ၆၄ မှာ ရှိပါတယ်။
တရုတ်နိုင်ငံက အလုပ်သမားတွေရဲ့ ပျမ်းမျှ လစာက တစ်လကို အမေရိကန် ဒေါ်လာ ၄၅၀ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ အမေရိကန် ဒေါ်လာ ၁၀၀ တောင် မပြည့်ဘူးလို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံက ပျမ်းမျှ လစာကတော့ ဒေါ်လာ သုံးထောင်ကျော်ရှိပါတယ်။
ဒါ့အပြင် မြန်မာအလုပ်ရှင်တွေက အလုပ်သမားတွေရဲ့ လူမှုအထောက်အပံ့တွေ ပေးစရာ မလိုဘူးလို့လည်း ဆိုပါတယ်။ လုပ်အားခ အရနည်းတာတွေနဲ့ လူမှုထောက်ပံ့ကြေးမရခြင်းရဲ့ ဆိုးကျိုးကတော့ အလုပ်သမားတွေနဲ့ သူတို့ မိသားစုအတွက် ကျန်းမာရေးနဲ့ လူမှု ဖူလုံမှု နည်းပါးတာတွေ၊ လုပ်ကိုင်ရတဲ့ အခြေအနေ ဆိုးတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဆန္ဒပြမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးတွေကတော့ လုပ်အားခ လစာနည်းတဲ့အတွက် ပြည်ပက ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံလို့ အလုပ်အကိုင် များပြားလာနိုင်တယ်လို့ ပြောပါတယ်။ အနောက်ဥရောပ နိုင်ငံတွေရဲ့ လုပ်အားခက ဈေးများပြီး အီတလီနဲ့ ပြင်သစ်နိုင်ငံကတော့ အလုပ်သမားခ ဈေးအများဆုံး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ABC Radio Australia