Headlines News :
Home » » အလုပ်သမားခေါင်းဆောင် ၂ ဦးကို နိုင်ငံအကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

အလုပ်သမားခေါင်းဆောင် ၂ ဦးကို နိုင်ငံအကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

Written By လွင့်မောင်မောင် on Monday, February 23, 2015 | 9:53 PM

 
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုံက အထည်ချုပ်အလုပ်သမားသပိတ်ခေါင်းဆောင်နှစ်ဦးကို အစိုးရက နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီး လာမယ့် လဆန်းပိုင်းမှာ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF) ၀င် ကိုနိုင်လင်းအောင်က “ကိုနိုင်ဌေးလွင်ကို မတ်လ ၃ ရက်နေ့ရုံးထုတ်မယ်၊ ကိုမျိုးမင်းမင်းကို မတ်လ ၆ ရက်နေ့ရုံးထုတ်မယ်။ သူတို့နှစ်ယောက် စလုံးကို ၅၀၅ (ခ) နဲ့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်မယ်။ အဖမ်းခံရတဲ့သူ ၂ ယောက်ရဲ့ အလုပ်သမားအဖွဲ့အစည်းနဲ့ မိသားစုတွေက ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဒီကနေ့ သွားမေးကြတာပါ” လို့ ပြောပါတယ်။

ကိုမျိုးမင်းမင်းဟာ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားအဖွဲ့ဥက္ကဋ္ဌဖြစ်ပြီး E.Land Myanmar စက်ရုံကဖြစ်ပါတယ်။ ကိုနိုင်ဌေးလွင်ဟာ Ford Glory စက်ရုံက အလုပ်သမားခေါင်းဆောင် ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ပျောက်ဆုံးနေရာက ရဲကဖမ်းပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်ဆိုတာ မနေ့က ရွှေပြည်သာအုပ်ချုပ်ရေးမှူးရုံး ညှိနှိုင်းပွဲမှာ အလုပ်သမားတွေက သိကြတာဖြစ်ပါတယ်။ သောကြာနေ့က ဖမ်းဆီးတဲ့ အလုပ်သမား ၈ ဦးကိုလည်း စနေနေ့မနက်မှာ လွှတ်ပေးပြီးပြီလို့ အစိုးရဘက်က ပြောဆိုပြီး ဂျာနယ်တွေမှာ အလုပ်သမား ၁၀၀ ကျော် ဖမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။

ညှိနှိုင်းပွဲမှာ Costec International၊  Ford Glory နဲ့  E-land Myanmar တို့က ကိုယ်စားလှယ် ငါးဦးစီ ၁၅  ဦးနဲ့ မြို့နယ်အလုပ်သမားဦးစီးအရာရှိတွေ လုပ်ခလစာတိုးမြှင့်ရေးတောင်းဆိုချက်ကို ညှိကြရာမှာ အဆင်ပြေမှု မရခဲ့ပါဘူး။

တနင်္ဂနွေနေ့ ဆွေးနွေးပွဲမှာ တက်ရောက်တဲ့ E.Land Myanmar စက်ရုံက မခင်မျိုးဦးက “မနေ့က ညှိနှိုင်းပွဲကို သွားပါတယ်။ အဆင်မပြေဘူး။ အရင်က day ကြေး ၄၀၀ ပေးတဲ့ ၁၂၀၀၀ (တလ)၊ မနေ့က  day ကြေးကို ၁၅၀ ထပ်တိုးပေးတယ်။ ၅၅၀ ကျပ်၊ တလ ၁၃၅၀၀ ကျပ်ပေါ့။ ဒါပေမယ့် အများအမြင်မှာ တိုးပေးတယ်လို့ မြင်အောင်မို့လို့ ၅၅၀ ဖြစ်သွားတယ်။ ဒါပေမယ့် ရှိပြီးသား၊ ပေးပြီးသား ရက်မှန်ကြေး ၈၀၀၀ နေရာမှာ ၃၀၀၀ ကို သူတို့နုတ်လိုက်တယ်။ ၅၀၀၀ ပဲထားမယ်ဆိုပြီး ပြန်ဖြတ်လိုက်တယ်။ ဘဲစား ဘဲချေဖြစ်သွားတယ်။ ”

“ကျမတို့ တိုးတောင်းတာ သုံးသောင်းဆိုပေမယ့် ယတိပြတ်ကြီး မဟုတ်ပါဘူး။ အလုပ်ရှင်ဘက်လည်း ငဲ့ပါတယ်။ ဟိုဘက်၊ ဒီဘက် day ကြေးမကြီး မပေးနဲ့၊ ပေးရင် အချိန်ပိုကြေး အရမ်းမြင့်သွားမှာစိုးလို့။ တခြားထဲမှာ ထည့်ပေးပါ၊ ဥပမာ day ကြေးထဲက နည်းနည်း၊ ရှားပါးစရိတ်ထဲက နည်းနည်း၊ အဲလို နှစ်ခု မျှပေးလို့ပြောတာ၊ day ကြေးတခုပဲပေးတယ် ကျန်တာ တခုမှ မပေးဘူး။” လို့ ပြောပါတယ်။

အလုပ်သမားကိုယ်စားလှယ်တွေက အလုပ်သမားခေါင်းဆောင် ခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို လွှတ်ပေးပါလို့ တောင်းဆိုခဲ့ကြပါတယ်။

အထည်ချုပ်စက်ရုံလုပ်သားတွေဟာ အလုပ်ချိန် တရက်ရှစ်နာရီအပြင် တနင်္လာနေ့ကနေ သောကြာနေ့ထိ အချိန်ပို ၃ နာရီ ဆင်းကြရလေ့ရှိပြီး စနေနေ့မှာ အချိန်ပို ၄ နာရီ ဆင်းကြရပါတယ်။

သူတို့ရဲ့ လစဟာ အလယ်အလတ်တန်းအဆင့် လုပ်သားတဦးအတွက် တလကို ကျပ် ကိုးသောင်းကနေ တသိန်း ၂ သောင်းခန့် ကြား ရရှိကြတယ်လို့ သိရပါတယ်။

ဒီကနေ့    E.Land Myanmar အထည်ချုပ်စက်ရုံရှေ့မှာ စက်ရုံ ၃ ရုံစလုံးက အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြအလုပ်သမားတဦးက သူတို့ ခေါင်းဆောင်တွေကို လွှတ်ပေးမှသာ ဆက်လက်ညှိနှိုင်းမယ်လို့ ပြောပါတယ်။

“ကိုနိုင်ဌေးလွင်နဲ့ ကိုမင်းမင်း သူတို့နှစ်ယောက်ကို ပြန်လွှတ်မှ ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ သိမယ်။ နောက်တခုက အဲဒီကိစ္စပြီးမှ ကျန်တဲ့ ကိစ္စကို ညှိနှိုင်းမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုံအတွင်းက Costec International၊ Ford Glory နဲ့ E-land Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားနှစ်ထောင်ကျော်ဟာ လစာတိုးမြှင့်ရရေးအတွက် ဆန္ဒပြသပိတ်မှောက်နေတာ တလနီးပါးရှိပြီ ဖြစ်ပါတယ်။

လစာတိုးမြှင့်ရရှိရေးတောင်းဆိုချက်အပေါ် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်နဲ့အလုပ်သမားတွေ ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက်မရကြသေးပါဘူး။ ဒီလ လလယ်ပိုင်းက စက်ရုံကို သပိတ်မှောက်သမားတွေက ပိတ်ဆို့ ဆန္ဒပြကြပြီးနောက် ရဲတပ်ဖွဲ့က သောကြာနေ့ညနေမှာ ဆန္ဒပြသမားတွေကို ဖယ်ရှားခဲ့ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဘက် ထိခိုက်မှုဖြစ်ခဲ့ပါတယ်။

ရွှေပြည်သာ စက်မှုဇုန်အတွင်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေသလို လှိုင်သာယာ စက်မှုဇုန်တွင်း မှာလည်း ဆန္ဒပြမှုတွေ ကြုံတွေ့နေရပါတယ်။

သမတရဲ့ လစာဟာ ကျပ်ငွေ သိန်းငါးဆယ်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်အမတ်ရဲ့ လစာငွေက ကျပ်ငွေ ဆယ်သိန်းဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်သူတွေကတော့ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်နိုင်တဲ့အခါ ပြသနာတချို့ ပြေလည်စေမှာဖြစ်ပေမယ့် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပြီးတဲ့အခါ ကျွမ်းကျင်မှုအလိုက် လစာတွေကိုပါ ပြဌာန်းသင့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ အစိုးရ၊ အလုပ်ရှင်နဲ့။ အလုပ်သမားတွေ အနိမ့်ဆုံးအခကြေးငွေတရပ်သတ်မှတ်ရေး အတွက် စုပေါင်းကြိုးပမ်းနေပြီး လာမယ့် အောက်တိုဘာလလောက်မှာ သတ်မှတ်နှုန်းထားတရပ် ထွက်ပေါ် လာဖွယ်ရှိပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template