Headlines News :
Home » » ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ရမ္မဇူ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား လူထုထောက်ခံမှု အပြည့်အ၀ ရရှိကြောင်း လျှပ်စစ်စွမ်းအား ဒုဝန်ကြီး၏ ပြောကြားမှုမှာ ဒေသခံများ၏ သဘောထားအပေါ် အလေးမထားဘဲ ဗြောင်လိမ်ခြင်းဖြစ်ကြောင်း ဒေသခံများ တုံ့ပြန်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ရမ္မဇူ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား လူထုထောက်ခံမှု အပြည့်အ၀ ရရှိကြောင်း လျှပ်စစ်စွမ်းအား ဒုဝန်ကြီး၏ ပြောကြားမှုမှာ ဒေသခံများ၏ သဘောထားအပေါ် အလေးမထားဘဲ ဗြောင်လိမ်ခြင်းဖြစ်ကြောင်း ဒေသခံများ တုံ့ပြန်

Written By Live100 on Sunday, March 6, 2016 | 10:24 PM





တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာအနီး ရမ္မဇူဒေသတွင် 24 Hour Mining & Industry Company Limited မှတည်ဆောက်မည့် ကျောက်မီးသွေး အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း (မဂ္ဂါဝပ် ၅၀၀) အားလူထုမှ ဆန့်ကျင်ကန့်ကွက်ခြင်း မရှိသည့်အပြင် ထောက်ခံဆန္ဒထုတ်ဖော်မှုများပင် ပြုလုပ်ခဲ့သဖြင့် လူထုထောက်ခံမှု အပြည့်အ၀ ရရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ဖေဖော်ဝါရီ ၂၇ ရက် မြန်မာ့အသံနှင့် အင်တာဗျူး တွေ့ဆုံရာတွင် ပြောကြားခဲ့မှုမှာ အောက်ခြေ၌ ဖြစ်ပျက်နေသည့် ပြည်သူများ၏ သဘောထားအပေါ် အလေးမထားဘဲ မျက်ကွယ်ပြု၍ ဗြောင်လိမ်လည်ကာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်း တည်ဆောက်မည့် ဧရိယာအနီးရှိ ဒေသခံများက ပြောကြားသည်။

မတ်လ ၁ ရက်နေ့ထုတ် 7 Days သတင်းစာ စာမျက်နှာ ၆ တွင်ပါရှိသည့် လောင်းလုံးကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်း သဘောတူ လက်မှတ်ရေးထိုး ခေါင်းစဉ်ပါ သတင်းအတွင်း၌ ပါရှိသည့် “စီမံကိန်း အကောင်အထည်ဖော်ရေးကို လူထုက ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း မရှိသည့်အပြင် ထောက်ခံကြောင်း၊ ဆန္ဒထုတ်ဖော်မှုများပင် ပြုလုပ်ခဲ့သဖြင့် လူထုထောက်ခံမှု အပြည့်အ၀ ရရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာ့အသံနှင့် အင်တာဗျူးတွေ့ဆုံရာတွင် ပြောကြားခဲ့သည်” ဟု ဖော်ပြချက်အပေါ် ဒေသခံများက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“၀န်ကြီးတစ်ယောက်လုပ်ပြီး အောက်ခြေမှာ ဖြစ်နေတဲ့ အခြေအနေ အမှန်ကို မလေ့လာဘဲ အခုလိုပြောတာ လုံးဝမဖြစ်သင့်ဘူး။ ဒါကပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး အလေးမထားတာပါပဲ။ MoU ထိုးတယ်ဆိုတာလည်း အောက်ခြေမှာ ဖြစ်နေတဲ့ဟာကို သေချာလေ့လာပြီးမှ လုပ်သင့်တယ်။ ပြီးတော့ အခုလို အစိုးရနှစ်ခုအကြား စပ်ကူးမပ်ကူးကာလမှာ အလျင်စလို လက်မှတ်ထိုးတာက လုံးဝမဖြစ်သင့်ဘူး။ ၀န်ကြီးပြောတဲ့ စကားအရ ဒီစီမံကိန်း (ရမ္မဇူ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ) ကို ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲမှာ ဒေသခံရွာသား ၁၀ ယောက်လောက်ပဲပါတယ်။ ကျန်တဲ့သူတွေက အခြားနေရာကနေ ကားတွေနဲ့ခေါ်လာတာ။ အချို့ဆို ဆန္ဒပြပွဲ လုပ်မယ်ဆိုတာ မသိဘဲ လိုက်လာတာ ရှိသေးတယ်။ အဲဒီထောက်ခံဆန္ဒပြပွဲကိုပဲမြင်ပြီး ရွာသားတွေ အင်အားရာချီ ကန့်ကွက်ဆန္ဒပြတာကိုတော့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေ မမြင်ဘူးလား မသိဘူး။ စီမံကိန်းကို လူထုက ဆန့်ကျင်ကန့်ကွက်ခြင်း မရှိဘူးဆိုတာ ပြည်သူကို ဗြောင်လိမ်တာပဲ။ နိုင်ငံရဲ့ ၀န်ကြီးနေရာမှာ နေတဲ့သူက ဒီလိုပြောတယ်ဆိုတော့ ဒီလိုလူကို တာဝန်ကြီးတဲ့နေရာမှာ ပေးထားတဲ့ လက်ရှိအစိုးရကို အရမ်းအံ့သြမိတယ်။ ဒီစီမံကိန်းကို လူထုထောက်ခံမှု အပြည့်အ၀ရတယ်လို့ပြောတဲ့ ၀န်ကြီးနဲ့ ထိပ်တိုက်တွေ့ပြီး ဒေသခံတွေရဲ့ သဘောထားတွေကို ပြောပြချင်တယ်” ဟု စီမံကိန်း တည်ဆောက်မည့် နေရာအနီးရှိ သကျက်တောရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးစစ်ထွန်းက ပြောကြားသည်။

ထို့ပြင် ယင်းစီမံကိန်း ဆောင်ရွက်မည့် ကိစ္စကို ကန့်ကွက်ရန် လာမည့်အစိုးရသစ် လက်ထက်တွင် တရားဥပဒေဘောင်အတွင်းမှနေ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း လုံးဝဆောင်ရွက်ခြင်း မပြုနိုင်သည်အထိ ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးစစ်ထွန်းက ပြောကြားသည်။

မတ်လ ၁ ရက်နေ့ထုတ် 7Days သတင်းစာပါ လောင်းလုံး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်သည့် သတင်း၌ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အစိုးရ ကိုယ်စားလှယ် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် မြန်မာကုမ္ပဏီHour Mining and Industry Company limited၊ ကိုရီးယားနိုင်ငံ အခြေစိုက် Truben Investment ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းမှ လျှပ်စစ်စွမ်းအား မဂ္ဂါဝပ် ၅၀၀ ထုတ်ယူမည်ဖြစ်ပြီး စီမံကိန်း ကုန်ကျစရိတ်အတွက် မြန်မာကုမ္ပဏီနှင့် ကိုရီးယား ကုမ္ပဏီတို့က အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် နားလည်မှု စာချွန်လွှာကို ၂၀၁၂ တွင်လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက် စာချုပ်ကို ၂၀၁၆ တွင်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလ နှစ် ၂၀ ကြာမြင့်မည်ဖြစ်သည်ဟု ရေးသားဖော်ပြထားခဲ့သည်။ စီမံကိန်း ဆောင်ရွက်မည့်ကိစ္စနှင့် ပတ်သက်၍ သကျက်တော ဒေသခံများက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က အင်အား ၇၀၀ ကျော်ဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် စီမံကိန်း ဧရိယာအတွင်းမှ ဒေသခံ အနည်းငယ်သာ ပါဝင်သော ၎င်းစီမံကိန်းအား ထောက်ခံသည့် အုပ်စုမှ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ဒေသခံ မဟုတ်သူများကို ကားများဖြင့်ခေါ်ဆောင်လာကာ သကျက်တောရွာ၌ အင်အား ၃၀၀ ခန့်ဖြင့် စီမံကိန်းအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ရမ္မဇူ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် နေရာမှာ ထားဝယ်မြို့မှ တောင်ဘက် ၃၂ မိုင်ခန့်အကွာ သကျက်တောရွာ အနီးတွင် တည်ရှိပြီး စီမံကိန်း ပြုလုပ်မည့် ရမ္မဇူဒေသသို့ သကျက်တောရွာမှ ငါးမိုင်ခန့်ဝေးကာ နှစ်နာရီခန့် သွားရကြောင်း၊ သကျက်တော၊ ရဘဲနှင့် ကျောက်ပုံကျေးရွာတို့ မှာ အိမ်ခြေ ၉၀၀ ခန့်ရှိကာ စီမံကိန်း ဆောင်ရွက်မည့်နေရာမှာ ဒေသခံများ၏ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရာ တစ်ခုတည်းသောနေရာဖြစ်ကြောင်း သိရသည်။

စီမံကိန်းအား လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ 24 Hour Mining & Industry Com-pany Limited၊ Turben Investment Co.,Ltd (ကိုရီးယား) နှင့် Global Power Generating limited (စင်ကာပူ) တို့မှ ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး နှစ် ၃၀ သက်တမ်းရှိမည့် ယင်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၅၀ သန်းဖြစ်ကြောင်း၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

Writer:
ဖြိုးဇင် (ထားဝယ်)
Eleven Media Group Local News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template