ပြင်သစ်နိုင်ငံ ပဲရစ်မြို့ပေါ်ကို မောင်းသူမဲ့ drone လေယာဉ်ပျံ
ငယ်လေးတွေ စေလွတ်မှုနဲ့ ပတ်သက်ပြီး သတင်းသမား ၃ ယောက်
ဖမ်းဆီးခံနေရပါတယ်။
အဲဒီ သတင်းသမားတွေဟာ Al Jazeera သတင်းသမားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
တစ်ယောက်ကတော့ drone ကို ထိန်းချုပ်မှုနဲ့ ဖမ်းဆီးခံရပြီး
ဒုတိယတစ်ယောက်ကတော့ ဗီဒီယို ရိုက်ကူးမှုနဲ့ နောက်တစ်ယောက်ကတော့
စောင့်ကြည့်မှု လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရတာပါ။
ပဲရစ်စ် မြို့ပေါ်မှာ လွန်ခဲ့တဲ့ ရက်တွေအတွင်း drone တွေကို
တွေ့နေရပြီး တချို့ drone တွေက နျူကလီးယား စွမ်းအင်စက်ရုံ၊ အမေရိကန်
သံရုံးနဲ့ Eiffel တာဝါမျှော်စင်လို အထင်ကရ နေရာတွေအပေါ်
ပျံသန်းတဲ့အတွက် ပြင်သစ် အစိုးရက စုံစမ်းနေတာ ဖြစ်ပါတယ်။
ပဲရစ်စ်မြို့မှာ drone တွေကို ပျံသန်းခွင့် မပေးထားသလို အခုလို
အကြမ်းဖက်မှု အန္တရာယ် စိုးရိမ်ရတဲ့ အချိန်မှာ drone တွေကို
တွေ့ရှိတာကြောင့် အထူး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
အဲဒီ သတင်းသမားတွေဟာ အသက် ၃၄၊ ၅၂ နဲ့ ၆၈ နှစ် ရှိတယ်လို့သာ
သိရပြီး ဘာနိုင်ငံသားတွေ ဖြစ်ကြသလဲ ဆိုတာကို မပြောပြသလို အဲဒီ
သတင်းသမားတွေရဲ့ နာမည်ကိုလည်း ဖော်ပြခြင်း မရှိသေးပါဘူး။
ABC Radio Australia