နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ အပေးအယူ လုပ်မှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် စစ်တပ်က မတ် ၁၁ ရက်နေ့မှာ ပြောပါတယ်။
စစ်သွေးကြွအဖွဲ့က ကနေဒါ ၂ ဦး၊ နော်ဝေ ၁ ဦးနဲ့ ဖိလစ်ပိုင် အမျိုးသမီး ၁ ဦးတို့ကို ပြန်ပေးဆွဲထားတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဗွီဒီယို တင်ထားပြီး သူတို့ တောင်းဆိုချက်တွေကို အစိုးရက တလအတွင်း မလိုက်လျှောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
လူလေးယောက်ကို မနှစ်စက်တင်ဘာလတုန်းက ကမ်းခြေ အပမ်းဖြေရိပ်သာ တခုကနေ ပြန်ပေးဆွဲသွားပြီး အခုအခါမှာ ဂျိုလို ကျွန်းပေါ်က တောနက်ထဲမှာ ဖမ်းထားတာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဂျိုလိုကျွန်းဟာ အဘူဆာရစ် စစ်သွေးကြွအုပ်စုရဲ့ အခိုင်အမာ အခြေစိုက်စခန်း ဖြစ်ပါတယ်။
ဖိလစ်ပိုင် စစ်တပ်ရဲ့ ပြောခွင့်ရသူ ရက်စတီတူတို ပါဒဲလာက ဖေ့စ်ဘွတ်ခ်ပေါ်က ဗွီဒီယိုကို ကြည့်ပြီး ဖြစ်ပေမယ့် စစ်တပ်ရဲ့  ရပ်တည်ချက်ကတော့ အပြောင်းအလဲ မရှိဘူးလို့ ပြောပါတယ်။
ပြန်ပေးသမားတွေနဲ့ အပေးအယူလုပ်သွားမှာ မဟုတ်ဘဲ တောင်းထားတဲ့ ငွေကိုလည်း ပေးသွားဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
ပြန်ပေးဆွဲခံထားရတဲ့ လူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေတာ နီးစပ်နေတဲ့အကြောင်း ပြောပေမယ့် အသေးစိတ် အစီအစဉ်တွေကိုတော့ မပြောပါဘူး။
အကြမ်းဖက်အဖွဲ့က တင်ထားတဲ့ ဗွီဒီယိုမှာ ပြန်ပေးဆွဲခံထားရသူတယောက်က အမေရိကန် ဒေါ်လာ ၂၁ သန်းနဲ့ ညီမျှတဲ့ ဖိလစ်ပိုင်ငွေကို ပြန်ပေးသမားတွေက လိုချင်တဲ့အကြောင်း ပြောထားပါတယ်။
အဘူဆာရစ် အုပ်စုဟာ နယ်သာလန် နိုင်ငံသား ၁ ဦး၊ ဂျပန် ၁ ဦး၊ အီတလီ သာသနာပြု ၁ ဦး အပါအ၀င် တခြား နိုင်ငံခြားသားတွေကိုလည်း ပြန်ပေးဆွဲထားပါတယ်။
DVB